အာဏာရှင်ဆိုတဲ့ အခါးကို ဒီမိုကရေစီဆိုတဲ့ သကြားနှင့်ဖုန်းထားရင် ဝါးကြည့်တော့ သိမှာပါ

တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ဦးမင်းသိန်းနှင့်တွေ့ဆုံမေးမြန်းမှုအား ဖော်ပြပါသည်။

မေး ။ ကိုယ်ရေးအကျဉ်းနှင့်နိုင်ငံရေးစွမ်းဆောင်ခဲ့တဲ့အကျဉ်းလေးသိပါရစေ?
ဖြေ ။ကိုယ်ရေးအကျဉ်းကတော့ နိုင်ငံရေးနှင့်ပတ်သက်လိမ့်မယ် ၁၉၇၄ ခုနှစ် ရန်ကုန်ပညာရေးတက္ကသိုလ်တက်ခဲ့ရတယ်၊၁၉၇၄ ဇွန် အလုပ်သမားအရေးခင်းမှာစပြီးတစ်ပါတီအာဏာရှင်တို့ရဲ့တပ်မတော်ကို အသုံးချပြီးနှိမ်နင်းခဲ့တာတွေကို ကိုယ်တွေ့မျက်မြင်ကြုံခဲ့ရတယ်၊၁၉၇၄ ဒီဇင်ဘာ ဦးသန့်အရေးအခင်းမှာ ပညာရေးတက္ကသိုလ်ကနေ ကျိုက္ကစံကွင်းချီတက်ခဲ့တာတွေ ဘွဲ့နှင်းသဘင်ခန်းမမှာ ဦးသန့်ရဲ့ခေါင်းကို ဘေးထားပြီး တရားဟောခဲ့တာတွေ နှိမ်နင်းခဲ့တာတွေဟာ ဒီနေ့ပြန်ပြောရင် ဒီနေ့အသစ်ပါဘဲ မျက်စေ့ထဲကမထွက်နှိုင်ပါဘူး၊ဒီနောက် ၁၉၇၆မှိုင်ရာပြည့် သခင်ကိုယ်တော်မှိုင်းအုတ်ဂူထိ ချီတက်ခဲ့တာတွေ၊ဒီလိုလှုပ်ရှားခဲ့တာတွေကြောင့် ပညာရေးတက္ကသိုလ်က (၂)နှစ်ကျောင်းထုတ်ခံခဲ့ရတယ်၊တောင်တွင်းကြီးမှာစက်မှုတက္ကသိုလ်ကျောင်းသားတွေဆိုရာသက်ပန်အထုတ်ခံရတာတွေရှိတယ်၊ကိုယ်ကတော့ပြန်တက်ခွင့်ရပြီး B.E.D ဘွဲ့ရ
အထက်တန်းပြဆရာဖြစ်( ၁၉၈၈)အရေးခင်းရောက်ပြန်တော့ တောင်တွင်းကြီး ဆရာသမဂ္ဂမှာပါဝင်ပြီးနောက် (၁၉၈၉)ဇန်နဝါရီ လထဲမှာအလုပ်ကဖြုတ်တာခံခဲ့ရတယ်၊ဒီလိုနဲ့ နိုင်ငံရေးပါတီတွေထောင်တော့(NLD)ကိုဝိုင်းရံအားပေးခဲ့သူပါ၊စာရေးဆရာ၊ကဗျာဆရာ၊တစ်ယောက်အနေနှင့် (၁၉၉၀)ရွေးကောက်ပွဲ ၊(၂၀၁၀)ရွေးကောက်ပွဲတွေမှာလိုက်လံဟောပြောခဲ့တယ်၊၂၀၁၂ရောက်တော့NLDပါတီကိုဝင်ခဲ့တယ်၊၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့တာပါဘဲ။

