နယ်စပ်ဒေသများတွင် စိုက်ပျိုးသည့် ကြံများ တရုတ်ဘက်တင်ပို့ရာတွင် Green Line ရရှိရန်လိုအပ်

ရွှေမန်း

ရှမ်းပြည်နယ်၊နယ်စပ်ဒေသများတွင် စိုက်ပျိုးသည့် ကြံများကို တရုတ်ဘက်သို့ တင်ပို့ရာတွင် ကြံ့ကြာမှုမရှိဘဲ ကုန်သွယ်မှု လျင်မြန်ရန်လိုအပ်သဖြင့် Green Line မှ ကြံတင်ဆောင်သည့်ယာဉ်များဝင်ထွက်ခွင့်ရရှိရေး အတွက် သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှတင်ပြခဲ့ကြောင်း ယင်းအသင်းမှ ဒုဥက္ကဌ ဦးဝင်းဌေးကပြောသည်။

တရုတ်ဘက်သို့ ကြံတင်ပို့မှု စာရင်းများအရ ကြံတန်ချိန် အများဆုံး ၁၀ သိန်းဝန်းကျင်ထိ တင်ပို့နိုင်ခဲ့ကာ နယ်စပ်မှ စိုက်ပျိုးထွက်ရှိသမျှ ကြံကို ဝယ်ယူနေခြင်းဖြစ်၍ ကြံစိုက်ဧကများပြားမှုကြောင့် ကြံထွက်နုန်းလည်း များပြားကြောင်းသိရသည်။

“တရုတ်သကြားစက်တွေနဲ့နီးလို့ အဲဒီကို ပို့တယ်။ထွက်သလောက်ဝယ်ပြီး စိုက်ဖို့ မျိုး လည်းထုတ်ပေးတယ်။ ကိုဗစ်စည်းကမ်းတွေကြောင့် ဂိတ်တွေက အဝင်မခံတာ။မနှစ်ကကိုဗစ်စည်းကမ်းတွေကြောင့် ထင်သလောက် မပို့ နိုင်ခဲ့ဘူး။ဒါကြောင့် ဒီနှစ်မှာကြံသီးနှံကို တရုတ်ဘက် Green Line နဲ့ တင်ပို့နိုင်အောင် နှစ်နိုင်ငံအစည်း အဝေးတွေမှာ အဓိကဆွေးနွေးပေးဖို့ သက်ဆိုင်ရာကို တင်ပြထားတယ်”ဟု၎င်းကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် တရုတ်နိုင်ငံ တယ်ဟုန်း ပြည်နယ်မှ တာဝန်ရှိသူများ၊ကုန်သည်ကြီးများနှင့် အောက်တိုဘာ ၁၈ ရက်က အွန်လိုင်းဖြင့် တွေ့ဆုံဆွေးနွေး ခဲ့ရာ ကြံကို Green Line မှ တင်ပို့နိုင်ရေးနှင့် နယ်စပ်ကုန်သွယ်မှု တိုးတက်ကောင်းမွန်ရေးတို့ ဆွေးနွေးခဲ့ ကြောင်းသိရသည်။

“ကြံထွက် ရာသီရောက်တော့မှာဖြစ်လို့ ကြံတင်ဆောင်တဲ့ ယာဉ်တွေကို Green Line ပေးပြီး ဝင်ထွက်ခွင့်ပြု ရေး၊ကျယ်ခေါင်ဂိတ်ပြန်ဖွင့်လှစ်ရေး၊နှစ်နိုင်ငံကုန်သွယ်မှုတိုးတက်လာရေးအတွက် ကိုဗစ်စည်းကမ်းတွေ ဖြေ လျှော့ ပေးရေး စတဲ့အချက်တွေကို ဆွေးနွေးခဲ့ပါတယ်”ဟု စီးပွား/ကူးသန်းမှ တာဝန်ရှိသူကပြောသည်။

မြန်မာနိုင်ငံနယ်စပ်ဒေသများဖြစ်သည့် လောက်ကိုင်၊ချင်းရွှေဟော်၊နမ့်ခမ်း၊လွယ်ဂျယ်၊မူဆယ်တို့တွင် ဘိန်း အစားထိုးသီးနှံအဖြစ် ကြံများစိုက်ပျိုးလျက်ရှိရာ အထွက်နုန်းကောင်းသကဲ့သို့ တရုတ်ဘက်မှ သကြားစက်များ ၏ ဝယ်လိုအားရှိကြောင်း၊ကိုဗစ်စည်းကမ်းများကြောင့် ကြံတင်ပို့နိုင်မှုလျော့ကျမှုမရှိရေးအတွက် Green Line မှ ခွင့်ပြုပေးရေးမှာ လိုအပ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.