“ဤ ခရီးနီးပြီလား”

ဦးမင်း(မကွေး)

            ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်နယ်အခြေခံဥပဒေအပေါ် အစိုးရနဲ့ တိုင်းရင်းသားလက် နက်ကိုင် တို့အကြား  မကျေလည်မှုတွေ ရှိခဲ့တာကြောင့် (၂၁)ရာစု ပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးကနေ တဆင့်  ပြည်ထောင်စု သဘောတူစာချုပ်မှာတော့ အဲ့ဒီအချက် ပါ၀င်မချုပ်ဆိုနိုင်ခဲ့တဲ့အပေါ် ၀မ်းနည်းစိတ်မကောင်းဖြစ်ရတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အပါအဝင် ညီလာခံ တက်ရောက်လာသူ အများစုက ဆိုပါ တယ်။

            ထိုမကျေလည်မှုဟာ တစ်ဦးနဲ့တစ်ဦး ၊တစ်ဖက်နဲ့တစ်ဖက်ယုံကြည်မှု မရှိှတာကြောင့် ဖြစ်တယ်လို့  အစိုးရဘက်ကရော တိုင်းရင်းသားလက်နက်ကိုင်အများစုက မှတ်ချက်ပြုကြပါတယ်။ပိုမိုခိုင်မာတဲ့ ယုံကြည်မှု တည်ဆောက်ဖို့လိုနေသေးတယ်ဆိုတာ ဒီအကျေလည်မှုကနေ ပြသလိုက်တာဖြစ်တယ်လို့ ဆိုသူထဲမှာ ‌စောမြရာဇာလင်းလည်း အပါအ၀င်ဖြစ်ပါတယ်။

            စောမြရာဇာလင်းဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ရက်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်‌ေရးမှုရပ်စဲရေးစာချုပ်မှာ သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ ၈ဖွဲ့မှာ တစ်ဖွဲ့ဖြစ်တဲ့ ALP (Arakan Liberation Party)ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ရဲ့ ငြိမ်းချမ်းရေးဖော် ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဖြစ်သလို၊ ငြိမ်းချမ်းရေးအကောင်း အထည်ဖော်မှုလုပ်ငန်းစဥ်မှာ ပါ၀င်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အစုမှာလည်း တက်တက်ကြွကြွပါ၀င်ဆောင်ရွက်နေသူ အမျိုးသမီးလည်းဖြစ်ပါတယ်။

ALP ဟာ၁၉၆၈ခုနှစ်နိုဝင်ဘာ၂၀ကစလို့ နှစ်ပေါင်း(၃၀)ကျော်နိုင်ငံရေးအရွေ့မှာ  ပါဝင်လှုပ်ရှားခဲ့ပြီး ဌာနချုပ်ကို အိန္ဒိယနယ်စပ်မှာထားရှိကာ ရွေ့လျားဌာနချုပ်ကိုတော့ ကရင်ပြည်နယ်မှာ ထားရှိပါတယ်။ ALPရဲ့ ဌာနခွဲ တွေမှာ မဲဆောက် (ထိုင်း) ၊ ဒါကာ (ဘင်္ဂလားဒေ့ရှ်)၊ နယူးဒေလီ၊ဂူဝါဝဒီ (အန္ဒိယ)၊ မလေးရှား နှင့် အမေရိကန် ဌာနခွဲများလည်း ရှိတယ်လို့ဆိုပါတယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP(Arakan Liberation Party) ဟာရခိုင်ပြည်သူများလွတ်မြောက်ရေးနှင့်တိုင်းရင်းသား အခွင့်အရေးအပြည့်အ၀ရရှိဖို့ အတွက် ဆိုကာ  လှုပ် ရှားဆောင်ရွက်ခဲ့တဲ့အဖွဲ့လည်းဖြစ်ပါတယ်။၂၀၁၅ အောက်တိုဘာ ၁၅ ရက်မှာ NCA လက်မှတ်ရေးထိုးခဲ့ပြီး ဒီမိုကရေစီအစိုးရသစ်က ဖော်ဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

            လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဥ်အောင်မြင်မှုအပေါ်သုံးသပ်မှုအရ အားရကျေနပ်ဖွယ်တွေရှိခဲ့ပေမယ့် ထာဝရငြိမ်းချမ်းတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ တန်းတူ ညီမျှရေး အာဏာခွဲဝေမှု အပေါ်မှာ  တစ်ဖက်နဲ့တစ်ဖက်သံသယရှိမှုကိုတော့ အခုထိတိုင် အောင်မြင်အောင် မဖော်ဆောင်နိုင်သေးတာ လို့  ဆိုပါတယ်။

