COVID -19 ကပ်ရောဂါဖြစ်နေသည့်အချိန်ကာလ မကွေးတိုင်းက သဘင်ပညာရှင် သုံးထောင်ကျော်ကို စားနပ်ရိက္ခာလှူဒါန်း

COVID -19 ကပ်ရောဂါဖြစ်နေသည့်အချိန်ကာလအတွင်း လူစုလူဝေးမဖြစ်စေရန် ဇာတ်ပွဲများရပ်နားထားရပြီး Home Stay နေရသည့်အချိန် သဘင်ပညာရှင်များ အခက်အခဲရှိနေသည့်အတွက် မြန်မာနိုင်ငံ သဘင်အစည်းအရုံးဗဟိုက ဦးဆောင်ပြီး မကွေးတိုင်းဒေသကြီးအတွင်းက သဘင်ပညာရှင်များကို စားနပ်ရိက္ခာလှူဒါန်းလျှက်ရှိတယ်လို့ သိရပါတယ်။
သု၃၄၃၅ ကို ဆန်၊ ဆီ၊ ဆား စသည်တို့ကို လှူဒါန်းကြောင်း မကွေးတိုင်းဒေသကြီး သဘင်အစည်းအရုံး ဥက္ကဌ ဦမင်းခန်းကိုကပြောသည်။

မြန်မာနိုင်ငံ သဘင်အစည်းအရုံးဗဟို၊ တိုင်းနဲ့ မြို့နယ် ရန်ပုံငွေများ စုပေါင်းပြီး အလှူငွေ ကျပ်သိန်း ၁၅၀၀ မတည်ပြီး၊ KMB ဖောင်ဒေးရှင်း CB Bank ဥက္ကဌ ဦးခင်မောင်အေးက ကျပ်သိန်း ၁၅၀၀ လှူဒါန်းကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ သဘင်ပညာရှင် ၂၂၀၀၀ ကျော်ရှိပြီး မကွေးတိုင်းတွင် ၃၄၃၅ ဦးရှိကြောင်း မကွေးတိုင်းသဘင်အစည်းအရုံး ဥက္ကဌ ဦမင်းခန်းကိုက ပြောပါတယ်။

“COVID-19ထိန်းချုပ်ရေးကာလ ဧပြီလဆန်းကတည်းကပေါ့၊ ထိန်းချုပ်ကာလ၁လခွဲကျော်ခဲ့ပါပြီ၊ သဘင်ပညာရှင်တွေကတော့ လက်ရှိပွဲမိန့်ပိတ်တဲ့အချိန်ကစပြီး ပထမတုန်းကသိပ်မသိသာခဲ့ပေမဲ့ထိန်းချုပ်ကာလကြာမြင့်လာတဲ့အခါ သဘင်ပညာရှင်တွေမှာ လက်လှုပ်မှပါးစပ်လှုပ်ရဆိုတဲ့အတိုင်း စားရတာပါ၊သဘင်ပညာရှင်အောက်ခြေ လူတန်းစားကော၊ လုပ်ငန်းရှင်လူတန်းစား ပြည်သူအားလုံးမှာအခက်တွေ့ပြီး ကစင့်ကလျားဖြစ်ကုန်ကြပါပြီ၊ နိုင်ငံတော်အစိုးရအနေနဲ့ ခုအချိန်ထိ သဘင်ပညာရှင်တွေကို လှူဒါန်းပေးမှုမရှိသေးပါဘူး၊ COVID-19ကပ်ရောဂါဟာ တစ်မျိုးသားလုံးရင်ဆိုင်ရမှာဖြစ်ပါတယ်၊ အသားအရောင်မခွဲခြားပဲ မည်သူ့ကိုမဆို COVID-19 က ပျက်သုဉ်းသွားအောင် ဆောင်ရွက်နိုင်တဲ့အနေအထား ရှိပါတယ်လို့ ဦးမင်းခန်းကိုက ပြောပါတယ်။
ကနေ့ ဧပြီလ ၂၇ ရက်နေ့မှာ မကွေးတိုင်း မင်းဘူးမြို့မှ သဘင်ပညာရှင်များကို ဆန် ၈ ပြည်၊ ဆီ ၅၀ သား၊ ပဲ ၅၀ သား၊ ကြက်သွန် ၁ ပိသာ၊ ဆား ၅၀ သား တို့ကို လှူဒါန်း​ခဲ့ပြီး မကွေးတိုင်အတွင်း ၂၅ မြို့နယ်မှ သဘင်ပညာရှင်များကို ကျပ်သိန်း ၅၀၀ ကျော်ဖိုး၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျပ်သိန်း၃၀၀၀ကျော်ဖိုး လှူဒါန်းသွားမယ်လို့ သိရပါတယ်။
အခုCOVID-19ကပ်ရောဂါဖြစ်နေတော့ ပွဲလမ်းသဘင်တွေလဲ မလုပ်ရဆိုပြီးပိတ်ထား‌တာပေါ့၊ သူတို့လဲစားဝတ်နေရေးအနည်းနဲ့အများတော့ ကြပ်တည်းမှုတွေဖြစ်ကုန်တာပေါ့၊ မင်းဘူးမှာကတော့ ဒေဝါပွဲတွေလိုက်ကတဲ့ ကလေးတွေများပါတယ်၊ သူတို့မှာဒေဝါပွဲတွေမလုပ်ရတဲ့အခါကြတော့ အခုလောလောဆယ် သူတို့ရဲ့ကန္နားစီးတွေက စောင့်ရှောက်ပြီးကျွေးထားတယ်လို့ သိရပါတယ်၊ သူတို့မှာဒီအလုပ်ပဲရှိတာလေ၊ယုံကြည်သက်ဝင်ကိုးကွယ်တဲ့ လူတွေနဲ့ ကန္နားပွဲတွေလုပ်တယ်၊ လိုက်ကကြတယ်၊ အဲဒီကရတာနဲ့စားသောက်ကြရတယ်၊ တစ်ချို့ဆို အိမ်တွေတောင်မရှိကြဘူး၊ နိုင်ငံတော်အစိုးရကတော့ ထောက်ပံ့မှုမရှိသေးပါဘူး၊ ခုလှူဒါန်းတာကလဲ မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟိုက လာပြီးလှူဒါန်းကြတာပါ၊ ဒီCOVID-19 ကပ်ရောဂါကြီး မပြီးဆုံးသရွေ့တော့ သဘင်ပညာရှင်ကော ပြည်သူတွေအားလုံး တောင့်ခံပြီး ခဏသည်းခံပြီးတော့ ရပ်တည်ရမဲ့သဘောပါဘဲလို့ မင်းဘူးမြို့နယ်သဘင်အစည်းအရုံးဥက္ကဌ ဒေါ်စန်းသူဇာလွင်က​ ပြောပါတယ်။
မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟိုမှ မကွေးတိုင်းအတွင်းက မကွေး၊ နတ်မောက်၊မြို့သစ်၊ တောင်တွင်းကြီး၊ အောင်လံ၊ သရက်၊ မင်းတုန်း၊ ကံမ၊ မင်းလှ၊ ဆင်ပေါင်ဝဲမြို့နယ်များတွင် လှူဒါန်းခဲ့ပြီး ကျန်မြို့နယ်များကို ဆက်လက်လှူဒါန်းသွားမယ်လို့ သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်

Leave a Reply

Your email address will not be published.