ဧဒင်ဥယျာဉ်ထဲက အသီး

ကောင်းဇော်

ရွေးကောက်ပွဲ ဆိုတာ စိုက်ပျိုးရေးလုပ်ငန်းတမျိုးပါပဲ။ စိုက်တဲ့အသီးကို ရိတ်သိမ်းကြရတယ်။
သဘာဝနည်းကိုသုံးပြီးထွက်လာတဲ့အသီးအနှံက ဓာတုနည်းသုံးတဲ့၊ ကဲတဲ့ အသီးအနှံထက် ဘေးထွက်ဆိုးကျိုးနည်းတယ်။
လူအတော်များများက ပါတီတခုတည်ထောင်ဖို့ထက် ရွေးကောက်ပွဲမှာ ကိုယ်နှစ်သက်ရာကို ရွေးချယ်မဲထဲ့ရတာကို ပိုအာရုံကျကြတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ရက် ရက်စွဲနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ထုတ်ပြန်ကြေညာခဲ့တယ်။
ပြည်သူအများစုက ပြဌာန်းတဲ့ ဥပဒေထက် ဘယ်ပါတီတွေ ပြန်မှတ်ပုံတင်မှာလဲဆိုတာကို ပိုစိတ်ဝင်စားပါ
တယ်။
နိုင်ငံရေးပါတီတခုအဖြစ် ထူထောင်မယ်ဆိုရင် ယခင်ပါတီတွေက(နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅နဲ့ အကျုံးဝင်ရင်) နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ဆိုပြီး ၂ဆင့်လျှောက်ရပါတယ်။ နိုင်ငံရေးပါတီအသစ် တည်ထောင်တာဆိုရင်တော့ နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ရပါတယ်။
ပါတီအသစ်တည်ထောင်ခွင့် လျှောက်ထားတဲ့ ၁၃ ပါတီထဲက ပြည်ထောင်စု တိုးတက်ဖွံ့ဖြိုးရေးပါတီနဲ့ ဒီမိုကရက်တစ်အင်အားစု လေဘာပါတီတို့ကို နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုလိုက်တယ်လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် ဧပြီ ၂၆ ရက်က ထုတ်ပြန်ပါတယ်။
တည်ထောင်ခွင့်ရရှိတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ ရက်ပေါင်း ၃၀ အတွင်း ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ပြန်လျှောက်တဲ့ နိုင်ငံရေးပါတီ ၅၀ ကိုလည်း စတင်
ခွင့်ပြုချက်ချပေးနေပြီး ဧပြီလ ၂၀ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ပြည်ထောင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် မှတ်ပုံတင်ခွင့်ပြုလိုက်တဲ့ နိုင်ငံရေးပါတီငါးခု ရှိနေပြီလို့ ဆိုပါတယ်။
၂၀၂၃ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေရဲ့ အခန်း (၂)က နိုင်ငံရေးပါတိတည်ထောင်ခြင်းနဲ့ မှတ်ပုံတင်ခြင်းဖြစ်တယ်။
အခန်း(၂) ပုဒ်မ (၃) (က)မှာ နိုင်ငံရေးပါတီတရပ်ကို ပြည်ထောင်စုတဝန်းလုံးဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုခုမှာ ဖြစ်စေ စည်းရုံးဆောင်ရွက်လိုတဲ့ ပါတီတည်ထောင်လိုသူ အနည်းဆုံး ၁၅ဦးက တည်ထောင်လိုတဲ့ ပါတီအမည်ကို ဖော်ပြပြီး ပါတီဝင်တွေကို ဥပဒေနဲ့အညီစည်းရုံးခွင့်ပြုရန် ကော်မရှင်ကို လျှောက်ရပါတယ်။
နိုင်ငံတနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံရေးရာသီဥတုက ဆက်စပ်နေပါတယ်။ မကြာခင် ပြုလုပ်မယ့် ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲမဲဆွယ်တဲ့အကြောင်းအရာတွေမှာ မြန်မာ့အရေးထဲ့ပြောနေကြတယ်လို့ သိရပါတယ်။
တချို့ရွေးကောက်ပွဲတွေက စီမံကိန်းသီးနှံကို စိုက်လိုက်ရတာနဲ့ တူတတ်ပါတယ်။ ဖြစ်ထွန်းချင် ဖြစ်ထွန်းသွားတတ်ပေမယ့် ပြည်သူရဲ့ အာ၊ လျှာနဲ့ မတွေတဲ့ သီးနှံလည်း ဖြစ်နေတတ်ပါတယ်။
တောင်သူလယ်သမားတွေက မိုးသံလေသံကြားရင် စိုက်ဖို့ ပျိုးဖို့ ပြင်ကြသလို နိုင်ငံရေးသမားတွေကလည်း ရွေးကောက်ပွဲသံကြားရင် ပြင်ဆင်လာကြတာပါပဲ။
