အိန္ဒိယက  မတ်ပဲနှင့် ပဲစဉ်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကာလကို (၁)နှစ်သက်တမ်း  ထပ်တိုးပေးတာကြောင့် ပို့ကုန်ပဲများ အမြင့်စျေးအတိုင်းရှိနေမည်

ရွှေမန်း

အိန္ဒိယက မတ်ပဲနှင့် ပဲစဉ်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကာလကို (၁)နှစ်သက်တမ်း ထပ်တိုးပေးတာကြောင့် ပို့ကုန်ပဲများ အမြင့်စျေးအတိုင်းဆက်လက် စျေးကောင်းနေမည်ဖြစ်ကြောင်း ပဲကုန်သည်များထံမှသိရသည်။အိန္ဒိယအစိုးရ၊ စီးပွားရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံခြားကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (DGFT) က မတ်ပဲနဲ့ ပဲစင်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကာလကို ၂၀၂၃ ခုနှစ် မတ်လကုန်အထိ (၁)နှစ်သက်တမ်း တိုးမြှင့်လိုက်ကြောင်းသိရသည်။အိန္ဒိယက ၎င်းတို့ရဲ့ ပြည်တွင်းပဲဈေးနှုန်းကို ထိန်းထားလိုတာကြောင့် ယခုလို တင်သွင်းခွင့်ကာလ သက်တမ်းတိုးပေးလိုက်ခြင်းဖြစ်ပြီး ပဲတင်သွင်းသူတွေအနေနဲ့ ပမာဏအကန့်အသတ်မရှိ လွတ်လပ်စွာ တင်သွင်းနိုင်ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။တရားဝင်ထုတ်ပြန်စာကြောင့် ပြည်တွင်းဈေးကွက်အပေါ် သက်ရောက်မှုရှိလာနိုင်ပြီး ပြည်တွင်းမတ်ပဲဈေး အနည်းငယ်ပြန်အေးနိုင်ကြောင်း ကုန်သည်များက သုံးသပ်ထားသည်။သို့သော်လည်း နိုင်ငံခြားငွေတန်ဖိုး မြင့်တက်နေချိန်ဖြစ်တာကြောင့် အလွန်အမင်း ကျဆင်းမှုတော့ မဖြစ်နိုင်ပဲ ခေတ္တဈေးအေးမှုသာ ဖြစ်နိုင်ပြီး အမြင့်စျေးနှင့် ဆက်လက်တည်ရှိနေနိုင်ကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။“လတ်တလော အခြေအနေမှာ မြန်မာမတ်ပဲဈေး အနည်းငယ် ပြန်အေးနိုင်သော်လည်း ပြည်တွင်း ဒေါ်လာဈေး၊ ရွှေဈေးနဲ့ မြန်မာငွေကြေးတန်ဖိုးများအရ မတ်ပဲ(၁)တင်းပေါက်ဈေး ကျပ် ၅ သောင်းဝန်းကျင်မှာ ဆက်လက်စျေးကောင်းနေပါမယ်´´ဟု မတ်ပဲကုန်သည် ဦးစိုးနိုင်ကပြော သည်။ အိန္ဒိယက လွတ်လပ်စွာ တင်သွင်းခွင့်ကာလကို တိုးမြှင့်လိုက်သလို တစ်ဖက်မှာလည်း ၅ နှစ်ဆက်တိုက် မြန်မာပြည်က မတ်ပဲတန်ချိန် ၂ သိန်းခွဲနဲ့ ပဲစင်းငုံတန်ချိန် ၁ သိန်း ဝယ်ယူဖို့ နှစ်ဖက်အစိုးရကြား နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးထားသည်။၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ မြန်မာ့ပဲမျိုးစုံတင်ပို့မှုသမိုင်းမှာ အမြင့်ဆုံးဖြစ်တဲ့ တန်ချိန် ၂ သန်းကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၅၇ ဘီလီယံအထိ ရရှိခဲ့ပြီး အများစုကိုတော့ အဓိကဈေးကွက်ဖြစ်တဲ့ အိန္ဒိယကို ရောင်းချခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် စာရင်းများအရသိရသည်။

Leave a Reply

Your email address will not be published.