            “ လုံခြုံရေးဆိုင်ရာပေါင်းစည်းခြင်းကို မရမခြင်းတော့ ဒီနိုင်ငံရေးဆွေးနွေးမှုတွေ ဘယ်လောက်ပဲရရ အရာမထင်ဘူးဆိုပြီးတော့မှ တပ်မတော်ဘက်ကလည်း ဆွေးနွေးဝိုင်းတွေမှာ အများကြီးပြောတာရှိတယ်။ ဆို တော့ကျွန်မထင်တာကတော့ ကိုယ့်ဘက်က မစွန့်လွှတ်နိုင်သေးတာ၊ ပေးသင့်တယ်လို့နားလည်ပေမယ့် ။ပေးမယ် လို့ မပြောရဲတာ၊ ဒါတွေကတော့အများကြီးရှိနေပါတယ်။နှစ်ပေါင်း(၇၀)ကြာလာတဲ့ သံသယကြီး မားမှု တွေကိုကျတော့အားလုံးတစ်ခါတည်း ကင်းစင် သွားနိုင်တဲ့အခါကတော့ ရောက်မှာမဟုတ်သေးပါဘူး။ ဥပမာပြည်ထောင်စုကိုအပြီးတိုင်တည်ဆောက်လိုက်တယ်ဆိုပါတော့ ဒါပေမယ့် ခလုတ်ကန်သင်းတွေကတော့ ရှိနေဦးမှာပါပဲ’’လို့ စောမြရာဇာလင်းက ဆိုပါတယ်။

            မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးဖြစ်စဥ်မှာ အပိုင်းန(၅)ခုနဲ့ ပုံဖော်ကြည့်မယ်ဆိုရင် လွတ်လပ်ရေးရပြီးစ  ဦး နုလက်ထက်ပါလီမန်ခေတ်မှာ ပြည်တွင်းငြိမ်းချမ်းရေးကို ဗမာပြည်ကွန်မြူနစ်နဲ့ဆွေးနွေးမှုတွေ စတင်ခဲ့ပါ တယ်။ဒုတိယအနေနဲ့ ဦးနေဝင်းရဲ့ စစ်အစိုးရ အာဏာသိမ်းမှုကြောင့် ၁၉၆၂မှာ တိုင်းရင်းသားလက်နက်ကို တော်လှန်ရေးပေါ်ပေါက်လာခဲ့ပြီး ၁၉၆၃မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် စတင်ပေမယ့် မအောင်မြင်ပါဘူး။ တတိယပိုင်းမှာတော့ ၁၉၈၀ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီလက်ထပ်မှာတော့  ငြိမ်းချမ်းရေးတည်ဆောက်မှု မှာ လက်နက်ကိုင်တော်လှန်ရေးကို စွန့်လွှတ်ဖို့ ဆွေးနွေးမှုမှာ ပါ၀င်လာတဲ့အတွက်လည်း ငြိမ်းချမ်းရေးဆွေး နွေးပွဲတွေ ရပ်ဆိုင်းရတဲ့အထိ အခြေအနေဖြစ်ပေါ်ခဲ့ပါတယ်။

စတုတ္ထအပိုင်းမှာတော့ဗိုလ်ချုပ်ကြီးခင်ညွန့်ဦီးဆောင်တဲ့နိုင်ငံတော်ငြိမ်၀ပ်ပိပြားရေးနှင့် တရားဥပဒေ စိုးမိုးရေး(န၀တ)လက်ထပ်မှာ ၁၉၉၄ခုနစ်မှာ တည်ဆောက်ခဲ့တဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဟာလည်း အပစ်ခတ် ရပ်ဆဲပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ဆွေးနွေးလာဖို့ ပြောင်းလဲလာပေမယ့် လည်းအောင်မြင် ခြင်းမရှိခဲ့ပါဘူး။

အပိုင်း(၅)အနေနဲ့ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးကတော့ သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ခုနှစ် သြဂုတ် ၁၈ ရက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးမှာ ပါ၀င်လာဖို့ စတင်ဖိတ်ခေါ်ခဲ့ရာမှ အစပြုနိုင်ခဲ့တာဖြစ်ပါတယ်။

