လာမည်ကြံရာသီ၌ သကြားဈေးကွက်တွင် လက်ရှိဈေးထက်နိမ့်ကျဖွယ်မရှိ

ရွှေမန်း

ပြည်တွင်းသကြားစားသုံးမှုနှင့် ထုတ်လုပ်မှု လုံလောက်ပြီး ပြည်ပသို့တင်ပို့မှုများရှိရာ ကမ္ဘာ့သကြားဈေးမြင့် တက်လာခြင်းကြောင့် ယခုကဲ့သို့ အမြင့်ဈေးရောက်လာရာ လာမည့်သကြား ဈေးကွက်တွင် လက်ရှိပေါက်ဈေး ထက် နိမ့်ကျဖွယ်မရှိကြောင်း သိရသည်။

လက်ရှိ သကြားတစ်ပိသာဈေးနှုန်းများမှာ မန္တလေးတွင် ၃၁၈၀ ကျပ်နှင့် ရန်ကုန်တွင် ၃၂၀၀ ပေါက်ဈေး ရှိသည်ဟုဆိုသည်။

“ကမ္ဘာ့သကြားဈေးတက်လို့ ပြည်တွင်းသကြားလည်းဈေးမြင့်လာတာပါ။လာမယ့်နှစ် သကြားဈေးက အခုဈေး ထက်နိမ့်ကျဖို့မရှိနိုင်ဘူး။လာမယ့်နှစ်မှာ ကြံစိုက် တောင်သူတွေ အလားအလာကောင်းတယ်။ဒီနှစ်လည်း ကြံ စိုက်ဧကတိုးလာသလို သကြားထွက်ရှိမှုလည်းတိုးတယ်” မြန်မာနိုင်ငံ၊သကြားနှင့်ကြံထွက် လုပ်ငန်းရှင်များ အသင်းဒုဥက္ကဌ ဦးဝင်းဌေးကပြောသည်။

သကြားမှာ ပြည်တွင်းစားသုံးမှုပိုလျှံပြီး သကြားထုတ်လုပ်မှုမြင့်လာရာ ပြည်ပသို့ တင်ပို့မှုများလည်း ရှိပြီး လာမည့်နှစ်တွင် ယခုနှစ်ထက် ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊မြန်မာ့သကြားသည် ကမ္ဘာ့ဈေးကွက်တွင် ယခင်ကတည်းက တန်းဝင်သကြားဖြစ်သော်လည်း Modyfine Sugar အဖြစ် ထုတ်လုပ်နိုင်ခြင်းမရှိသေး ကြောင်းသိရသည်။

“ဒီနှစ် ကြံတောင်သူတွေအတွက် အဆင်ပြေတယ်လို့ပြောနိုင်ပေမယ့် သကြားစက်တွေက ပိုပြီး အမြတ်အစွန်း ရတယ်။စက်ရုံတွေက သကြားဈေးပေါ်မူတည်ပြီး တောင်သူတွေဆီက ကြံဈေးဖြတ်ပေးတာ။ပြီးခဲ့တဲ့ကြံရာသီမှာ တစ်တန်ကို ၉၅၀၀၀ ပေးတယ်။လက်ရှိသကြားပေါက်ဈေးနဲ့ဆိုရင် တစ်သိန်းအထက်ပေးသင့်တယ်”ဟု မောင်းကုန်းမှ ကြံစိုက်တောင်သူ ဦးချိုတူးကပြောသည်။

ကြံတစ်ဧကလျင် စိုက်ပျိုးစရိတ်မှာ ယခင်က ငွေကျပ် ၄သိန်း ဖြစ်သော်လည်း မြေသြဇာနှင့်အခြားစရိတ်များ မြင့်တက်လာသခြင့် စိုက်ပျိုးစရိတ်မှာ ငွေကျပ် ၁ ၂သိန်း ကုန်ကျပြီး ကြံစိုက်ပျိုးစရိတ် မှာ ၃ ဆ ခန့် ပိုမို ကုန်ကျလာ​ ကြောင်း၎င်းကဆက်လက်ပြောကြားသည်။

ပြည်တွင်းသကြားစားသုံးမှုမှာ တန်ချိန် ငါးသန်းဝန်းကျင်ဖြစ်ပြီး ထုတ်လုပ်နိုင်မှုမှာ တန်ချိန်လေးသန်းခွဲခန့်ရှိ သဖြင့် ပိုလျှံပြီး ပြည်ပသို့ တင်ပို့မှုများလည်းရှိကြောင်း၊ယခင်နှစ်များက ပြည်တွင်းသကြားလက်ကျန်များပြီး ၀ယ်လိုအားနည်းခြင်းကြောင့် ၂၀၂၁ ခုနစ်မတိုင်မီက သကြားတစ်ပိသာငွေကျပ် ၂၀၀၀ ၀န်းကျင်သာရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.