Home Quarantine အမျိုးသမီးသေဆုံးသည့်ကိစ္စ မြို့ခံများက အလောင်းဖော် စစ်ဆေးပေးစေချင်

မကွေးတိုင်းဒေသကြီး ကံမမြို့နယ် ကင်းကျေးရွာမှ Home Quarantine ခံယူနေတဲ့ အသက် ၄၀ ဝန်းကျင် အမျိုးသမျိုးတဦး ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းက သေဆုံးပြီး နေ့လည်အသုဘချခဲ့သော်လည်း မြို့ခံပြည်သူများက အလောင်းပြန်ဖော်ပြီး စစ်ဆေးပေးရန် တောင်းဆိုနေကြောင်း သိရပါတယ်။
အဆိုပါလူနာမှာ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှ ဧပြီလ ၃ ရက်နေ့က ကံမမြို့နယ် ကင်းကျေးရွာသို့ ပြန်လာပြီး Home Quarantine ခံယူကြောင်း၊ ဖျားနာမှု ဖြစ်သော်လည်း ကျန်းမာရေးဆရာဝန်နှင့် မပြဘဲ တောရွာအပ်ကိုင်တစ်ဦးနဲ့သာ ကုသနေခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကံမမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောပါတယ်။
ဆုံးသွားတော့ဆေးရုံကို အကြောင်းကြားပါတယ်၊ ကျန်းမာရေးဌာနက လာပြီးတော့စစ်တာပေါ့၊ စစ်တော့သာမန်သေတယ်လို့ပဲပြောတယ်၊ ၁၂နာရီလောက်မှာ နာရေးချလိုက်ပါတယ်၊ တစ်ချို့ကသို့လော‌သို့လောတွေပြောကုန်ကြတာပေါ့၊ မြို့ကလဲလှုပ်လှုပ်ရွရွဖြစ်သွားတာပေါ့၊ညနေ၅နာရီ၆နာရီလောက်မှာ အဲဒီ‌သေဆုံးသွားတဲ့ကိစ္စနဲ့ မြို့နယ်အဖွဲ့‌တွေနဲ့အစည်းအဝေးထိုင်ကြပါတယ်၊ တိုင်းအစိုးရနဲ့လဲ အချိတ်အဆက်လုပ်ဖြစ်ပါတယ်၊ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးဦးတင်နွယ်ဦးကလည်းဝန်ကြီးချုပ်ကိုတင်ပြတယ်လို့ပြောပါတယ်၊မြို့ခံတွေကအလောင်းပြန်ဖော်ပြီးတော့ပြန်ပြီးစစ်ဆေးစေချင်တာပေါ့၊ တိုင်းကျန်းမာကတော့ဒီအလောင်းကို ပြန်ဖော်ပြီးစစ်ဆေးမှုလုပ်ရင် ကူးစက်မှုတွေဖြစ်သွားနိုင်တယ်လို့ပြောပါတယ်လို့ ဦးဇော်ဝင်းကပြောပါတယ်။
ကင်းကျေးရွာတွင် သေဆုံးသွားသူသည် ၃ ရက်ဝန်ကျင် ဖျားနာမှုရှိကြောင်း၊ သေဆုံးခါနီးတွင် ဝမ်း ၄ ကြိမ်လောက်သွားကြောင်း၊ အပူချိန် ၁၀၃ ၊ ၁၀၄ ရှိခဲ့ကြောင်း၊ သေဆုံးသူနှင့် ထိတွေ့ခဲ့သူများကို Quarantine လုပ်ရန် ပြုလုပ်နေကြောင်း ဦးဇော်ဝင်းက ဆိုပါတယ်။
သူနဲ့ထိတွေ့ခဲ့တဲ့မိသားစု ၈ဦးရှိပါတယ်၊နောက်တစ်ခါ ဆွေမျိုးသားချင်းက ၇ဦးအားလုံး၁၅ဦး ရှိပါတယ်၊ သူတို့ကို ခေါ်ပြီးတော့စောင့်ကြည့်ဖို့အတွက် အစည်းအဝေးမှာဆုံးဖြတ်ချက်ချလိုက်ပါတယ်၊ သူနဲ့ထိတွေ့ခဲ့တဲ့ အနီးကပ်ဆုံး‌နေတဲ့မိသားစု၈ဦးကိုတော့ Hospitale Quarantinထားပြီးနောက်၇ဦး ကို ဆေးရုံနဲ့မျက်နှာချင်းဆိုင်ကျောင်းမှာ Facility Quarantineအဖြစ် ထားရှိမှာပါ၊ ခုညတွင်းချင်းပဲစီစဉ်နေပါတယ်၊ သူတို့ကတော့ဆေးရုံရောက်ပါပြီ၊ အဲဒီလူတွေရဲ့ ချွဲ၊သလိပ်၊ နှာခေါင်းကထွက်တဲ့ အရည်တွေ ကိုညတွင်းချင်း ရန်ကုန်မှာရှိတဲ့ဓါတ်ခွဲခန်းပို့မှာပါ၊ မနက်ဖြန်ညလောက်ဆိုအဖြေရနိုင်အောင်ကျိုးစားပါ့မယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးဇော်ဝင်းကပြောပါတယ်။
မြန်မာနိုင်ငံတွင် ဧပြီလ၁၂ ရက်နေ့ ည ၉ နာရီအချိန်ထိ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၁ ဦး ၊ သေဆုံးသူ ၄ ဦး၊ စောင့်ကြည့်လူနာ ၁၁၀၅ ယောက် ရှိကြောင်း မကွေးတိုင်းတွင် စောင့်ကြည့်လူနာများထဲက ဧပြီ ၆ ရက်နေ့အထိ သေဆုံးသူ ၆ ဦးရှိကြောင်း သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်

Leave a Reply

Your email address will not be published.