ကိုဗစ်နဲ့ တိုက်တန်းနစ်

ကောင်းဇော်

ကိုဗစ်ဖြစ်ခဲ့တဲ့သူဟာ တိုက်တန်းနစ်သင်္ဘောပေါ်မှာ လိုက်ပါ စီးနင်းမိတဲ့သူလိုပါပဲ။
သက်သာပျောက်ကင်းလာတဲ့သူ့ကို သင်္ဘောဦးမှာ ချစ်သူနဲ့အတူ လက်နှစ်ဖက်ဆန့်ရင်း ပျော်နေသူလို့ အများအမြင်မှာ မြင်ချင်မြင်နေနိုင်ပါတယ်။
အမှန်တကယ်က ရေခဲတောင်ထိပ်ပိုင်းနဲ့ တိုက်မိပြီး စီးပွားရေး၊ကျန်းမာရေးသင်္ဘောကြီးပျက်ကာ သမုဒ္ဒရာထဲ လက်ပစ်ကူးနေရတယ်လို့ ထင်မှာ မဟုတ်ပါဘူး။
တကယ်က အချိန်မရွေး နစ်မြုပ်သွားနိုင်သူတွေပါ။

“ခုဆို ကိုဗစ်သံကြားရင် ကိုယ့်ရှေ့မှာ လဲနေခဲ့တဲ့ အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ ကိုယ့်သမီးလေးကို ပြန် မြင်တယ်။ နောက်တကြိမ်ထပ်ဖြစ်ဖို့ လူအား ငွေအား အစစ ခံနိုင်ရည်အား မရှိတော့။ လူတိုင်း လူတိုင်းအတွက် စိုးရိမ်တယ်။ တကယ်တန်းဖြစ်ရင် တကယ်မလွယ်ပါ။ အတတ်နိင်ဆုံး မဖြစ်အောင် ကြိုးစားကာကွယ်ရမှာပါပဲ”လို့ ကိုဗစ်တတိယလှိုင်း delta မှာ သမီးလေးနဲ့အတူ အောက်ဆီဂျင် (၄၂)ရက် ရှူခဲ့ရတဲ့ မိခင်ဖြစ်သူ(ဒေါ်သူဇာ)က အခုထက်ထိခံစားနေရဆဲ စိုးရိမ်ပူပန်မှုနဲ့ အတူ ပြောပြပါတယ်။
ကိုဗစ်လှိုင်းတွေမှာ ပရဟိတလုပ်ငန်းကို စိတ်ရောကိုယ်ပါနှစ်မြုပ်ကူညီခဲ့သူတစ်ဦးက ကိုဗစ်နောက်ဆက်တွဲအခြေအနေတွေအပေါ် “မဟုတ်ရင် ​နေ​မကောင်းဖြစ်တုန်းအချိန်ကိုပဲ၊ ကိုဗစ်ပြန်ထွက်သွားသည်ထိ​လောက်ပဲ စိတ်ဝင်စားကြတာ။ တကယ်က ​​post covid အ​ခြေအ​နေဟာ Ice Burg (သမုဒ္ဒရာထဲက ရေခဲတောင်လိုပဲ)လိုဘဲ ရေပေါ်မှာ သေး​သေပဲမြင်​ပေမယ့်၊ ရေ​အောက်ကဟာဘယ်​လောက်ကြီးလဲမမြင်သလို။ ကိုဗစ်ဖြစ်အပြီး ခန္ဓာကိုယ်ထဲမှာ ဘယ်​လောက်ပျက်ဆီးအားနည်းပြီးကျန်ခဲ့မယ်ဆိုတာ ကြိုမသိနိုင်ပါဘူး။ မဖြစ်​အောင်ကို ကြိုတင်ကာကွယ်ကြဖို့ကအင်မတန်အ​​ရေးကြီး​တယ်”လို့ သုံးသပ်ပြပါတယ်။

