ရွှေမန်း

မန္တလေးကြက်သွန်နီ ဈေးကွက်တွင် ဇန်နဝါရီတတိယပတ်မှစ၍ လက်ရှိအချိန်၌ လက်ကားဈေးတစ်ပိဿာလျှင် ငွေကျပ် ၅၀၀ ဝန်းကျင် ဈေးကျဆင်းလာကြောင်း ကိုင်းတန်းဈေးရှိ ကြက်သွန်နီဈေးကွက်မှ သိရသည်။

ယခု မန္တလေးဈေးကွက်သို့ ရောက်ရှိလာသောကြက်သွန်နီများ မှာ နွေကြက်သွန်(အကြမ်း)ဖြစ်၍ ပြီးခဲ့သည့် ၃ လဝန်းကျင်က စိုက်ပျိုး ထွက်ရှိသော ကြက်သွန်နီအသစ်များမှာ များသောအားဖြင့် အစိုများ ဖြစ်သည်ဟု ဆိုသည်။

“ဒီ ၂ ပတ်အတွင်း အများကြီးဈေးကျတယ်။ ပြီးခဲ့တဲ့ရာသီက ကြက်သွန်နီကို မိုးကြက်သွန်လို့ခေါ်ပြီး မြိတ်စားဖြစ်တော့ အူတိုင်ပါ တယ်။ စိုက်သူနည်းသလို ရာသီဥတုကြောင့် ထွက်နှုန်းနည်းခဲ့လို့ ဈေး ကောင်း ရခဲ့ကြတယ်။ ခု ကြက်သွန်က တစ်နှစ်လုံး လှောင်လို့ရတဲ့ ကြက်သွန်ဖြစ်သလို ဈေးကွက်ထဲ အတိုးပဲရှိမယ်´´ ဟု အဆိုပါဈေးရှိ ကြက်သွန်နီပွဲရုံပိုင်ရှင် ကိုမောင်ကပြောသည်။

လက်ရှိကြက်သွန်နီဈေးကွက်တွင် ပြီးခဲ့သည့် ဇန်နဝါရီစတုတ္တ ပတ်က တစ်ပိဿာ ဈေးနှုန်းများအရ ကြက်သွန်နီ(ထိပ်စ)မှာ ငွေကျပ် ၂၀၀၀ နှင့် အောက်စမှာ ငွေကျပ် ၁၅၀၀ ဝန်းကျင်ရှိခဲ့ရာက ယခု လက်ရှိတွင် ငွေကျပ် ၅၀၀ ဝန်းကျင်စီဈေးကျဆင်းခဲ့ကြောင်း၊ ပုံမှန် အရ လက်ရှိအချိန်သည် ကြက်သွန်နီဈေးကွက် ကျဆင်းချိန်ဖြစ်သော် လည်း ပြည်ပမှဝယ်ယူမှုရှိနေသဖြင့် ဈေးကျဆင်းမှု နှေးကွေးခြင်း ဖြစ်သည်။

“ဈေးကွက်အကြိုက်က အလတ်အရွယ်ပေါ့။ လက်လီရောင်းတဲ့ သူတွေမှာ အကြီးက မရောင်းရဘဲ အလတ်အရွယ်က အများဆုံးရောင်း ရတယ်။ ပြည်ပဝယ်လက်ကလည်း အသေးနဲ့အလတ်ပဲ ဝယ်တယ်။ လာမယ့်ရက်တွေမှာ ဈေးကျရင်လည်း ထိပ်စက တစ်ပိဿာ ငွေကျပ် ၁၂၀၀ ဝန်းကျင်လောက်နဲ့ အရည်အသွေးညံ့ရင် ငွေကျပ် ၁၀၀၀ အောက် ရောက်မယ်။ ကြက်သွန်သဘာ၀အရ အသေးအလတ်က ရေရှည် အထားခံပြီး လှတယ်။ အရွယ်ကြီးတွေက ရက်ကြာလာရင် အလှ နည်းသွားတယ်´´ ဟု ဆက်လက်ပြောကြားသည်။

ယခုစိုက်ပျိုးထွက်ရှိသော ကြက်သွန်နီ(အသစ်)များမှာ လာမည့် ဧပြီလထိ ဈေးကွက်သို့ ဝင်ရောက်လာမည်ဖြစ်၍ ဈေးကွက်သဘော တရားအရ အဝင်များသဖြင့်ဈေးကျဆင်းကြောင်း၊ လာမည့် ကြက်သွန် နီဈေးကွက် အနေအထားမှာ မြစ်သား(ထိပ်စ)တစ်ပိဿာ ငွေကျပ် ၁၂၀၀ ဝန်းကျင်ရှိနိုင်၍ အရည်အသွေးအရ ယင်းဈေးနှုန်းထက် လျော့ကျ နိုင်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ကြက်သွန်စိုက်ပျိုးထွက်ရှိမှုမှာ ပြီးခဲ့သည့် ဈေးကွက်မှ မိုးကြက်သွန်နီများမှာ စိုက်ပျိုးသူနည်းပါးခြင်း နှင့် ရာသီဥတုအခြေအနေကြောင့် တစ်ဧကလျှင် ကြက်သွန်နီ ပိဿာ ချိန် ၁၀၀၀ မှ ၂၀၀၀ ဝန်းကျင်သာထွက်ရှိခဲ့ပြီး ယခုဈေးကွက်မှ ကြက်သွန်နီမှာ တစ်ဧကလျှင် ပိဿာချိန် ၃၀၀၀ ဝန်းကျင်ထိ ထွက်ရှိ ရာ ထွက်နှုန်းကောင်းလာကြောင်း သိရသည်။

Leave a Reply

Your email address will not be published.