3665

တရုတ်ဘက်မှ ကြံတစ်တန်လျင် ငွေကျပ် နှစ်သိန်းကျော်ဈေးဖွင့်ဝယ်ယူမှုကြောင့် ဈေးကောင်းရ

ရွှေမန်း

မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် စိုက်ပျိုးထုတ်လုပ်သည့် ကြံများကို တရုတ်ဘက်မှ ဝယ်လိုအားကောင်းမွန်ပြီး နှစ်စဉ်တင်ပို့လျက်ရှိရာ ယခုနှစ် ကြံရာသီ၌ ကြံတစ်တန်လျင် ယွမ်ငွေ ၄၅၀ (မြန်မာငွေ နှစ်သိန်းကျော်) ဈေးဖွင့် ဝယ်ယူမည်ဖြစ်ရာ ဈေးကောင်းရရှိကြောင်း ကြံ၊သကြား လုပ်ငန်းရှင်တစ်ဦးထံမှသိရသည်။

ပြည်တွင်းမှ အချို့သကြားစက်များမှ ကြံတစ်တန်ဝယ်ယူဈေးကို ငွေကျပ် ၉၀၀၀၀ ဝန်းကျင်ဈေးဖွင့်ထားရာ နယ်စပ် ဒေသများမှ ကြံစိုက်တောင်သူများဈေးပိုမိုရရှိသော်လည်း သယ်ယူပို့ဆောင်စရိတ်လည်း ပိုမိုသည်ဟုဆိုသည်။

“နယ်စပ်တွေမှာ ကြံအထွက်နှုန်းကောင်းတယ်။ တရုတ်ဘက်ကလည်း သူနဲ့ နီးတဲ့ ဒေသတွေဖြစ်လို့ ထွက် သမျှဝယ်တယ်။ငွေလဲနုန်းအရ ဈေးပိုရတဲအနေအထားပါ။သပိတ်ကျင်း၊ ပျဉ်းမနား၊ကသာ ၊နောင်ချို ဒေသ တွေက ထွက်တဲ့ ကြံတွေကို တရုတ်ဘက်တင်ပို့ဖို့ မလွယ်တော့ ပြည်တွင်းက နီးတဲ့သကြားစက်တွေမှာပဲ ရောင်းကြတယ်”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံနယ်စပ်ဒေသများဖြစ်သည့်လောက်ကိုင်၊ချင်းရွှေဟော်၊နမ့်ခမ်း၊လွယ်ဂျယ်၊မူဆယ်တို့တွင်ဘိန်းအစား ထိုးသီးနှံအဖြစ် ကြံများစိုက်ပျိုးလျက်ရှိရာ အထွက်နုန်းကောင်းသကဲ့သို့ တရုတ်သကြားစက်များ၏ ဝယ်လိုအား ကောင်းသဖြင့် ကိုဗစ်စည်းကမ်းများကြောင့် ကြံတင်ပို့နိုင်မှုလျော့ကျမှုမရှိရေးအတွက်Green Line မှ ခွင့်ပြု ပေးရန်လိုအပ်ကြောင်းသိရသည်။

“တရုတ်သကြားစက်တွေက ကြံထွက်သလောက်ဝယ်ပြီး စိုက်ဖို့ မျိုးလည်းထုတ်ပေးတယ်။ကိုဗစ်စည်းကမ်းတွေ ကြောင့် ဂိတ်တွေက အဝင်မခံတာ။မနှစ်ကကိုဗစ်စည်းကမ်းတွေနဲ့့ ထင်သလောက်မပို့ နိုင်ခဲ့ ဘူး။ဒါကြောင့် ဒီနှစ် မှာ တရုတ်ဘက်ကို Green Line နဲ့ ကြံတင်ပို့နိုင်ဖို့ လိုပါတယ်”ဟု၎င်းကပြောသည်။

တရုတ်ဘက်သို့ ကြံတင်ပို့မှု စာရင်းများအရ ကြံတန်ချိန် အများဆုံး ၁၀ သိန်းဝန်းကျင်ထိ တင်ပို့နိုင်ခဲ့ကာ နယ်စပ်မှ စိုက်ပျိုးထွက်ရှိသမျှ ကြံကို ဝယ်ယူနေခြင်းဖြစ်၍ ကြံစိုက်ဧကများပြားမှုကြောင့် ကြံထွက်နုန်းလည်း များပြားကြောင်းသိရသည်။

Leave a Reply

Your email address will not be published.