ပြည်တွင်း၌ ဒေါ်လာလိုအပ်ချက်ရှိနေသဖြင့် ပြည်ပသို့ တင်ပို့ခွင့်ပိတ်ထားသည့် ဆီထွက်သီးနှံများကို ပြန်လည်ခွင့်ပြုပေး

ရွှေမန်း

ငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာလိုအပ်ချက် အများအပြားဖြစ်ပေါ်နေခြင်းကြောင့် တင်ပို့ခွင့်ပိတ်ပင်ထားတဲ့ ဆီထွက်သီးနှံများကို ပြန်လည်ခွင့်ပြုလိုက်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်ထားသည်။

စားသုံးဆီအဓိကတင်ပို့သည့် အင်ဒိုနီးရှားလို နိုင်ငံမျိုးက တင်ပို့မှုရပ်ဆိုင်းလိုက်ကတည်းက လယ်ယာထွက်ကုန်ပစ္စည်းတွေဖြစ်တဲ့ နှမ်းနက်ကလွဲပြီး မြေပဲနဲ့ နှမ်းတို့ကို မေလ ၉ ရက်မှစတင်ပြီး ပြည်ပနိုင်ငံတွေထံ တင်ပို့ရောင်းချခွင့် ရပ်ဆိုင်းခဲ့သည်။

ယခုအခါ ပြည်ပနိုင်ငံတွေထံမှ စားသုံးဆီ ပုံမှန်တင်သွင်းလို့ ရနေပြီဖြစ်တာကြောင့် ဆီထွက်သီးနှံအုပ်စုဝင် မြေပဲနဲ့ နှမ်းတို့ကို ပြည်ပသို့ ပြန်လည်တင်ပို့ခွင့်ပြုတာလို့ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ပင်လယ်ရေကြောင်းက ဆီထွက်သီးနှံတင်ပို့ရင် ဒေါ်လာနဲ့ ရောင်းရပေမယ့် နယ်စပ်မှာ ရောင်းချရင် ဘတ်နဲ့ ယွမ်တို့ ဖြစ်နေလို့ တစ်ပြေးညီတည်းဖြစ်အောင် လုပ်တာလို့ စီးပွား/ကူးသန်းဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက ​ပြောသည်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ဆန်၊ ပဲ၊ ပြောင်းတို့ကို ပြည်ပနိုင်ငံတွေထံ နယ်စပ်ကတစ်ဆင့် တင်ပို့ရောင်းချမှုတွင် အမေရိကန်ဒေါ်လာတစ်မျိုးတည်းသာ တင်ပို့ခွင့်ပြုရေး ဆောင်ရွက်သွားဖို့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက ဆုံးဖြတ်ခဲ့သည်။

ယခင်က တရုတ်နဲ့ ထိုင်းနယ်စပ်ကုန်သွယ်ရေးတို့မှာ ယွမ်နဲ့ ဘတ်ငွေတို့ကို မြန်မာကျပ်နဲ့ တိုက်ရိုက်အသုံးပြုပေးချေဖို့ ညွှန်ကြားထားခဲ့ပေမယ့် ယခုလို ပြောင်းလဲသတ်မှတ်ခြင်းက ဒေါ်လာလိုအပ်ချက်များပြားနေခြင်းကြောင့်ဖြစ်ကြောင်း ကုန်သည်များကသုံးသပ်ထားသည်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့ကလည်း ပြောင်း၊ ပဲ၊ ဆီထွက်သီးနှံများအပါအဝင် လယ်ယာထွက်ကုန်ပစ္စည်းတွေကို နယ်စပ်က တင်ပို့ရောင်းချပါက ယခင်က လိုင်စင်ကြေးအဖြစ် ဒေါ်လာ ၃၁၀ ကောက်ခံခဲ့ပေမယ့် ယခုအခါ တစ်တန်ကို ၃၆၀ ဒေါ်လာအထိ တိုးမြှင့်သတ်မှတ်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published.