မန္တလေးတိုင်းဒေသကြီးအတွင်းမှ တောင်သူများအား မိုးသီးနှံ စိုက်ပျိုးစရိတ် ချေးငွေစုစုပေါင်း ငွေကျပ် ၄၈၀ ဘီလီယံကျော် ထုတ်ချေးပေးခဲ့

ရွှေမန်း

မန္တလေးတိုင်းဒေသကြီး၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တိုင်းဒေသကြီးအတွင်းရှိ တောင်သူများအားမိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးခဲ့ရာစာရင်းပိတ်အဖြစ် စုစုပေါင်းငွေကျပ်၄၈၂ ဒသမ ၅၀ ဘီလီယံထုတ်ချေး ပေးခဲ့ပြီးဆောင်းသီးနှံအတွက်စိုက်ပျိုးစရိတ်ချေးငွေများလည်းထုတ်ချေးပေးနေကြောင်းမန္တလေးတိုင်းဒေသကြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး၊ဘဏ်ခွဲ မန်နေဂျာ ဦးစိုးကိုကိုဝင်းက ပြောသည်။

မိုးရာသီသီးနှံ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် လျာထားခွင့်ပြုငွေမှာ ငွေကျပ် ၅၈၇ ဒသမ ၃၄ ဘီလီယံဖြစ်၍ ၈၂ ရာခိုင်နုန်းထုတ်ချေးပေးနိုင်ခဲ့ပြီး အဆိုပါ ချေးငွေများသည် တောင်သူများ၏ စိုက်ပျိုးစရိတ်အတွက်တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုပေးလျက်ရှိသည်။

“မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခဲ့တာကို စာရင်းပိတ်လိုက်ရင် ၈၂ ရာခိုင်နုန်းချေးပေးနိုင်ခဲ့တယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲများအနေနဲ့ နှစ်စဉ် မိုး၊ဆောင်း၊မိုးကြိုစတဲ့ ရာသီအလိုက် ချေးငွေထုတ်ချေး ပါတယ်။ဆက်လက်ပြီးတော့ ခု ဆောင်းရာသီ သီးနှံစိုက်ပျိုးစရိတ်ချေးငွေကိုလည်း ထုတ်ချေးပေးနေတာကြောင့် ချေးငွေ လာရောက်ထုတ်ယူကြဖို့ တောင်သူများကို ဖိတ်ခေါ်ပါတယ်”ဟု ၎င်းကပြောသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအသီးသီးမှ စိုက်ပျိုးတောင်သူများအား ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေ များကို သက်သာသော အတိုးနုန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာ သတ်မှတ်ရက်အတွင်း ချေးငွေပေးဆပ်ရန်လို ကြောင်း၊အထောက်အကူပြုပေးလျက်ရှိရာ လာရောက်ချေးယူနိုင်ကြောင်းသိရသည်။

“လက်ရှိမှာ သီးနှံပေါ်ချိန်ဖြစ်တော့ ပေးဆပ်ရန်ရှိတဲ့ ချေးငွေတွေ ပေးဆပ်ကြဖို့တိုက်တွန်းပါတယ်။အတိုးနုန်း သက်သာစွာ ချေးပေးတာဖြစ်ပေမယ့် ချေးငွေ ပေးဆပ်ချိန် သတ်မှတ်ကာလကျော်သွားရင် ဒဏ်ကြေးပေး ဆောင်ရမှာဖြစ်လို့ တောင်သူတွေမှာ ဝန်ပိနိုင်ပါတယ်။သတ်မှတ်ကာလတွင်း ပေးဆပ်စရာရှိတာ ပေးဆပ်ဖို့ လိုပါတယ်”ဟု ဆက်လက်ပြောကြားသည်။

စိုက်စရိတ်ချေးငွေကို ခေတ်ကာလနှင့်အညီ အမှန်ကုန်ကျစရိတ်နီးပါးဖြစ်သည့် တစ်ဧက ကျပ် ၅၀၀၀၀၀ လောက်ထုတ်ချေးပေးစေချင်ကြောင်း ယခုကာလတွင် ကျပ် ၁၅၀၀၀၀ ပမာဏမှာ ၁၅ ပတ်လည် မြေဆီ တစ်အိတ်တန်ဖိုးသာရှိကြောင်း ပုသိမ်ကြီးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအောင်ကျော်ထွန်းက ပြောသည်။

၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအဖြစ် မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၃ ခုမှ တောင်သူများ အား စပါးတစ်ဧကလျင် ကျပ်တစ်သိန်းခွဲနှင့် အခြားသီးနှံတစ်ဧကလျင် ကျပ်တစ်သိန်းနုန်းဖြင့် ချေးငွေထုတ်ပေး လျက်ရှိရာ အဆိုပါချေးငွေများကြောင့် တောင်သူများ၏စိုက်ပျိုးရေးလုပ်ငန်းတွင်ထိရောက်မှုရှိကာ အချိန်မီ စိုက်ပျိုး နိုင်ခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

Leave a Reply

Your email address will not be published.