ကိုဗစ်ရောဂါ ကာကွယ်တဲ့ လည်ဆွဲ ဆိုပြီး ဈေးကွက်ထဲ ဖြန့်နေကြတာကို သတိထားမိပါတယ်။ လုံးဝ လုံးဝ မကာကွယ်ပေးနိုင်ပါ။ အလိမ်အညာ ပစ္စည်း၊ သတိပြုကြပါ။ကိုဗစ်က အသက်ရှုလမ်းကြောင်းနဲ့ မျက်လုံး အမြှေးပါးတွေက တဆင့် ကူးစက်နိုင်ပါတယ်။ ဒီပစ္စည်းက လည်ပင်းမှာ ဆွဲထားတာပါ။ ခါးတောင်း ကျိုက်ရာ တခြား၊ ဖင်တခြားပါ။ဒါဆို၊ မျက်လုံးနဲ့ နှာခေါင်းနား ကပ်ထားလို့ ရမလားလို့ ကပ်သီးကပ်ဖဲ့ မေးစရာ ရှိပါတယ်။ မရပါ။ လည်ဆွဲအိတ် ကဒ်မှာ Chlorine Dioxide ဆေးရည် သုတ်ထားတာပါ။ ဒီဆေးရည်ကို ဆေးရုံ ကြမ်းခင်းလိုမျိုးတွေမှာ ပိုးသတ်ဖို့ သုံးပါတယ်။ မျက်လုံးနဲ့ အသက်ရှုလမ်းကြောင်းထဲတွေ ဝင်မိ၊ ထိမိရင်တော့ ဓါတ်မတည့်တာ၊ ယားယံတာ၊ အပူလောင်တာတွေ ဖြစ်တတ်ပါတယ်။နောက်တချက်က ကိုဗစ်က ဗိုင်းရပ်စ်ပိုးပါ။ သက်ရှိ သက်မဲ့ ခွဲပြောစတမ်း ဆိုရင် မဟာစည် ဆရာတော် ပြောသလို ဥတုဇနရုပ် (ဝါ) သက်မဲ့ပါ။ ခြင်ဆေးနဲ့ ခြင်ပြေးအောင် လုပ်သလို လုပ်မရပါ။ ဒီလို အလိမ်အညာ ပစ္စည်းကို မသုံးကြဖို့ ဂျပန်၊ ဟောင်ကောင်နဲ့ အမေရိကန် နိုင်ငံက ပညာရှင်တွေ ပြောဆိုထားတဲ့ အထောက်အထားတွေလည်း ရှိပါတယ်။ အမေရိကန် ပြည်ထောင်စုက ပြည်နယ် အစိုးရတွေ ဆိုရင် ဒီပစ္စည်းတွေကို လိုက်လံ သိမ်းဆည်းနေကြပါတယ်။ဟိုး‌တုန်းက ရောဂန္တရ၊ သတ္တန္တရ ကပ်တွေ ဆိုက်တဲ့ အခါ အဆောင်၊ ဂါထာ၊ အင်းအိုင်၊ လက်ဖွဲ့ ခေတ်စား ကြတာ ဖတ်ရဖူးပါတယ်။ ၂၁ ရာစု ခေတ်မှာကျ ခေတ်မှီသယောင် အလိမ်အညာ ပစ္စည်းတွေနဲ့ လူတွေရဲ့ အကြောက်တရားကို လှည့်ဖျားကာ စီးပွား မရှာကြဖို့ တိုက်တွန်းလိုပါတယ်။ လူအသီးသီးမှာလည်း ဆင်ခြင်တုံ တရား လက်ကိုင်ထားကြဖို့ မျှော်လင့်ရပါတယ်။အားလုံး ကျန်းမာ၊ ချမ်းသာကြပါစေလို့ ဆုတောင်းလျှက်။

ဒေါက်တာဉာဏ်-Dr. Nyan မိသားစု ဆေးခန်း၊ကြာအင်းဆိပ်ကြီးမြို့။

Leave a Reply

Your email address will not be published.