ကောင်းဇော်

အကျိုးတရားအမှန်ရအောင် မနှစ်သက်တဲ့အကြောင်းတွေကို လုပ်ရတာ ရှိတယ်။ အနာဂါတ်နေ့စဥ်နေထိုင်မှုဘဝမှာ တွဲလျက်ရှိနေတော့မယ့် Mask(နှာခေါင်းစည်း)တပ်တာရယ်၊ လက်ဆေးတာရယ်၊ ခပ်ခွာခွာနေထိုင်ရမှာရယ်က ငြင်းဆန်လို့မရတဲ့ အကြောင်းတရားအဆက်ပါပဲ။Maskတပ်တာကိုတော့သူသူငါငါ အလေ့အကျင့်ဖြစ်နေပါပြီ။ Mask တပ်တာက ကိုယ့်ဆီကျရောက်လာမယ့် အဆိုးတွေကို၊ ပိုးမွှားတွေကို အထိုက်အလျောက်ကာကွယ်တားဆီးနိုင်မယ်ဆိုတာကို လက်ခံကျင့်သုံးနေကြပါပြီ။ လက်ဆေးတာရယ်၊ ခပ်ခွာခွာနေတာရယ်ကိုတော့ တစတစမေ့လို့ လာနေပါပြီ။ ကျရောက်လာနိုင်တဲ့ ဗိုင်းရပ်ပိုးမွှားတွေကို လက်ဆေးတာနဲ့ ကာကွယ်နိုင်တယ်။ အပြင်က ပါလာတဲ့ ပိုးတွေကို တတ်နိုင်သလောက်ဖယ်ရှားသုတ်သင်နိုင်တယ်ဆိုတာကို မေ့‌နေပါတယ်။ ရောဂါမဖြစ်အောင် ကြိုတင် ကာကွယ်ဖို့၊ ကိုယ့်ဆီကူးလာတဲ့၊ကပ်ပါလာတဲ့ပိုးတွေကို နှိမ်နှင်းဖို့လုပ်ရမယ်ဆိုတာမေ့လျော့လာနေကြပါတယ်။တဦးနဲ့တဦး ကျန်းမာရေးအကာအကွယ်ရနိုင်တဲ့ အကွာအဝေးနဲ့ နေထိုင်မှုဘဝတွေကို ဖြတ်သန်းရမယ် ဆိုတဲ့နည်းလမ်းကိုလည်း ကျင့်သုံးဖို့ ပျက်ကွက် လာနေကြပါပြီ။မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုဝင်ဘာ (၁၃)ရက်နေ့အထိ ကာ ကွယ် ဆေး ၁ ကြိမ်ထိုးနှံပြီးသူ ၅ ဒသမ ၁၃ သန်းကျော်ရှိပြီး ၂ ကြိမ်အပြည့်ထိုးနှံပြီးသူ ၉ ဒသမ ၅၆ သန်းကျော်နဲ့ စုစုပေါင်း ၁၄ ဒသမ ၆၉ သန်းကျော်ရှိခဲ့ပြီလို့ ဖော်ပြထားပါတယ်။ကိုဗစ်ကာကွယ်ဆေးတွေက အသစ်အသစ်တွေ ပေါ်ပေါက်နေသလို တရားဝင်အသိအမှတ်ပြုခံရတဲ့ဆေးတွေလည်း ရှိလာနေပါပြီ။မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇၀၀ ကျော်နဲ့ ၁၆ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၄ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။နိုင်ဝင်ဘာလ (၁၄)ရက်နေ့ကရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက် ၈၁၀ ယောက်ရှိပေမယ်၊ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၂၃,၀၄၂ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၇၁၄ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၃ ဒသ မ ၁၀ ရာခိုင်နှုန်းကျော် ရှိနေတယ်လို့ ဆိုပါတယ်။လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၅၁၃,၂၆၂ ယောက် ရှိနေပြီး သေဆုံးသူအရေအတွက်ကတော့ ၁၈,၉၂၉ ယောက် ရှိနေပါတယ်။မကွေးမြို့အနေနဲ့လည်း ကိုဗစ်-၁၉နဲ့သေဆုံးသူအရေအတွက်ကျဆင်းလာနေပြီဆိုပေမယ့် ဒီတရက် ၂ရက်မှာ တနေ့ကို တယောက်၊ ၂ယောက်သေဆုံးမှုရှိနေတယ်လို့ လူမှုရေးအသင်းတချို့ရဲ့ ဖော်ပြချက်တွေအရ သိ‌ရပါတယ်။ ဒီလိုဖော်ပြနေတာက