သူ့ရဲ့ Post Covit(ကိုဗစ်နောက်ဆက် ကာလ) အခြေအနေတွေကို သမီးတွေနဲ့အတူ ကိုဗစ်ရောဂါကိုခံစားခဲ့ ဒေါ်သူဇာက “တလကျော် လဲနေပြီးတဲ့နောက်မှာတော့ အရင်ဆုံး တမိနစ်ချင်းတိုးပြီး လမ်းပြန်လျှောက်နိုင်ဖို့ ကျင့်ရတာပါပဲ။ ၂၀၂၁ ဇူလိုင် ၂၅ မှာ စ ဖြစ်ပြီး၊ ခုဆို တနှစ်ရှိပြီပေါ့။ ဒီတနှစ်အတွင်း လူကတော့ နေကောင်းနေပြီ။ အရင်လိုတော့ လူကောင်း ပြန်ဖြစ်မလာသေးပါဘူး” လို့ ဆိုပါတယ်။သူက ဆက်ပြီး “လဲနေချိန်မှာ ကိုယ်အလေးချိန် ၂၇ ပေါင် ကျသွားခဲ့တယ်။ ဒီတနှစ်မှာ (၇) ပေါင်ပဲ ပြန်တက်လာတယ်။ ကိုဗစ်အလွန်မှာ သိသာတာ က အရင်လို ခွန်အားမရှိတော့တာပဲ။ နည်းနည်းလုပ်ရင် များများ မောတယ်။ လမ်း မြန်မြန် မလျှောက်နိုင်ဘူး။ အသက်ရှူလို့ မကောင်းဘူး။ အောက်ဆီဂျင်တိုင်းကြည့်ရင် ၉၆ပဲ ရှိတယ်။ ခုဆို ဘေးစောင်းအိပ်မှပဲရပါတယ်။ ခဏတဖြုတ် ပက်လက်ဖြစ်သွားရင်ကို အသက်ရှူကြပ်တယ်။ ဓါတ်မှန်မှာတော့ အဆုတ်က ပျက်စီးတဲ့ အဆင့်တော့ မဟုတ်ဘူးလို့ သိရပါတယ်။ အားနည်းသွားပုံပါပဲ။ ပြီးတော့ ကိုဗစ်မှာ ကိုယ်ခံအားချဖို့ dexa သောက်ရတော့ ဆီးချိုတက်ခဲ့တယ်။ ကိုဗစ်အပြီးလည်း ဆီးချိုက ကျန်ခဲ့ပြီး ဆေးဆက်သောက်နေရပါတယ်။ နောက်တခုက ကိုဗစ်နဲ့ ဆိုင် မဆိုင် မသိပေမယ့် အလွန်မေ့တတ်သွားတာလည်း တခုပါ။ စွဲမြဲနေအောင် မှတ်ထားတာတွေက မမေ့ဘူး၊ ခုထား ခုမေ့ ဆိုတာတွေ ဖြစ်တာ။ ကိုဗစ်အတွင်း အိပ်ဆေးလည်း ၂လ နီးပါးညစဥ် သောက်ခဲ့ရတယ်လေ။ စိတ်ပူပင်သောကတွေ ကြောက်စိတ်တွေကြောင့် မအိပ်နိုင်တာလို့ သမားတော်ကြီးက ပြောပါတယ်”လို့ အရှည်ကြီးရှင်းပြပါတယ်။
ကိုဗစ်ဖြစ်ခဲ့သူ အခြားတစ်ဦးဖြစ်တဲ့ ဦးမြင့်ကလည်း ” အဓိကက ကိုဗစ်ရောဂါကနေ လွန်မြောက်လာပေမယ့်၊နောက်ဆက်တွဲက ရှိနေတော့တယ်။အဆုတ်က နဂိုမူလလောက်အားမကောင်းတော့ဘူး။အအေးမိမခံနိုင်ဘူး။ချောင်း မကြာခဏဆိုးချင်တယ်။အရှင်းမပျောက်ဘူး။နောက် ကိုဗစ်ဖြစ်တုန်းက ကိုယ်တွင်းကလီစာ​တွေ​ရောင်ရမ်းမှုနဲ့ ခုခံအားကိုကျဆင်း​စေ​တဲ့ (Dexa)ဆေးတွေ စားခဲ့ရတဲ့နောက် ဆိုက်အဖက်(Side Effect)က ဆီးချိုကို ဖြစ်စေတာပါ။အစားအသောက်ဆင်ခြင်ရတယ်။အနေအထိုင်သတိထားရတယ်။နောက်ထက် ရောဂါပိုး မကူးစက်အောင်ပိုပြီးသတိထားရတယ်။ဘာရောဂါဖြစ်ဖြစ်ပေါအလွယ်တကူ အကူးခံရနိုင်ချေများတယ်”လို့ ကိုဗစ်နောက်ဆက်တွဲဝေဒနာတွေ ဆက်ခံစားနေရရင်း ရှင်းပြပါတယ်။
Post Covid မှာ အလုပ်​တွေ၊ လူမှုဘဝ​တွေပါ ထိခိုက်ကုန်တာမို့ အလုပ်သိပ်မလုပ်နိုင်​တော့ဘူး။ လုပ်နိုင်လဲ စိတ်အားလူအား အရင်လိုမထည့်နိုင်​တော့ စိတ်ဓါတ်ကျတတ်လာတာ​တွေ၊ ကိုဗစ်ဒါဏ်ကိုခံလိုက်ရတဲ့ ဦး​နှောက်နဲ့ အာရုံ​ကြော​တွေအားနည်းသွားမှု​ကြောင့် ပါကင်ဆင်လိုရောဂါမျိုးတွေ စောဖြစ်လာနိုင်ချေတွေ ရှိနေပါတယ်လို့လည်း သိရပါတယ်။

