ရွှေမန်း
ပြည်တွင်းသုံးပဲမာလိုင်း မှ ပဲကြီး၊ ပဲနီပြာ၊ ကျွန်းစားတော်ပဲ အနည်းငယ်ဈေးပြန်တက်လာသော်လည်း ပို့ကုန်ပဲများနှင့် မြေပဲဆန် အနယ်ငယ်ဈေးကျဆင်းနေကြောင်း ကုန်သည်များထံကသိရသည်။
ပို့ကုန်ပဲများတွင် မတ်ပဲမှာ တက်ရိပ်ပြနေသော်လည်း ပဲစင်းငုံး ဈေးငြိမ်အဝယ်အေးနေကြောင်း ပြည်တွင်းသုံး ပဲမာလိုင်းများ ဈေးကျဆင်းမှုမရှိသလို ပဲမာလိုင်းအချို့ အမြင့်ဈေးဖြစ်လာသလို ဈေးကွက်ပေါက်ဈေးအတိုင်း အရောင်းအဝယ်သွက်နေကြောင်း ၊ လက်ရှိ ပြည်တွင်း ပဲဆီဝယ်လိုအားနည်းသောကြောင့် မြေပဲဆန် အမျိုးအစားအလိုက် အငယ်ဈေးကျဆင်းလာကြောင်းရွှေစင်သိန်း ပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။
“ ပြည်တွင်း ပဲဆီဝယ်လိုအား အနည်းငယ် ကျဆင်းလာတာနဲ့ အတူ မြေပဲဆန် ဈေးတွေ လည်း အငယ်ကျဆင်းလာပါတယ်။ အရင် သီတင်းပတ်က ရှမ်းမြေပဲဆန်ဆိုရင် တစ်ပိဿာ ငွေကျပ် ၈၉၀၀-၉၀၀၀ ပေါက်ဈေးရှိနေတာကနေ လက်ရှိမှာ ငွေကျပ် ၈၄၀၀ သာပေါက်ဈေးရှိတော့တယ်။အညာမြေပဲဆန်တွေဆိုရင် တစ်ပိဿာငွေကျပ် ၉၇၀၀ ကနေ ၉၃၀၀-၉၄၀၀ သာပေါက်ဈေးရှိတော့တယ်။ ဈေးကျဆင်းရတာကတော့ မြေပဲဆီ အရောင်းအေးနေလို့ပါ။ ပြည်တွင်းသုံးကုလားပဲကလည်း ဒီကားလ မှာ စားသုံးကျဆင်းလို့ အရောင်းအေးနေပါတယ်။ ပဲမာလိုင်းမှာလည်း ပဲကြီး၊ ပဲနီပြာ၊ ကျွန်းစားတော်ပဲ အနည်းငယ်ဈေးပြန်တက်လာသလို အခြားပဲမာလိုင်းတွေကလည်း ဈေးကျဆင်းမှု မရှိတော့ပါဘူး။ လက်ရှိမှာ ပြည်တွင်းသုံးပဲတွေကတော့ ဈေးအတက်အကျ အနည်းငယ်ရှိသော်လည်း ပေါက်ဈေးအတိုင်း အရောင်းအဝယ်သွက်နေပါတယ်။ ပို့ကုန်ပဲတွေမှာ မတ်ပဲ၊ပဲစင်းငုံကတော့ အရောင်းအဝယ်အေးနေတာပါ ´´ ဟု ၎င်းက ပြောသည်။
ဇွန် ၉ ရက်တွင် ပို့ကုန်ပဲ များဖြစ်သည့် ပဲစင်းငုံ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀-၂၆၁၀၀၀၊ မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀ -၂၈၁၀၀၀၊ ပဲတီစိမ်း (အညာ) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀ ပေါက်ဈေးရှိနေ ပြီး မေလကုန်ပိုင်းထက် ဈေးကျဆင်းနေသည်။ပြည်တွင်းသုံးကုလားပဲ အုပ်စုမှာ မေလကုန်ပိုင်းရက်များထက် ဈေးအနည်းအတက် ရှိသော်လည်း အရောင်းအဝယ် အေးနေရာ V2 ကုလားပဲသုံးတင်းဝင်တစ်အိတ်လျှင် ငွေ ကျပ် ၂၆၆၀၀၀၊ V7 သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၆၈၀၀၀၊ ထိုင်ဝမ်ကုလားပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၄၈၀၀၀၊ 929 ကုလားပဲ သုံးတင်းဝင်တစ် အိတ်လျှင် ငွေကျပ် ၂၅၈၀၀၀ ပေါက်ဈေးရှိနေသည်။
ပြည်တွင်းသုံးပဲမာလိုင်းများ တွင် ပဲကြီး၊ကျွန်းစားတော်ပဲနှင့် ပဲနီပြာ တို့မှာ အမြင့်ဈေးတွင်ဆက်လက်ရှိနေရာ ဇွန် ၉ ရက်တွင် ပဲကြီး တစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀-၃၂၅၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၄၇၀၀၀၀- ၄၈၀၀၀၀၊ ပဲနီပြာ(ကျွန်း)တစ်အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀ ၊ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ်၃၂၅၀၀၀၊ မြေထောက်ပဲတစ် အိတ်လျှင် ငွေကျပ် ၃၁၅၀၀၀၊ စား တော်ပဲ(ကနေဒါ)တစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊ အသီးသီး ပေါက်ဈေးရှိနေသည်။
ပြည်တွင်း ပဲဆီ ရောင်းအားအနည်းငယ်ကျဆင်းမှုကြောင့် နှမ်းဈေးမျိုးစုံနှင့် မြေပဲဆန်များ အနည်းငယ်ကျဆင်းနေရာ နှမ်းနက် သုံးတင်း ဝင်တစ်အိတ်လျှင် ငွေကျပ် ၇၈၀၀၀၀၊ နှမ်းဖြူ(ဂျပန်)သုံး တင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၄၀၂၀၀၀၊ နှမ်းဖြူ(ဗမာ) သုံး တင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀၊ နှမ်းညို သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀၊ မြေပဲအနီလုံးဆန် တစ်ပိဿာ လျှင် ငွေကျပ် ၉၇၀၀-၁၀၀၀၀၊ မြေပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀၀-၁၈၅၀၀၊ ပဲဖတ် တစ်ပိဿာလျှင် ငွေကျပ် ၄၉၀၀-၄၉၅၀ အသီးသီး ပေါက်ဈေးရှိနေကြောင်း သိရသည်။
Leave a Reply