 သမ္မတဦးသိန်းစိန်လက်ထပ် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCAနဲ့ NCA အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင်တွေ ပေါ်ပေါက်လာအောင် ညှိနှိုင်း ဆွေး နွေးမှုတွေ ပြုလုပ်လာနိုင်ခဲ့ပါတယ်။ ထိုလုပ်ငန်းစဥ်အတွင်းမှာ ပြည်နယ်အဆင့်၊ပြည်ထောင်စုအဆင့် အပစ်ရပ်ရေးတွေကို ၂၀၁၅အောက်တိုဘာလ၁၅ရက်မှာတော့ နိုင်ငံလုံးဆိုင်ရာအပစ်အခတ်တိုက်ခိုက်မှု သဘောတူစာချုပ်ချုပ်ဆိုဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒီအဖွဲ့တွေကတော့ KNU(ကရင်အမျိုးသားအစည်းအရုံး)၊ RCSS/SSA-s(ရှမ်းပြည်ပြန်လည်ထူ ထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) ၊PLNO(ပအို့ဝ်အမျိုးသားလွတ်   မြောက်ရေး အဖွဲ့) CNF(ချင်းအမျိုးသားတပ်ဦး၊  ALP (ရခိုင်လွတ်မြောက်ရေးပါတီ) KNU/KNLA-PC(ကရင်အမျိုးသား  အစည်းအရုံး /ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော်/ ငြိမ်းချမ်းရေးကောင်စီ) DKBAဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်)၊ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာဒီမိုကရေစီတပ်ဦး)တို့က NCA မှာ လက်မှတ်ရေး ထိုးခဲ့ပါတယ်။သမ္မတဦးသိန်းစိန်ကနေနောက်အစိုးရသစ်ကို မလွဲပြောင်းမီပါပဲ ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်အထိ ပြည်ထောင်စုငြိမ်းချမ်း‌ရေး ညီလာခံကို ကျင်းပပေးနိုင်ခဲ့ပါတယ်။

KNUရဲ့ဒုတိယဥက္ကဌ ပဒိုစောကွယ်ထူး၀င်းက “ဒီငြိမ်းချမ်းရေးတည်ဆောက်ဖို့ NCAရဖို့အတွက်   ကလည်းကြားထဲမှာလည်းCommitmentထိုးလိုက်ရသေးတယ်။ညှိရင်းနဲ့နောက်ဆုံးကျတော့ ပြောရမယ်ဆို ရင်NCAကဖြစ်လာတယ်၂၀၁၅ အောက်တိုဘာလ(၃၁) ရက်မှာ အတည်ပြုမူကြမ်းရလာတယ်”  လို့ ဆိုပါတယ်။

  NLD အစိုးရလက်ထပ်မှာ အကောင်အထည်ဖော်ခဲ့တဲ့ ငြိမ်းချမ်းရေးကတော့   ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာခံအမည်မှာ ၂၁ ရာစုပင်လုံအမည် ပေါင်းထည့်ခဲ့ပြီး အစည်းအ‌ေ၀းအနေနဲ့ လေးကြိမ်ကျင်းပခဲ့  ပါတယ်။NLD အစိုးရလက်ထပ် ငြိမ်းချမ်းရေးဖော်ဆောင်ရဲ့ ၂၀၁၈ခုနှစ် ဖေဖော်၀ါရီ ၁၃ ရက်မှာ NMSP (မွန်ပြည်သစ်ပါတီ)LDUလားဟူဒီမိုကရက်တစ်အစည်းအရုံး)တို့လက်မှတ်ရေးထိုးခဲ့ပြီး NCA အရ အကောင် အထည်ဖော်သော ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ထဲမှာ ပါ၀င်လာခဲ့ပါတယ်။

ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုလုံးမှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးညီလာခံတွေကနေ ပြည်ထောင်စုသဘောတူစာချုပ်ချုပ်ဆိုနိုင်တဲ့အချက်တွေအနေနဲ့ ရှေ့အစည်းအ‌ေ၀းတွေမှာ အချက် ၅၁ ချက်နဲ့ ၂၀၂၀ခုနှစ် သြဂုတ်လ၁၉ ကနေ ၂၁ ရက်အထိ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအ‌ေ၀းမှာတော့ NCA စာချုပ်ရဲ့ အစိတ်အပိုင်း(၃) အနေနဲ့ NCA အကောင်အထည်ဖော်မှု ဆိုင်ရာမူဘောင်သဘောတူညီချက် အချက်(၁၅) ချက်၊၂၀၂၀အလွန် အဆင့်လိုက်လုပ်ငန်းစဥ်နဲ့ အဆင့်လိုက်အကောင်အထည်ဖော်မှု ဇယား-၁ နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာလမ်းညွှန်အခြေခံမူသဘောတူညီချက်(၅) ချက်ကို သဘောတူညီနိုင်ခဲ့ တာ ဖြစ်ပါတယ်။

ဒီလိုအပစ်ခတ်ရပ်ဆဲပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ  တိုးတက်မှုရှိတယ်ဆိုပေမယ့် တစ်ဆို့မှုတွေ ထိတွေ့တိုက်ပွဲတွေကတော့ကတော့ NCA လက်မှတ်ထိုးပြီးသား တိုင်းရင်းသားလက် နက်ကိုင်တချို့နဲ့ရော NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ရော ဖြစ်ပွားနေတာပါ။ငြိမ်းချမ်းရေးမှာ NCA လမ်းကြောင်းကနေ လက်မှတ်ရေးထိုးပြီး ပါ၀င်လာဖို့ အစိုးရဘက်က ကမ်းလှမ်းထားပေမယ့်လည်း လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက လက်ရှိသွားနေ တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်နဲ့ NCA ပါ အချက်တွေအပေါ်တော့ မေးခွန်းထုတ်စရာတွေရှိနေတယ်ဆိုတာ ကတော့ မလွဲမှားတဲ့အချက်ပါ။

ယခုအခါ NCA နဲ့ ပါ၀င်လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ AA,TNLAတို့နဲ့ တိုက်ပွဲတွေက ရှိနေပြီး AA နဲ့ တပ်မတော်ကြားတိုက်ပွဲတွေကတော့ အပြင်းထန်ဆုံးလို့ပြောရမှာဖြစ်ပါတယ်။

ဒီလိုပြည်တွင်းငြိမ်းချမ်း‌‌ရေးတည်ဆောက်မှု လုပ်ငန်းစဥ်တွေမှာ အရပ်ဖက်အဖွဲ့အစည်းတွေ၊ မြေပြန့်ဒေသမှာ ရောက်ရှိနေထိုင်ကြရသူတွေ ရဲ့ အမြင်ကတော့ တိုင်းရင်းသားတွေအနေနဲ့ တန်းတူညီ မျှတဲ့ အခွင့်အရေးရနိုင်ဖို့ လိုအပ်သလို အပစ်ခတ်ရပ်ဆိုင်းဖို့ကိုလည်းလိုအပ်တယ်လို့ဆိုကြပါတယ်။

ကယားပြည်နယ်ကနေ မကွေးတိုင်း မကွေးမြို့နယ်မှာ လာရောက်နေထိုင်ပြီး အမျိုးသမီးအခွင့် အရေးတွေကို “ကျေးလက်မြေ” အဖွဲ့တည်ထောင်ပြီးဆောင်ရွက်နေတဲ့ကယားအမျိုးသမီး “မိုစဲ”အမြင်က တော့ မြေပြန့်ဒေသ စစ်ဘေးကင်းရာနယ်မြေဖြစ်ပေမယ့် စစ်ဖြစ်ပွားတဲ့ အကျိုးဆက်တွေ က ရိုက်ခတ်ခံရတယ်လို့ဆိုပါတယ်။ဒေသတွင်းအမျိုးသမီးတွေရဲ့ပညာရေး၊ကျန်းမာရေး၊အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေတာတွေကလည်းစစ်ဖြစ်နေတဲ့တိုင်းပြည်တစ်ခုမှာစီးပွားရေးကောင်းမွန်ခြင်းမရှိတဲ့အပြင်တည်ဆောက်ရေး မှာ နှောင့်နှေးကြန့်ကြာရတယ်လို့ပြောပါတယ်။