သက်ကြီးပိုင်းတွေမှာသာမက ကိုဗစ်နောက်ဆက်တွဲတွေက လူငယ်တွေကိုလည်း ထိခိုက်ပါတယ်။
ကိုဗစ်လှိုင်းတွေမှာ အားစိုက်ကူညီပေးခဲ့တဲ့ မိတ်ဆွေက “လူငယ်တွေဆို အနာဂတ်တွေပါ ထိကုန်တာ၊ စိတ်ဒါဏ်ရာတွေလည်းရကြမှာ။ ကိုယ်တိုင် ခံရတာအပြင်၊ မိဘဆွေမျိုး ဖြစ်တာမှာ ထိုင်ကြည့်နေရသလို ဖြစ်ခဲ့ရတယ်။ ‘ဝ’တဲ့လူငယ်​တွေဆို ပိုဖြစ်ရှာတယ်။အဲဒါ​ကြောင့် လူငယ်​တွေ ကျန်းမာ​ရေးနဲ့ညီညွတ်စွာ​နေထိုင်ဖို့. Weight (ခန္ဓာကိုယ်အလေးချိန်)ကိုထိန်းညှိထားဖို့. လိုတယ်” လို့ ပြောပါတယ်။
သူကဆက်ပြီး လူငယ်တွေကို “လူငယ်​တွေကသိပ်မ​ကြောက်ကြဘူး။ အမှန်​တော့ လူငယ်​တွေလဲအင်မတန်သတိထားသင့်တာပါ။ ကိုဗစ်ဟာ များ​သောအားဖြင့်အဆုတ်ကိုအဓိကထားတိုက်ခိုက်တတ်တာ​ကြောင့် post covid မှာ အဆုတ်ဒါဏ်ရာ​တွေ၊ အမာရွတ်​တွေကျန်ရစ်နိုင်ပါတယ်။ ဒါ​တွေက နိုင်ငံခြားမှာ တ​နေ့အလုပ်သွားလုပ်ဘို့စိတ်ကူးခဲ့ရင် ​ဆေးစစ်ရာမှာ မ​အောင်မြင်နိုင်ပါဘူး။ အထူးသဖြင့် UAE လို Qatar လိုနိုင်ငံမျိုး​တွေဆို သူ့နိုင်ငံက​ဆေးရုံမှာ​ဆေးစစ်ပြီး​အောင်မှ အလုပ်လုပ်ခွင့် Visa ချ​ပေးတာပါ။ တီဘီငယ်ငယ်ကအပြင်းအထန်ဖြစ်ဘူးသူ​တွေ​တောင် အမာရွတ်ကျန်လို့ ​ဆေးကျတာမျိုးတွေ ရှိပါတယ်။ လူငယ်​တွေ အရှည်သဖြင့်ကိုစဥ်းစားပြီး ကိုဗစ်ရန်ကို ကာကွယ်ကြ​စေချင်ပါတယ်”လို့ အဝေးဆီကြည့်ရင်းဆက်ရှင်းပြပါတယ်။
ခေတ်အခြေအနေအရ ကြောက်စိတ်မရှိကြဖို့လိုသလို၊ ပိုကောင်းတဲ့အနာဂါတ်ဆီ အမြန်သွားနိုင်အောင်က ကျန်းမာသန်စွမ်းနေကြဖို့လည်း လိုပါတယ်။
မိစ္ဆာတွေက စုန်းစုန်းနစ်မြုပ်သွားစေချင်နေချိန်မှာ ရှင်သန်ဖို့ အားထုတ်ကြတာကလည်း ဉာဏ်ပညာပါပဲ။

Leave a Reply

Your email address will not be published.