မေး ။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့(၅)နှစ်တာကာလဆောင်ရွက်ခဲ့တာများသိပါရစေ ?
ဖြေ ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနှင့်မြို့နယ်အရေး၊ပြည်ထောင်စုအရေး၊ဒီ(၂)ရေးလုံးတွက်မေးရတာတွေ၊ဆွေးနွေးရတာတွေ၊အဆိုတင်ရတာတွေအများကြီးပါ၊ကိုယ်ကပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်ဖြစ်တော့ ဥပဒေကြမ်းတွေကိုစီစစ်ရတာပါ၊ကိုယ်တို့ဥပဒေကြမ်းကော်မတီကစီစစ်ပြီးမှလွှတ်တော်ကိုတင်ရ၊လွှတ်တော်ရဲ့အဆုံးဖြတ်ယူရတာလေ၊ဒီတော့ဥပမာတင်ပြရရင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဥပဒေကအစနောက်ဆုံး မြေသိမ်ဥပဒေ၊ဆည်မြောင်းဥပဒေ၊သစ်တောဥပဒေ၊မော်တော်ယဉ်ဥပဒေ စသဖြင့်ဥပဒေပေါင်း(၁၀၀)နီးပါးစီစစ်ခဲ့ရပြီ၊မြို့နယ်အရေးကတော့မေးခွန်းတွေမေး၊ဖွံ့ဖြိုးရေးဘတ်ဂျက်တွေကနေရလာတဲ့ငွေနှင့်အကောင်အထည်ဖော်တာတွေကတော့၊တံတား၊လမ်း၊ဆည်မြောင်းကိစ္စတွေ အကောင်ထည်ဖော်သမျှကြီးကြပ်ရတာတွေပါဘဲ။
မေး ။၂၀၂၀ ရွေးကောက်ပွဲအနိုင်ရရှိခဲ့ရင် တခြားဘာတွေကိုပိုလုပ်ဆောင်ဖို့ရှိမလဲ?
ဖြေ ။ ၂၀၂၀ရွေးကောက်ပွဲမှာအနိုင်ရရင်လည်းပြည်သူလူထုရဲ့လိုအပ်ချက်တွေပါဘဲ၊အဓိက ကတော့လမ်းနှင့်တံတား၊လျှပ်စစ်မီးရရှိရေးပါဘဲ၊အခုလည်း မြေနီကျောက်လမ်းတွေကတော့မြို့နယ်အနှံ့နီးပါးခင်ပြီးထားပါပြီ၊လမ်းအဆင့်တွေပိုမိုမြင့်ဘို့ပါဘဲ၊ကျောင်းအဆောက်အဦးတွေ၊ကျောင်းအင်္ဂါရပ်နှင့်ညီစေချင်တယ်၊ကျေးလက်ကျန်းမာရေး ရှိသင့်ရှိထိုက်တဲ့ကျေးရွာတွေမှာရစေချင်တယ်၊တိုက်နယ်ဆေးရုံးဆောက်ထားပြီးဝန်ထမ်းမရှိသေးတာတွေလုပ်ရဦးမယ်၊လျှပ်စစ်မီးမရရှိသေးတဲ့ရွာတွေ၊ပင်မဓါတ်အားလိုင်း 11 kv ဓာတ်အားလိုင်းနှင့်၂ မိုင်အတွင်းမှ ၅ မိုင်အတွင်း
အဆင့်ဆင့်ရရှိသွားအောင်ဆောင်ရွက်ရမှာတွေကျန်ပါသေးတယ်။

မေး ။ ၂၀၁၅ ရွေးကောက်ပွဲမှာ တက်ရောက်လာတဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော်စွမ်းဆောင်ရည်အပေါ်မှာကော ဘယ်လိုမြင်သလဲ?
ဖြေ ။ ၂၀၁၅ရွေးကောက်ပွဲနှင့်တက်လာတဲ့အစိုးရရဲ့စွမ်းဆောင်ရည်၊လွှတ်တော်ရဲ့စွမ်းဆောင်ရည်ကတော့၊အသင့်အတင့်တော့အာရကျေနပ်မိပါတယ်။အထူးသဖြင့်ကာကွယ်ရေးအသုံးစရိတ်တွေကိုလျော့ချ၊ပညာရေးနှင့်ကျန်းမာရေးအသုံးစရိတ်တွေပိုမိုသုံးစွဲနိုင်တာပါဘဲ၊ဒီပြင်နိုင်ငံခြားကရယူထားတဲ့အထောက်ပံ့တွေ၊ကူညီမှုတွေပိုမိုရရှိလာပြီးအလေအလွင့်နည်းအောင် ဇီးသီး ဗန်းမှောက်သလိုမဖြစ်အောင်လုပ်ဆောင်နေတာတွေဟာအစိုးရရဲ့စွမ်းရည်ပါဘဲ။နိုင်ငံခြားကအတိုးနှုန်းနည်းတဲ့ချေးငွေတွေကိုချေးယူပြီး၊ယခင်(၁၉၈၈)မတိုင်မှီကတည်းကတင်ခဲ့တဲ့အကြွေးတွေ၊နောက်(၁၉၈၈)နောက်ပိုင်းအကြွေးတွေ၊၂၀၁၅မတိုင်မှီအကြွေးတွေ ဒါတွေကိုပွင့်လင်းမြင်သာစွာပြည်သူကိုချပြခဲ့ပါပြီ။အဲဒီအကြွေးတွေနွံနစ်နေရတဲ့တိုင်ပြည်ချေးငွေနှောင်ကြိုးနှင့်ချေးငွေထောင်ခြောက်ထဲမရောက်ရအောင်(ဥပမာ)သီရိလက်ာလိုမဖြစ်ရအောင် G D P နှင့်ချေးငွေအချိုးကိုမျှတအောင်ထိန်းထားနိုင်ခဲ့ပါတယ်၊အထူးသဖြင့်လမ်းပမ်းဆက်သွယ်ရေး၊လျှပ်စစ်မီးရရှိရေးဟာအစိုးရရဲ့စွမ်းဆောင်ရည်ပါဘဲ။လွှတ်တော်ကတော့ ဥပဒေပြဌာန်းခြင်း၊အစိုးရကိုထိန်းကြောင်းခြင်း၊လူထုကိုကိုယ်စားပြုခြင်းပါ။ဥပဒေပြုခြင်းပိုင်မှာပြည်သူကိုအကျိုးမပြုတဲ့ဥပဒေတွေကိုဖျက်သိမ်းခဲ့နိုင်ပါတယ်။ပြန်လည်ပြင်ဆင်ခဲ့တဲ့ဥပဒေတွေလည်းရှိပါတယ်။နောက်ဆုံးဖွဲ့စည်းပုံအခြေခံဥပဒေကိုတောင်ပြင်ဆင်ဘို့ကြိုးစားခဲ့သေးတာဘဲဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်တွေကြောင့်မအောင်မြင်ခဲ့တာကတော့မတတ်နိုင်ဘူးပေါ့။ပြင်ချင်စိတ်ရှိသော်လည်းပြင်မရခဲ့ပါဘူး။

