၂၀၂၀ အလွန်မှသာ ဆွေးနွေးနိုင်တော့မည့် “ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ” တည်ရှိရေး

မြင့်ဇော်ဦး (၂၀ သြဂုတ်)

တိုင်းရင်းသားပြည်နယ်များတွင် ကိုယ်ပိုင်အခြေခံဥပဒေရေးဆွဲခွင့် (ကိုယ်ပိုင်ပြဌာန်းခွင့် ) နှင့်ပတ်သက်ပြီး ပြည်ထောင်စုသဘောတူစာချုပ်တွင် ထည့်သွင်းရေးဆွဲရန် ဘုံသဘောတူညီချက် မရရှိခဲ့ခြင်းကြောင့် ၂၀၂၀အလွန် အစိုးရသစ် လက်ထက်၌သာ ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ “ကျန်ခဲ့တဲ့ အကြောင်းအရင်းကလည်း “ပြည်နယ်အခြေခံဥပဒေ” နဲ့ “ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ” စကားရပ် အခေါ်အဝေါ်ညှိယူလို့ မရတဲ့အတွက်လို့ ဆိုနိုင်ပေမယ့်လည်း ဝေါဟာရတွေအပေါ်မှာ အနက်အဓိပ္ပါယ် ကောက်ယူဖွင့်ဆုမှုတွေရဲ့ အကျိုးဆက်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ နှစ်ဖက်စလုံးမှာ ရှိနေတဲ့ စိုးရိမ်မှုတွေပါပဲ။ ဒီစိုးရိမ်မှုတွေကို ထပ်ပြီး စိစ်သုံးသပ်ကြည့်လိုက်ရင် သံသယတွေနဲ့ ကြည့်မြင်နေကြလို့ အပြန်အလှန် ယုံကြည်မှု အားနည်းလို့ ဆိုတာကို အတိုင်းသားမြင်နိုင်ပါတယ်” ဟု ဩဂုတ် ၁၉ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် ဆွေးနွေးချက်များထဲတွင် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအား ကျော်လွန်ဆန့်ကျင်ခြင်း မရှိစေဘဲ ပြည်နယ်များအနေဖြင့် ကိုယ်ပိုင်အခြေခံဥပဒေရေးဆွဲခွင့်ကို သဘောတူလက်ခံထားပြီး ဖြစ်ရာ ယခု ဖြစ်ပွားသည့် အခြေအနေမှာ “ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ” ဆိုသည့် စကားရပ်၊ အခေါ်အဝေါ်အား သဘောတူညီချက်မရရှိခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုထားသည်။

“တိုင်းရင်းသားအခွင့်အရေး၊ လူနည်းစုအခွင့်အရေးဆိုတဲ့ အားငယ်စိတ်၊ သံသယစိတ်ဝင်ပြီး ယုံကြည်မှုကို ထိခိုက်စေတဲ့ စိတ်၊ သွေးကွဲမှုကို အားပေးပြီး စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေတဲ့ စိတ်တွေ၊ အပြောအဆို အသုံးအနှုန်းတွေကို ရှောင်ရှားဖို့လိုပါတယ်” ဟုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၄ကြိမ်မြောက် ပင်လုံအစည်းအဝေး အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

NRPC ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် “ပြည်နယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ” ရေးဆွဲခွင့် ရရှိရေးကို နှစ်ဖက် သဘောတူညီမှု ရရှိနိုင်ရန် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ လက်ရှိ အန်အယ်လ်ဒီ အစိုးရလက်ထက်တွင် ဆွေးနွေးရန် မဖြစ်နိုင်တော့သည့် “ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပေဒ” ရေးဆွဲရေး ၂၀၂၀ အလွန် တက်လာမည့် အစိုးရသစ်လက်ထက်တွင်မှ ဆက်လက်ဆွေးနွေးရခြင်းမှာ အချိန်အကန့်သတ်ရှိခြင်းကြောင့်ဖြစ်ကြောင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အဖွဲ့ဝင် ဒေါက်တာ တူးဂျာက ဆိုသည်။

“ဒါဟာ နောက်ဆုံးမဟုတ်ဘူး၊ အစိုးရသစ် ပေါ်ထွက်လာတဲ့အခါ အဲ့ဒီမှာ ဆက်လက်ဆွေးနွေးသွားမှာပေါ့ လောလောဆယ်ကတော့ အချိန်က အရမ်းကပ်သွားတဲ့အတွက် ပြည်ထောင်စု သဘောတူညီချက် စာချုပ်မှာတော့ မပါသေးဘူးပေါ့၊ ဒါကို ပစ်ပယ်ထားတဲ့ သဘောတော့ မဟုတ်ပါဘူးဗျာ။ တစ်ချို့အချက်အလက်တွေကို ပြည်ထောင်စု သဘောတူညီချက် စာချုပ်အနေနဲ့ ချမှတ်ထားနိုင်တာကိုက အမြတ်ပေါ့” ဟု ဒေါက်တာ တူးဂျာက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံညီလာခံ စတုတ္ထအကြိမ် အစည်းအဝေးကို နေပြည်တော်ရှိ MICC-I နှင့် MICC-II တို့တွင် သြဂုတ်လ (၁၉)ရက်မှ (၂၁)ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုရာ မူဘောင် ၊ ၂၀၂၀ အလွန် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်အဆင့်ဆင့် နှင့် ဒီမိုကရေစီ ဖက်ဒရယ် အခြေခံမူများဆိုသည့် အပိုင်းသုံးပိုင်း ပါဝင်သော ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) ကို ချုပ်ဆိုသွားမည် ဖြစ်သည်။ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်ရေး ဟူသော လုပ်ငန်းစဥ်ကြီး (၅)ချက် ပါဝင်သည်။

Leave a Reply

Your email address will not be published.