ကိုဗစ်သည် ဒေဝေါ မဟုတ်

ကောင်းဇော်

ကိုဗစ်က ဒေဝေါကြီးလာတော့မယ်၊ ဒေဝေါကြီး လာတော့မယ် ဆိုပြီး ကလေးတွေကို ဘာမှန်း မသိ၊ ညာမှန်းမသိ ခြောက်လှန့်နေတဲ့ အရာမဟုတ်ဘူး။
လာပြီဆို တကယ်လာမှာ။ တကယ်အန္တရာယ်ပေးမှာ။
ကလေးတွေတင်မက လူကြီးတွေပါ အန္တရာယ်ပေးမှာ။
ပြည်သူတွေတတ်နိုင်တာကလည်း ကြိုတင်ကာကွယ်တဲ့ နည်းလမ်းတွေ သုံးဖို့ပဲ တတ်နိုင်တာ။
ပြောရပေါင်းများလို့ လက်‌လည်းပေါက်၊ အာလည်းပေါက်နေပြီ။
နှာခေါင်းစည်း(Mask)တပ်ပါ။ အမြဲတပ်ပါ။ အခုအချိန်က စပြီး အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်တဲ့ အလေ့အထ ပြန်ကျင့်သုံးပါ။
လက်ကို စင်ကြယ်အောင် ဆေးပါ။ စိတ်ကို စင်ကြယ်အောင် ဆေးဖို့လိုတဲ့သူတွေကျ ဘယ်လိုပြောမလဲ အထွန့် မတက်ပါနဲ့။
အပြင်က ပြန်လာတဲ့အခါ လက်ကို ဆပ်ပြာနဲ့ စင်အောင်ဆေးပါ။
လူတဦးနဲ့တဦး ကိုဗစ်စည်းကမ်းတွေနဲ့အညီ ခပ်ခွာခွာနေပါ။ အန္တရာယ်တွေကြားမှာ နေတတ်ပါ။ မလိုအပ်ရင် လူများတဲ့ နေရာ ရှောင်ပါ။
ဒေဝေါက အချိန်မရွေးလာတနိုင်သလို ကိုဗစ်ကလည်း အကြောင်းသုံးပါး မရွေး လာနိုင်ပါတယ်။
လာလည်းလာနေတဲ့ အသံဗလံတွေ ကြားနေရပါပြီ။
ကျနော်တို့ရဲ့ ဒေါက်တာဉာဏ်က “ယခုနှစ် ဇူလိုင် (၁၁) ရက်နေ့မှာ ကိုဗစ်လူနာ အသစ် (၁၈၁၁) ဦး၊ ဇူလိုင် (၁၀) ရက်နေ့မှာ (၂၀၀၄) ဦး၊ ဇူလိုင် (၉) ရက်နေ့မှာ (၂၀၈၄) ဦး တွေ့ရှိထားကြောင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ပါးစပ် နှာခေါင်းစည်း တပ်ဆင်ခြင်း ဖြေလျော့ပေးမှု (Demasking)၊ ပြည်ပ ခရီးသွားလာမှု ဖြေလျော့ပေးခြင်းတို့ ပြုလုပ်နေချိန် အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ခုလို ကိုဗစ်လူနာ ဦးရေ မြင့်တက်လာတာမို့ ကာကွယ်ရေး နည်းလမ်းတွေကို မိမိ သိစိတ်အရ လိုက်နာကြဖို့ မေတ္တာရပ်ခံရပါတယ်။ “လို့ ထိုင်းအစိုးရ ပြည်သူ့ဆက်ဆံရေး ဌာနက ထုတ်ပြန်ထားချက်တွေကို ကိုးကားပြီး သူ့လူမှု ကွန်ယက်စာမျက်နှာကတဆင့် ကြိုတင်သတိပေးတာကို တွေ့ရပါတယ်။
သတင်းဌာနကြီး တခုရဲ့ ၂၀၂၂ခုနှစ် ဇူလိုင် ၁၁ရက်နေ့ သတင်းမှာလည်း ကိုဗစ်-၁၉ အရေးပေါ်ကာလ တိုးမြှင့်ထားတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၁,၈၁၁ ယောက် ရှိခဲ့ပြီး ၂၄ ယောက်ထပ်မံပြီးတော့ သေဆုံးခဲ့တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ ရက်ကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၂ ယောက်ရှိခဲ့တာမို့ သေဆုံးမှုနှုန်း လျော့ကျလာပေမယ့် ရောဂါကူးစက်မှုကတော့ ပိုတိုးလာခဲ့လာလို့ ဆိုပါတယ်”လို့ ဖော်ပြထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇူလိုင် ၁၀ ရက် ညပိုင်းသတင်းမှာ ( ၈-၇-၂၀၂၂)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၉-၇-၂၀၂၂)ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း တွေ့ရှိရသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၁၆) ဦး တွေ့တယ်လို့ ထုတ်ပြန်ပါတယ်။
သတိဆိုတာ ပိုတယ် လိုတယ် မရှိပါ။ တပိုင်တနိုင် တဦးချင်းရော မိသားစုတစုချင်းစီရော တတ်နိုင်တဲ့ ကျန်းမာရေးအသိနဲ့ ကြိုတင်ကာကွယ်တာတွေကို လုပ်နေကြရမှာဖြစ်ပါတယ်။
ဒေါက်တာဥာဏ်(မိသားစု ဆေးခန်း)က
“ယခင်နှစ်က Mask တပ်ကြလို့ ရာသီတုပ်ကွေး (Seasonal Flu) ကူးစက်မှု ကြဲသွားတာကို သတိထားမိခဲ့ပါတယ်။ ဒီနှစ်မှာတော့ Demasking နောက်ပိုင်း Mask တပ်သူ နည်းပါးလာတာကြောင့် ဒီနှစ် ဆောင်းရာသီမှာ ရာသီတုပ်ကွေး ကူးစက်မှုလည်း မြင့်တက်လာနိုင်ပါတယ်”လို့ ဆိုပါတယ်။
အရင်နှစ်တွေက ကိုဗစ်လှိုင်းတွေကြောင့် လူတွေ စားဝတ်နေရေးရော ကျန်းမာရေးရော အသက်ရှုကြပ် ဒုက္ခရောက်ခဲ့ကြရပါတယ်။
အခုလို လှိုင်းပေါင်းစုံ ရိုက်ခတ်ခံနေရချိန်မှာ အဲ့ဒီ လှိုင်းတွေကို ဘယ်လို ဖယ်ရှားမလဲ။ ဘယ်လိုရင်ဆိုင်မလဲ။ ဘယ်လို ကာကွယ်မလဲဆိုတာကို စဉ်းစားနေရမှာပါ။ တယောက်အားနဲ့မရရင် အများအားကိုယူရမှာပါ။
ဒေဝေါကြီးဆိုတဲ့လှန့်လုံးတွေကို ရင်ဆိုင်ရမှာ မဟုတ်ပါဘူး။ လူလောကကို Transporterလို အသွင်အမျိုးမျိုးပြောင်း တိုက်ခိုက်နေတဲ့ ကိုဗစ်ပါ။
သူ့ရဲ့ ဘီလူးခေါင်းအစစ်အမှန်ကို သိထားတဲ့အတွက်ရင်ဆိုင် အောင်မြင်ဖို့ မဝေးတော့ပါဘူ။
Photo crd

Leave a Reply

Your email address will not be published.