သကြားပေါက်ဈေးအရ ကြံတောင်သူများထံမှ ကြံတစ်တန်လျင် ငွေကျပ် တစ်သိန်းအထက် တောင်သူများရလို

ရွှေမန်း

၂၀၂၂-၂၀၂၃ ခုနှစ်ကြံရာသီတွင် သကြားပေါက်ဈေးမှာ တစ်ပိဿာလျင် ငွေကျပ် ၃၀၀၀ ဝန်းကျင်ပေါက်ဈေး ရောက်ရှိသည့်အတွက် ယင်းဈေးကွက်အပေါ်မူတည်၍ စက်ရုံများမှ ကြံတစ်တန်လျင် ငွေကျပ် တစ်သိန်း အထက်ဈေးဖွင့် ဝယ်ယူသင့်ကြောင်း ကြံတောင်သူအချို့ထံက ပြောသည်။

သကြားတစ်ပိဿာ ငွေကျပ် ၂၀၀၀ ဝန်းကျင်ပေါက်ဈေးတွင် ကြံတစ်တန်လျင် ငွေကျပ် ၅၀၀၀၀ ဝန်းကျင် ဈေးဖွင့် ဝယ်ယူခဲ့ကြပြီးနောက် ၂၀၂၁-၂၀၂၂ တွင် သကြားဈေးမြင့်လာချိန် ကြံတစ်တန်လျင် ငွေကျပ် ၉၀၀၀၀ နှင့်အထက်ဝယ်ယူပေးခဲ့သည်ဟုဆိုသည်။

“စက်ရုံတွေက သကြားပေါက်ဈေးအပေါ်ကြည့်ပြီး ကြံဝယ်ဈေးသတ်မှတ်တယ်။ခုလိုတစ်ပိဿာ ၃၀၀၀-ဝန်း ကျင်ဈေးမှာ ကြံတစ်တန်ကို ငွေကျပ် ၉၀၀၀၀ လောက်ပေးတယ်။နယ်မြေအလိုက် တချို့က တစ်သိန်းလောက် ထိပေးတာလည်းရှိပါတယ်။ဒါပေမယ့် လက်ရှိ သကြားပေါက်ဈေးနဲ့ဆိုရင် ကြံတစ်တန်ကို တစ်သိန်းအထက်ပေး ဝယ်သင့်တယ်”ဟု ကသာခရိုင်၊မောင်းကုန်းဒေသမှ ကြံတောင်သူ ဦးချိုတူးကပြောသည်။

သကြားစက်များသည် ယခုကြံရာသီတွင် စက်ရုံအရောက် ကြံတစ်တန်လျင် ငွေကျပ် ၉၀၀၀၀- ၁၀၀၀၀၀ ဝန်း ကျင်ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့ရာ သကြားပေါက်ဈေးအရ စက်ရုံများတွက်ခြေကိုက်သော်လည်း ကြံဝယ်ယူသည့် နှုန်းထားမှာ အချိုးမမျှနည်းပါးသဖြင့် လာမည့်ကြံရာသီတွင် ကြံတစ်တန်လျင် ငွေကျပ် ၁၀၀၀၀၀ အထက်ဈေး ပေး ဝယ်ယူ သင့်သည်ဟု ကြံတောင်သူများထံမှ သိရသည်။

ကြံတောင်သူတစ်ဦးကသုံးသပ်ပြောကြားရာ၌“ပြင်ပသကြားဈေးပေါ်မူတည်ပြီး စက်ရုံက ကြံဝယ်ဈေးသတ် မှတ်တယ်။သကြားဈေးကောင်းရင် တစ်တန်အပေါ်မှာ ဘယ်လောက်နှုန်းတိုးပေးမယ်ဆိုတာမျိုးရှိတယ်။လက်ရှိ စက်ရုံတွေဝယ်ဈေးနဲ့ဆိုရင် ကြံတောင်သူတွေအတွက် အဆင်ပြေပေမယ့် သကြားပေါက်ဈေးအရဆိုရင် ကြံ ဝယ်ဈေးက အချိုးအားဖြင့် နည်းတယ်”ဟုဆိုသည်။

Leave a Reply

Your email address will not be published.