မန္တလေးရှိ သရက်ခြံများမှ သရက်သီးများကို ပိုးမွှားသုတေသန ဆောင်ရွက်နေ

ရွှေမန်း

သရက်သီးများတွင် အစေ့ပိုးထိုး၊ ညှာရင်းပုတ်နှင့် မှည့်ပျောက်စွန်းပိုးမွှားကျရောက်မှုများပြားသဖြင့် စိုက်ပျိုးရေး သုတေသနနှင့် ပိုးမွှားကာကွယ် ရေးဌာနမှ မန္တလေးဝန်းကျင်ရှိ သရက်ခြံများမှ သရက်သီးများကို ဓါတ်ခွဲနမူနာ အဖြစ်ဝယ်ယူ၍ သုတေသနပြု လုပ်လျက်ရှိကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင်ကပြောသည်။

စိုက်ပျိုုးရေးသွင်းအစုများ ဈေးနုန်းမြင့်လာသဖြင့် သရက်ခြံများတွင် လျှော့ချသုံးစွဲကြရာ က ယခုကဲ့သို့ သရက် နှင့် ပတ်သက်သည့် ပိုးမွှားများတွေ့ရှိလာခြင်းကြောင့် ဧပြီလမှ စတင်၍ စိုက်ပျိုးရေး ပိုးမွှား ကာကွယ်ရေးနှင့် သုတေသနဌာနခွဲ(နေပြည်တော်)မှ ဓါတ်ခွဲနမူနာများ ရယူ၍ သုတေသနပြုလုပ်နေကြောင်းသိရသည်။

“ကိုယ့်ဒေသမှာဖြစ်ပွားတဲ့ ရောဂါကို စိုက်ပျိုးရေးဌာနကို တင်ပြတော့ သူတို့ကွင်းဆင်းတယ်။တစ်နိုင်ငံလုံး အတိုင်းအတာဆိုရင် Project အနေနဲ့လုပ်ပေးတယ်။ဒေသတွင်းဖြစ်တာဆိုရင် လိုအပ်သလိုလုပ်ပေးပါတယ်။ ပြီးခဲ့တဲ့မေ လက မှ အစေ့ထိုးပိုး ပေါ်လာတယ်။အရင်က ရှမ်း(တောင်)မှာတွေ့ပေမယ့် ခု မန္တလေး မှာလည်းတွေ့ လာတယ်”ဟု၎င်းကပြောသည်။

ပိုးတွေ့ရှိကြောင်း တင်ပြလာသည့် သရက်ခြံများသို့ ကွင်းဆင်းက ဓါတ်ခွဲနမူနာအဖြစ် သရက်သီးများဝယ်ယူ၍ နေပြည်တော် ဓါတ်ခွဲခန်းတွင် သုတေသနပြုလုပ်၍ ကာကွယ်ရေးနည်းပညာများကို ဖြန့်ဝေမည်ဖြစ်ပြီး မန္တလေးမှ သရက်ခြံများတွင် ဧပြီလမှ စတင်၍ ဓါတ်ခွဲနမူနာရယူနေကြောင်းသိရသည်။

“မန္တလေးကသတ်မှတ်တဲ့ခြံတွေမှာ သရက်သီးနမူနာအစုံကို လိုက်ဝယ်ပြီး အစေ့ထုတ်ပိုး သုတေသနလုပ် နေ တယ်။ နေပြည်တော်က အဓိကလုပ်ပေမယ့် မန္တလေးတိုင်းက ပူးပေါင်းပါဝင်တာပါ။ ခုလို သုတေသနလုပ်ပြီး ကာကွယ်နည်းတွေ ဖြန့်ဝေပေးတော့ တောင်သူတွေအတွက် အကျိုးရှိတယ်”ဟု ဆက်လက်ပြောကြားသည်။

သရက်သီးကို အဓိကအားဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ပြီး အခြားနိုင်ငံများသို့လည်း တင်ပို့လျက်ရှိရာ သရက်သီးအသားကို စားသုံးလျင် ပြဿနာမရှိသော်လည်း ၎င်း၏အစေ့ကို ခွဲလိုက်ချိန် ပိုးထွက်လာခြင်းမရှိမှ သာ နိုင်ငံတကာတင်ပို့မှု အလားအလာကောင်းမှာဖြစ်ပြီး စားသုံးသူယုံကြည်စိတ်ချမှုလည်း ရရှိမည်ဖြစ် ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.