နိုင်ငံတဝန်းလုံး စည်းရုံးမယ့်ပါတီဆိုရင် ပါတီရန်ပုံငွေ ကျပ်သိန်းတစ်ထောင်၊ တိုင်းဒေသကြီး သိုမဟုတ် ပြည်နယ်တခုထဲမှာသာ စည်းရုံးမယ့်ပါတီက ကျပ်သိန်း တစ်ရာကို မြန်မာ့စိပွားရေးဘဏ်တစ်ခုခုမှာ ငွေစာရင်းဖွင့်လှစ်ပြီးကြောင်းအထောက်အထားရှိရမယ်လို့ ပုဒ်မ ၅ (ဆ)မှာ တွေ့ရပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများရဲ့ ပုဒ်မ – ၇ (ခ) မှာ မှတ်ပုံတင်ကြေး ငွေကျပ် ဆယ်သိန်းကို ကော်မရှင်က သတ်မှတ်သည့် နည်းလမ်းများအတိုင်းပေးသွင်းရမည် လို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်တာနံ့ပတ်သက်တဲ့ နည်းဥပဒေကို လေ့လာတွေ့ရှိရပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၉)မှာ ပါတီတည်ထောင်လိုသူများ၏ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားတဲ့အခါ ကော်မရှင်သည် သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ စစ်ဆေးပြီးနောက် သတ်မှတ်ချက်နှင့် ညီညွတ်ပါက မှတ်ပုံတင်ခွင့်ပြုနိုင်သည် သို့မဟုတ် ညီညွတ်ခြင်းမရှိပါက မှတ်ပုံတင်ခွင့် ပြုရန် ငြင်းပယ်နိုင်သည်လို့ ဖော်ပြထားပါတယ်။
ဧဒင်ဥယျာဉ်ထဲက တားမြစ်သစ်သီးက စားသူကို ဉာဏ်အလင်းပွင့်စေခဲ့တယ်ဆိုပေမယ့် သေခြင်းတရားကိုပါ ယူဆောင်လာခဲ့ပါတယ်။
အသက်သွေးချွေးတွေရင်းနေရပေမယ့် လူသားပီသစွာ သက်ရှင်ရပ်တည်ပြဖို ဧဒင်ဥယျာဉ်ကို စွန့်ခွာပြီး ကမ္ဘာလောကကြီးထဲ အာဒံနဲ့ ဧဝတို့ ဉာဏ်ခရီးထွက်ခဲ့ကြတယ်။
ဦးဆုံး စိုက်ပျိုးရေးနဲ့ ရပ်တည်တယ်။ ကိုယ်စိုက်တဲ့အသီး ကိုယ် စားကြရတယ်။
ကမ္ဘာဦးအသီအနှံတွေက သဘာဝနည်းကို အားပြု စိုက်ခဲ့ကြတယ်။
သီးနှံအောင်မြင်ဖြစ်ထွန်းဖို့ဆိုတာ မိုးလေမှန်ဖို့ လိုအပ်ပါတယ်။ ရာသီဓလေ့မှန်နဲ့ စိုက်ပျိုးမှ ပြည်သူဝမ်းဝတဲ့ သိးနှံအောင်မြင်မှာ ဖြစ်ပေမယ့် အယ်နီညိုနဲ့ လာနီညာကိုလည်း သတိထားတွက်ချက်ရမှာ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉အရ မှတ်ပုံတင်ခွင့်ရတဲ့နေ့ကစပြီးမှ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ပါတီဝင်ခွင့် လျှောက်ထားသူတွေကို ပါတီဝင်အသိအမှတ်ပြုလွှာ ထုတ်ပေးတာ၊လပါတီဝင်ကြေး၊ လစဉ်ကြေးကောက်တာနဲ့ စည်းရုံးခြင်းတွေကို ပါတီစည်းမျဉ်းတွေနဲ့အညီ ဆောင်ရွက်နိုင်တယ်လို့ ပုဒ်မ ၁၁ မှာ ပြဌာန်းထားပါတယ်။ ပါတီတွေတည်ထောင် လှုပ်ရှားပြီးရင် ဆက်လျှောက်တဲ့လမ်းက ရွေးကောက်ပွဲပါ။
ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ လက်ရှိကျင့်သုံးနေသည့် မဲများသူအနိုင်ယူ (FPTP)စနစ်အပြင် အချိုးကျကိုယ်စားပြု (PR) စနစ်ကိုလည်း ပေါင်းစပ်ကျင်းပနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိတယ်လို့ သိရပါတယ်။
တစ်နိုင်ငံလုံး အကြားအလပ်မရှိ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ရန်နဲ့ မဲပေးကြမယ့် နိုင်ငံသားအားလုံး မတရားမှုမှ ကင်းဝေးစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောကြပါတယ်။
အထွေထွေရွေးကောက်ပွဲကြီးကျင်းပနိုင်ဖို့က ငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေပါတယ်။
နိုင်ငံရေးက စိုက်ပျိုးရေးလိုပါပဲ။ ဓါတုနည်းတွေ အလွန်အကျွံသုံးလေ အန္တရာယ်များလေပါ။ အပင်ကြီးထွားဖို့သာမက ပေါင်းမြက်တွေ ကင်းဖို့လည်း ဓါတုဆေးတွေ သုံးကြပါတယ်။
ပေါင်းသတ်ဆေးသုံးရင် အသုံးပြုသူကိုပါအန္တရာယ်ကြီးပါတယ်။ ဆရာဝန်ကြီးတဦးကတော့ သုံးလို့ကျန်းမာရေးထိခိုက်တာက ကျနော်တို့တွေ ကုသ မပေးနိုင်လို့ မဟုတ်ဘူးဗျ။ သူသူရဲ့ဘေးထွက်ဆိုးကျိုးက ကုနိုင်စွမ်းထက် ပိုပြင်းထန်လို့ပါ။ အကောင်းဆုံးက ပေါင်းသတ်ဆေး လုံးဝအသုံးမပြုပဲ နေတာပါပဲ တဲ့။

Leave a Reply

Your email address will not be published.