ဂန့်ဂေါမြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက်ကြိုတင်မဲပေးခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲပေး

ဂန့်ဂေါ အောက်တိုဘာ ၂၉

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ အသက် ၆၀ အထက် မဲဆန္ဒရှင်များသည် မိမိရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာ ၂၉ ရက်မှစတင်ကာ ကြိုတင် ဆန္ဒမဲ ပေးကြကြောင်း သိရသည်။ အဆိုပါ ကြိုတင်မဲလက်မှတ် ထည့်သွင်းနိုင်ရေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတို့ သည် ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်ပေးကြောင်း နှင့် ဂန့်ဂေါမြို့နယ်တွင် အသက်(၆၀)နှစ်နှင့် အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ ၁၅၈၉၁ ဦးရှိပြီး အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်နေ့အထိ မဲပေးနိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။ ထို့ပြင် အသက်(၆၀)နှစ်နှင့် အထက် မိဘပြည်သူများအနေဖြင့် ကျန်းမာရေးအခြေ အနေအရ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကိုယ်တိုင်သွားရောက်ရန် အခက်အခဲရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲမှ နေအိမ်တွင်ကြိုတင်မဲပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးကြောင်း သိရသည်။

သန်းနိုင်/ဂန့်ဂေါ

Leave a Reply

Your email address will not be published.