သတိမပေါ့ကြဖို့၊ ကာကွယ်ဆေးထိုးကြဖို့ လူတဦးချင်း အသိနဲ့နေထိုင်ကြဖို့ သတိပေးနေတာပါ။တခါတလေမှာ လူထုဆီကို သိသင့်တဲ့သတင်းအချက်အလက်တွေ ရောက်စေတာက တိုင်းပြည်အတွက်ကောင်းပါတယ်။ တနိုင်ငံထဲ ရှိသမျှ ခွန်အားနဲ့ ရုန်းနေရတာထက် နိုင်ငံတကာရဲ့အကူအညီရတာကလည်း ကောင်းတဲ့အကြောင်းတရားပါ။ နိုင်ငံကြီးတွေအနေနဲ့ နောက်နှစ် ဆောင်းဦးရာသီအရောက်မှာ ကိုဗစ်ကပ်ရောဂါအဆုံး သတ်နိုင်ရေးရည်ရွယ်ကိုအကောင်အထည်ဖေါ်နိုင်ဖို့အတွက် ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်မှုကို တိုးမြှင့်သွားမှာဖြစ်ပြီး၊ ဆင်းရဲတဲ့နိုင်ငံတွေကို ကိုဗစ်ကာကွယ်ဆေး ဆက်လက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေအတွင်းက ပြည်သူတွေအတွက် ကိုဗစ်ကာကွယ်ဆေး ပေးပို့နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုက မြို့နယ်ပေါင်း ၁၇ မြို့နယ်မှာ ကိုဗစ်ရောဂါကူးစက်မှုတွေ လျော့နည်းလာတဲ့အတွက် Stay at Home အစီအစဉ်ကနေ ပယ်ဖျက်ပေးလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၁ ရက်ညပိုင်းက ထုတ်ပြန်ထားပါတယ်။တနင်္သာရီတိုင်းက ၂ မြို့နယ်၊ ပဲခူးတိုင်းက ၅ မြို့နယ်၊ မကွေးတိုင်း ၂ မြို့နယ်၊ မန္တလေးတိုင်း ၁ မြို့နယ်၊ မွန်ပြည်နယ် ၂ မြို့နယ်၊ ရန်ကုန်တိုင်း ၂ မြို့နယ်နဲ့ ဧရာဝတီတိုင်းက ၃ မြို့နယ်တို့ကို Stay at Home အစီအစဉ်ကနေ ပယ်ဖျက်လိုက်တာလို့ ဆိုပါတယ်။မြန်မာနိုင်ငံအတွင်း Stay At Home အစီအစဉ်မှာ အကျုံးဝင်တဲ့ မြို့ပေါင်း ၅၂ မြို့နယ် ကျန်ရှိတယ်လို့ နိုဝင်ဘာလ (၁၁)ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။အခုနှစ်ကုန်မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မှာ ဖြစ်တယ်လို့ သိရပြီး၊ တရုတ်နိုင်ငံကနေ Sinopharm ကာကွယ်ဆေး အကြိမ်ရေ ၂၄ သန်း စာချုပ်ချုပ်ဆို ဝယ်ယူထားခဲ့တာဖြစ်ပြီး ၆ ကြိမ်ခွဲကာ ရောက်ရှိခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ကာကွယ်ဆေးထိုးဖို့ လိုအပ်သလို၊ သိမ်မွေ့တဲ့အသိပညာပေးမှု အစီအစဉ်တွေလည်း လိုအပ်ပါတယ်။နိုင်ငံသားတိုင်း ကိုဗစ်အလွန်နေထိုင်မှု ပုံစံတွေနဲ့ ကျင့်သားရနေဖို့ ပြင်ဆင်ရပါလိမ့်မယ်။ ဒါပေမယ့် သာမာန်ဘဝတွေက အစစအရာရာချို့တဲ့နေကြမှာပါ။လွယ်လွယ်ကျင့်သုံး ရရှိနိုင်တဲ့ နည်းတွေနဲ့ ပိုးမွှားတွေကို တိုက်နေကြဖို့အတွက်က Mask(နှာခေါင်းစည်း)တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေတာလေးတွေကို နေ့စဉ်နေထိုင်မှုထဲ အကြောင်းတရားတရပ်အနေနဲ့ မမေ့မလျော့ ထဲ့သွင်းထားကြဖို့ပါပဲ။

Leave a Reply

Your email address will not be published.