“နိုင်ငံရေးပြဿနာဆိုရင် နိုင်ငံရေးတန်းတူညီမျှမှု တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ သူတ်ို့ရဲ့ကိုယ် ပိုင်အုပ်ချုပ်မှုဆိုပြီးတော့မှ ဖက်ဒရယ်ဒိမိုကရေစီနိုင်ငံကိုအရင်ဆုံးတည်ထောင်စေချင်တယ်ပေါ့နော်၊ တိုင်းရင်း သား နယ်မြေတွေမှာ စစ်ဒုက္ခကိုခံစားနေရသလိုပဲ မြေပြန့်မှာလဲပေါ့နော်စီးပွားရေး လူမှုရေး အကုန် ဒါတွေကိုအခက်အခဲတွေကိုခါးစီးခံနေရတယ်၊အားလုံးပြေပြေလည်လည်နဲ့ ငြိမ်းချမ်းရေးရအောင် ညှိ နှိုင်းကြ ပါ။ အားလုံးမကျေလည်မှုကိုလျှော့ချကြပါလို့ ပြောချင်ပါတယ်”လို့ သူမရဲ့ဆန္ဒကို ထုတ်ဖော်ခဲ့ပါတယ်။

မကွေးမြို့ပေါ်မှာနေထိုင်တဲ့ ကရင်တိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့ နော်ဆာဒါးကတော့ “ (NCA)လက်မှတ်ရေးထိုးနိုင်ထားတာကတော့ ကျွန်မတို့အတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ဆက်လက် အကာင်အထည်ဖော်နိုင်မဲ့အခွင့် အရေးပဲ ဖြစ် တယ်။တန်းတူညီမျှတဲ့ အခွင့်အရေးတွေသာ ပေးနိုင်မယ်ဆိုရင် ကျွန်မတို့ လိုချင်တဲ့ ဖက်ဒရယ် ဒီမို ကရေစီပြည်ထောင်စုကို တည်ထောင်နိုင်မှာဖြစ်တယ်’’လို့ ဆိုပါတယ်။

မကွေးတိုင်းမင်းဘူးဘက်ကမ်းမှာအခြေတည်ပြီး ဧရာဝတီမြစ်အနောက်ဖက်ကမ်း စောင့်ကြည့် ရေး(AWDO) အဖွဲ့က တာဝန်ခံဦးသန့်စင်ရဲ့သဘောထားအမြင်ကလည်း စတုတ္ထအကြိမ် ၂၁-ရာစုပြည် ်ထောင်စုငြိမ်းချမ်းရေး ညီလာခံကိုမတက်ရောက်တဲ့ အဖွဲ့တွေလည်းရှိနေသလို  ငြိမ်း ချမ်း ရေးညီလာခံ တွေမှာ စကားလုံးလောက်နဲ့ အကြာကြီးဆွေး နွေးခဲ့ကြရတာ၊ စကားလုံးတွေအကြာကြီးငြင်းခုံနေကြရတဲ့ အတွက်ငြိမ်းချမ်းရေးဖြစ်စဥ◌်တွေဟာ ရှေ့မတိုးနိုင်ဘူးဖြစ်နေတယ်။အဲဒီလိုအခြေအနေတွေကိုပြန်ကြည့်တဲ့ အခါ အတိုင်ပင်ခံဒေါ်အောင်းဆန်းကြည်ရဲ့ပြောကြားချက်တွေ၊ တပ်မတော်ရဲ့သဘောထားတွေ၊ နောက်ပြီး တော့ တိုင်းရင်သားတွေရဲ့သဘောထားကငြိမ်းချမ်းရေးဖြစ်စဥ် ဟာတိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်ဒီမို ကရေစီသွားဖို့ပဲဖြစ်ဖြစ်၊ဒီမိုကရေစီဖက်ဒရယ်ကိုပဲဖြစ်ဖြစ် သွားတဲ့နေရာမှာနောက်ပြန်ဆွဲတဲ့ အတွေး တွေ၊အရင်ခေတ်တုန်းကတွေးတဲ့အတွေးတွေ ၊အဓိကအားဖြင့် တန်းတူညီမျှခြင်းဆိုတဲ့ အတွေးမှာပဲ ဖြစ်ဖြစ် အပြောမှာ ပဲဖြစ်ဖြစ်တန်းတူမဟုတ်ပဲနဲ့ ကိုယ် ကပေးမှရမယ် ကိုယ်ကသာလျှင်ခွဲ ဝေပေးမယ်ဆို တဲ့အယူအဆ မျိုးနဲ့ အဲဒီအခြေခံမျိုးနဲ့သွားရင်တော့ ဝေးနေဦးမယ်လို့ထင်မြင် ကြောင်းပြော ကြားပါတယ်။

