3590

ဘက်တီးရီးယားရွက်ခြောက်ရောဂါဒဏ်ခံနိုင်သည့် သက်တမ်းတို ဆင်းသုခစပါးမျိုးရရှိရန် သုတေသန ဆောင်ရွက်။

ရွှေမန်း

ရာသီဥတုပြောင်းလဲလာမှုကြောင့် မိုးခေါင်ရေရှားပါးမှုဒဏ်၊ရောဂါကျရောက်မှုဒဏ်များ ကြုံတွေ့နေရသဖြင့် ဆင်းသုခစပါးမျိုးနေရာတွင် ဘက်တီးရီးယားရွက်ခြောက်ရောဂါဒဏ်ခံနိုင်သည့် သက်တမ်းတိုဆင်းသုခစပါး (Double Haploid)အတွက် သုတေသနများဆောင်ရွက်လျက် ၎င်းစပါးမျိုးလိုင်းရရှိရန်စမ်းသပ်ကွက်သရုပ်ပြပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ သုတေသနပြုလုပ်ခြင်းကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊မျိုးစေ့ဘဏ်၊ဇီဝနည်းပညာနှင့် သီးနှံကာ ကွယ်ရေးသုတေသနဌာနခွဲ၊ဇီဝနည်းပညာသုတေသနဌာနစုမှ အပင်တစ်သျှူးမွေးမြူရေးသုတေသနများနှင့် မော်လီကျူလာနည်းပညာဆိုင်ရာသုတေသနများဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

“မိုးခေါင်ရေရှားပါးမှုဒဏ်၊ရောဂါကျရောက်မှုဒဏ် ကြုံတွေ့နေရလို့ ဆင်းသုခ စပါးမျိုးနေရာမှာ သက်တမ်းတို ဆင်းသုခကို မိုးရာသီမှာစိုက်နိုင်ရင်တခြားဝင်ငွေရသီးနှံတွေလည်း မိုးနှောင်းသီးနှံအဖြစ်သီးထပ်စိုက်ပျိုးနိုင် မယ်။ဒါကြောင့် စားသုံးမှုကောင်းပြီး စပါးဘက်တီးရီးယားရွက်ခြောက် ရောဂါဒဏ်ခံ သက်တမ်းတို ဆင်းသုခ စပါးမျိုးရဖို့ ရည်ရွယ်ပြီး ဇီဝနည်းပညာရပ်များနဲ့ သုတေသနလုပ်ဆောင်တာပါ”ဟုသုတေသနဌာနမှ တာဝန်ရှိ သူကပြောသည်။

သုတေသနပြုလုပ်ရာ၌ စပါးအဖိုဝတ်မှုန်အိတ်မွေးမြူနည်း(Rice Anther Culture)ဖြင့် ရရှိလာသော Callus များနှင့် Green spot များကို အစာလွှာအမျိုးမျိုးအသုံးပြု၍ မျိုးလိုင်းများ ရရှိသည်အထိ အဆင့်ဆင်မွေးမြူကာ ရရှိလာသော ဆင်းသုခ Anther Culture မျိုးလိုင်းများကို Marker Assisted Selsction နည်းပညာဖြင့် မျိုးလိုင်း များတွင် ဘက်တီးရီးယား ရွက်ခြောက်ရောဂါဒဏ်ခံ ဗီဇပါဝင်မျုကို အတည်ပြုရွေးချယ်ကြောင်းသိရသည်။

ဆင်းသုခ Anther Culture လိုင်းများကို ဆင်းသုခမျိုးလိုင်းနှင့် နှိုင်းယဉ်စိုက်ပျိုး၍ အဆင့်ဆင့်ရွေးချယ်ခြင်း လုပ်ငန်းများကို ၂၀၁၈-၂၀၁၉ မှစတင်လုပ်ဆောင်ခဲ့ကြောင်း၊ယခုနှစ်မိုးရာသီတွင် ဆင်းသုခမျိုးထက် အသက် ရက်(၁၉-၂၂)ရက် ငယ်ပြီး အထွက်နှင့် အထွက်မိတ်ဖက် လက္ခဏာများသာလွန်ကောင်းမွန်သော မျိုးလိုင်း ၄ လိုင်ကို တောင်သူအဆင့် အထွက်နုန်းယှဉ်ပြိုင်စမ်းသပ်ခြင်းများ ဆောင်ရွက်ခဲ့ကာ ကွင်းသရုပ်ပြပွဲပြုလုပ်ခဲ့ ကြောင်းသိရသည်

Leave a Reply

Your email address will not be published.