6355

လယ် ၁၀ ဧက အထက်ပိုင် တောင်သူများကိုချေးငွေများ ထုတ်ချေးပေးသွားမည်
ရွှေမန်း
၂၀၂၄ခုနှစ်နွေစပါးစိုက်ရာသီမှာ လယ်ဧက ၁၀ ဧကအထက်ရှိသည့် တောင်သူတွေကိုချေးငွေထုတ်ချေးခြင်းအား ဖေဖော်ဝါရီလအတွင်း ချေးငွေများထုတ်ချေးပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် က သိရသည်။

ချေးငွေထုတ်ချေးရန် အတွက် ရန်ကုန် ၊ ပဲခူး ၊ နေပြည်တော် ၊ဧရာဝတီတိုင်းမှ တောင်သူဦးရေ ၁ သိန်းကို ကနဦးစိစစ်ရွေးချယ်ထားပြီးဖြစ်သည်။

” လာမယ့်အပတ်ထဲမှာ ထုတ်ချေးဖို့စီစဉ်ထားပါတယ်၊အခုလ ၁၅ ရက်အတွင်း ထုတ်ချေးပေးမှာပါ ၊ အဓိက တောင်သူတွေ စိုက်ပျိုးစရိတ်အတွက် စိတ်မပူရအောင် ကာလတိုထုတ်ချေးပေးတဲ့သဘောပါ ” ဟု ၄င်းကပြောသည်။

ချေးငွေထုတ်ချေးရန် ရွေးချယ်ခံရသည့် တောင်သူတွေအနေဖြင့် လယ်တစ်ဧကို ငွေကျပ် ၄ သိန်း ထုတ်ချေးပေးမှာဖြစ်ပြီး ချေးငွေကာလက စပါးသီးနှံတစ်ရာသီ (၄)လမှ (၅)လ အထိ ဖြစ်ပြီး အတိုးနှုန်းက (၁) နှစ်ကို (၁၀)ရာခိုင်နှုန်း ပေးရမည်ဖြစ်သည်။

ယင်း ချေးငွေကို MRF နှင့် ပုဂ္ဂလိကဘဏ်တွေပူးပေါင်းပြီးဆောင်ရွက်ခြင်းဖြစ်ပြီး ချေးငွေကို ပုဂ္ဂလိက ဘဏ်တွေကနေ ထုတ်ချေးပေးမှာဖြစ်သည်။

MRF က ချေးငွေ ရယူလိုသည့် တောင်သူတွေကို ချေးငွေလျှောက်ထားခြင်းကို ၂၀၂၃ ဒီဇင်ဘာလ ၂၀ ရက်ကစပြီး ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ချေးငွေရယူလိုသည့် တောင်သူများအနေဖြင့် လျှောက်ထားသူအမည်၊ အဘအမည်၊ နိုင်ငံသားကတ်အမှတ်၊ ပုံစံ (၇)အရ – အမည်ပေါက်( တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ်၊ကျေးရွာအုပ်စု/ကျေးရွာ၊ကွင်း/ ဦးပိုင်)၊ ဧရိယာဧက စုစုပေါင်း၊ ဖွံ့ဖြိုးရေးချေးငွေရယူလိုသော ဧက၊ ဖွံ့ဖြိုးရေးချေးငွေလျှောက်ထားလိုသည့် စပါးရာသီ – ၂၀၂၃ ခုနှစ် နွေစပါး / ၂၀၂၄ ခုနှစ် မိုးစပါး၊ ဖွံ့ဖြိုးရေးချေးငွေရယူလိုသည့် (လ/ခုနှစ်)၊လျှောက်ထားသူ၏ နေရပ်လိပ်စာအပြည့်အစုံအပါအဝင် ဆက်သွယ်ရန် ဖုန်းနံပါတ်၊လျှောက်ထားသူလက်မှတ် တွေ ကိုဖြည့်သွင်းပြီး မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ကို Email နဲ့ဖြစ်စေ Viber Phone No (09400067240) ဖြစ်စေ၊ တခြားနည်းလမ်းအရဖြစ်စေ ပေးပို့လျှောက်ထားရန် အသိပေးပြီး ရွေးချယ်ခဲ့တာဖြစ်သည်။

လက်ရှိမှာ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် နွေစပါးစိုက်ပျိုးနိုင်သည့်ဒေသများတွင် နွေစပါးကို စိုက်ပျိုးနေကြပြီ မြန်မာနိုင်ငံ အထက်ပိုင်းတွင် ဧပြီ၊မေ လများတွင် စတင်စိုက်ပျိုးလေ့ရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published.