 တပ်မတော်ရဲ့အယူအဆနဲ့ပတ်သက်လို့ လည်း “တပ်မတော်ဘက်ကခုချိန်ထိ (NCA)လက်မှတ်ထိုးတဲ့ ကိစ္စတွေ အပစ်အခတ်ရပ်စဲဖို့ကိစ္စတွေ  ဒီလိုကိစ္စရပ်တွေ ဘယ်လိုပင်ပြောစေကာမူ  ခုနတုန်းကလို ရခိုင် အ ရေး အေအေနဲ့ကိစ္စ၊ရခိုင်မှာ ရှိနေတဲ့ပြဿနာမျိုး၊ကချင်မှာရှိနေတဲ့ပြဿနာမျိုး တွေကို တင်းတင်းမာမာ ကိုင် တွယ်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့ဝေးနေဦးမယ်လို့ ကျွန်တော်တို့ အရပ်ဖက် အဖွဲ့စည်းတွေအနေနဲ့မြင်ပါတယ်”လို့ ဦးသန့်စင်ကပဲပြောပါတယ်။

စတုတ္ထအကြိမ် ၂၁-ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအဖွင့်မိန့်ခွန်းပါ စာသားတွေအရ သဘောထားမညီညွှတ်မှုတွေကထင်ဟပ်နေတာကို တွေ့မြင်ကြရမှာပါ။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီဥက္ကဌ စိုင်းညွန့်လွင် ရဲ့အဖွင့်မိန့်ခွန်းမှာ တိုင်းရင်းသားတွေရဲ့ သဘောထားဟာ ပိုမိုထင်ဟပ်လို့နေပါတယ်။ “တိုင်းပြည်တစ်ထဲမှာအတူနေထိုင်ကြဖို့ ကိုယ်နဲ့မတူတဲ့ အခြား တိုင်းရင်းသားတွေကိုရွေးချယ်ခဲ့ကြပြီးပြီမို့ နောက်ထပ်တစ်မျိုးရွေးချယ်ကြဖို့ဆိုတာမလွယ်ကြတော့ပါဘူး၊ ၁၉၄၈ခုနှစ်ကတည်းက အတူလက်တွဲနေထိုင်ကြဖို့ရွေးချယ်ခဲ့ကြပြီးပြီ မို့ရှေ့ရှောက်ကာလတွေမှာလည်းကျွန်တော် တို့အားလုံးဟာငြိမ်ိးချမ်းစွာအတူတကွနေထိုင်သွားကြဖို့လွဲရင် အခြားနည်းလမ်းမရှိကြတော့ပါဘူး’’ လို့ ဆိုပါတယ်။

လက်ရှိ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့ NCA လမ်းကြောင်းနဲ့ နောက်ဆက်တွဲ ပြည်ထောင်စုသဘောတူစာချုပ်ပါအချက်တွေဟာ လက်တွေ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ ပြည်ထောင်စု တည်ဆောက်ရေးမှာ အနှစ်သာရရှိရှိ အကောင်အထည်ဖော်နိုင်ပါ့မလား။အားလုံးဘုံသဘောတူညီတဲ့ နိုင်ငံသစ်ပုံစံကိုရော အခုအကောင်အထည်ဖော်ပြီးတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေက ပံ့ပိုးပေးနိုင်ပါ့မလား။ ကျွန်တော့တို့ရဲ ငြိမ်းချမ်းရေးခရီးလမ်းက နီးနေပြီးလား။အ‌ေ၀းကြီးမှာလားဆိုတာ ကတော့

ငြိမ်းချမ်းရေးမှာအဓိကပါ၀င်သူတွေရဲ့ စေတနာ၊လုပ်ဆောင်ပုံနဲ့ အကောင်အထည်ဖော်မှု၊အားလုံး ပါ၀င် မှုနဲ့ ယုံကြည်မှုတွေကပဲ အဆုံးအဖြတ်ပေးသွားမှာပဲဖြစ်ပါတယ်။

ဆယ်စုနှစ်တာကာလ ငြိမ်းချမ်းရေးခရီးကတော့  ထင်သလောက် ခရီးမပေါက်ခဲ့ပြီ။

                                                                                                            ၂၀၂၀၊ ြသဂုတ်လ(၂၅)

နေ့လည်-၁နာရီ၂၄မိနစ်

Leave a Reply

Your email address will not be published.