သင်္ကြန်ကာလာမတိုင်မီထိ ပို့ကုန်ပဲများနှင့်ပြည်တွင်းသုံးပဲမျိုးစုံ အမြင့်ဈေးအတိုင်း အရောင်းအဝယ်သွက်နေမည်

ရွှေမန်း

အမြင့်ဈေးဖြင့်တည်ငြိမ်နေသည့်ပို့ကုန်ပဲများဈေးမြင့်တက် အဝယ်သွက်လာ သလို ပြည်တွင်းသုံးပဲများလည်း လိုက်ပါဈေးမြင့်တက်နေကြောင်း လက်ရှိဖြစ်ပေါ်နေသောပဲ၊နှမ်းပေါက်ဈေးများမှာသင်္ကြန်ကာလမတိုမီထိ အရောင်းအဝယ် ကောင်းနေမည်ဖြစ်ကြောင်း  ပဲကုန်သည်များထံက သိရသည်။
မတ်လဆန်းပိုင်းမှစတင် တဖြေးဖြေးပဲအသစ်အဝင်များနှင့်အတူ ပို့ကုန်ပဲများ ဈေးမြင့်တက်လာရာမှ ရွှေဈေးတက်လာချိန်မှာ ဈေးအမြင့်ဆုံးဈေးများဖြစ်လာပြီး ကြိုက်ရောင်းကြိုက်ဝယ်ဖြင့် ပဲဈေးကွက်တစ်ခုလုံး အမြင့်ဈေးဖြစ်နေကြောင်း ၊သင်္ကြန်ကာလာမတိုင်မီ ငွေပေး ၊ငွေယူ မြန်ဆန်နိုင်မည့် အရောင်းအဝယ်မျိုးကိုသာ ပြုလုပ်ကြကြောင်း၊ သို့ဖြစ်၍ လက်ရှိသီတင်းပတ်တွင်လည်း ပဲ၊နှမ်းဈေးကွက်တစ်ခု ဝယ်လိုအားကောင်းနေကြောင်း၊ အထူးသဖြင့် ပို့ကုန်ပဲများနှင့် ပြည်တွင်းသုံးကုလားပဲမှာ အရောင်းအဝယ်အကောင်းဆုံးဖြစ်နေကြောင်း  ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ) ကပြောသည်။
 “ ပဲဈေးကွက် ဒီသီတင်းပတ်မှာ အရောင်းရောအဝယ်ရော ခပ်သွက်သွက်ဖြစ်နေပါတယ်။ ပြည်တွင်းသုံး V2 ကုလားပဲဆိုရင် ၂၁၀၀၀၀ ထိပေါက်ဈေးရှိဖြစ်လာတယ်။ အရင်ပတ်ထက် တစ်အိတ် ကျပ် ၈၀၀၀ လောက် ဆက်လက်မြင့်တက်လာတာပါ။ မတ်ပဲနဲ့ပဲစင်းငုံလည်း ဈေးဆက်တိုက်တက်လာပါတယ်။ ရန်ကုန်အဝယ်ထက် မန္တလေးစက်ပိုင်အဝယ်တွေက ဈေးပိုပေးဝယ်နေပါတယ်။ ပဲစင်းငုံကတော့ ဝယ်ဈေးရောင်းရယ်လို့ နှစ်မျိုးဈေးဖြစ်လာပါတယ်။ရွှေဈေးက ဆက်မြင့်နေတော့  ပို့ကုန်ပဲဈေးတွေ ကတော့ကျ ဆင်းစရာမရှိပါဘူး။ ပဲစင်းငုံက တစ်အိတ် ငွေကျပ် ၂၃၀၀၀၀ နဲ့ အိတ်ရေ ထောင်ချီအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့တစ်အိတ် ၂၂၅၀၀၀ ပေါက်ဈေးနဲ့ အရောင်းအဝယ်ဆက်ကောင်းနေပါတယ်။တရုတ်လိုင်းသွားတဲ့ မြေထောက်ပဲ ကတော့ ထိပ်စတစ်အိတ် ၂၉၅၀၀၀ ထိပေါက်ဈေးရှိလာပါတယ်။ ပဲဈေးကွက်တစ်ခုလုံးကတော့ ယခင်သီးတင်းပတ်ထက် ဈေးတွေဆက်လက်မြင့်တက်နေပါတယ်။ပို့ကုန်ပဲတွေ ဈေးတက်သလို ပြည်တွင်းသုံးပဲမာလိုင်းလည်း ဈေးတွေလိုက်တက်  နေပါတယ်။ ပဲဈေးကွက် အရောင်းအဝယ်က သင်္ကြန်ထိ အရောင်းအဝယ်ခပ်သွက်သွက်ရှိနေပါတယ် ။သင်္ကြန်မတိုင်မီ ငွေပေးငွေယူရှင်းမှသာ အရောင်းအဝယ်က ကောင်းကောင်းဖြစ်တာပါ ” ဟု ၎င်းကပြောသည်။
မတ်လ တစ်လလုံး  တဖြေးဖြေးဈေးမြင့်တက်လာသည့် ပို့ကုန် မတ်ပဲ ၊ပဲစင်းနှင့် ပဲတီစိမ်းတို့ မှာ သုံးတင်းဝင်တစ်အိတ် ကျပ် ၂၀၀၀၀၀ ကျော်ထိ ဈေးမြင့်တက်လာရာ မတ်-၂၃ရက်နေ့တွင် မတ်ပဲ(သစ်) ၆၀ပိဿာတစ်အိတ် ကျပ် ၂၀၀၀၀၀ ၊ ပဲစင်းငုံ(သစ်) ၆၀ ပိဿာတစ်အိတ်ကျပ် ၂၂၈၀၀၀(ရောင်း)၊၂၂၅၀၀၀(ဝယ်) ၊ပဲတီစိမ်းရွှေဝါ(သစ်) ၅၆.၂၅ ပိဿာတစ်အိတ် ၂၂၅၀၀၀ ပေါက်ဈေး သာရှိပြီး တစ်အိတ်ကျပ် ၃၀၀၀ ခန့်ဈေးမြင့်တက်သွားကြောင်း မန္တလေးကုန်စည်ဒိုင် ပေါက်ဈေးများ အရသိရသည်။
ပြည်တွင်းရွှေဈေး ဆက်လက်မြင့်တက်လာတာကြောင့် ပြည်တွင်းပဲ၊နှမ်းဈေးကွက်မှာ အမြင့်ဈေးတွေနေကာ ဈေးမာနေခြင်းဖြစ်ကြောင်း ပို့ကုန်ပဲတွေနှင့်အတူ ပြည်တွင်းသုံး ကုလားပဲများလည်း ဈေးမြင့်တက်နေခြင်းကြောင်း၊ ပဲ၊နှမ်းဈေးကွက် အရောင်းအဝယ်မှာ သင်္ကြန်ကာလမတိုင်မီထိ လက်ရှိအမြင့်ဈေးအတိုင်းဆက်လက်ရှိနေနိုင်ကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။
ယခုသီးတင်ပတ် မတ် ၂၃ ရက်နေ့တွင် ဈေးမြင့်တက်လာသည့် ကုလားပဲ V2 တစ်အိတ်မှာငွေကျပ် ၂၁၀၀၀၀၊ ပဲကြီးတစ်အိတ် ငွေကျပ်၂၄၅၀၀၀၊ ပဲထောပတ် တစ်အိတ် ငွေကျပ်၂၄၅၀၀၀၊ မြေထောက်ပဲ တစ်အိတ် ငွေကျပ်၂၉၅၀၀၀၊  မြေပဲအနီလုံးဆန် တစ်ပိသာ ၇၃၀၀-၇၄၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.