မေး ။ရွေးကောက်ပွဲ ကော်မရှင်အပေါ်မှာ ဘယ်လိုမြင်ပါသလဲ?
ဖြေ ။ ရွေးကောက်ပွဲကော်မရှင်ဆိုတာ ဒီမိုကရေစီ နိုင်ငံတွေရဲ့အသက်တမျှအရေးကြီးတဲ့ ကော်မရှင်ပါ။ဒီကော်မရှင်ကို တက်လာတဲ့အစိုးရကဖွဲ့တာပါ၊ဒါလည်းဒို့ခေတ်မှာမှမဟုတ်ဘူးလေ၊သူတိုတုန်းကလည်းဒီလိုဘဲဖွဲ့ခဲ့တာပါဘဲ၊ဒါပေမယ့်ကိုယ်သမိုင်းကိုယ်ရေးမှာဘဲလေ၊ဘက်လိုက်တဲ့ကော်မရှင်လား၊ဘက်မလိုက်တဲ့ကော်မရှင်လား၊ပြည်သူသာလျှင်ဆုံးဖြတ်ပေးမှာပါ။အတိုက်အခံပါတီတွေကတော့အမြင်အမျိုးမျိုး မယုံသင်္ကာအမျိုးမျိုးရှိကြမှာပါကျွန်တော်တို့ပါတီအတိုက်အခံဘဝတုန်းကလည်းအမြင်တွေရှိခဲ့ပါတယ်၊သံသယအမြင် အပြစ်ရှာတဲ့အမြင်မျိုးမမြင်ဘို့လိုပါတယ်၊ကျွန်တော်တို့ အတိုက်အခံဘဝတုန်းကတော့တည့်မတ်စေချင်တဲ့အမြင်နှင့်မြင်ခဲ့လို့၊တည့်မတ်ပေးခဲ့လို့(၂၀၁၅)ခုနှစ်ရွေးကောက်ပွဲကို သန့်ရှင်းမျှတမှုအရှိဆုံးရွေးကောက်ပွဲတစ်ခုအဖြစ် ကမ္ဘာကတောင်အသိအမှတ်ပြုခဲ့ရပြီး ကျွန်တော်တို့ပါတီတက်လာတာလေ၊နိုင်ရင်လည်းသန့်သန့်ရှင်းရှင်းနိုင်ချင်တယ်၊ရှုံးရင်လည်းသန့်သန့်ရှင်းရှင်းရှုံးချင်ပါတယ်။ဘက်လိုက်တဲ့ရွေးကောက်ပွဲကော်မရှင်ဟာ၊နိုင်ငံရေး သင်္ချိုင်းထဲကိုရောက်သွားမှာပါ။သမိုင်းမှာ အတင်ခံရမှာလား၊အဆဲခံရမှာလား ဒါပါဘဲ။
မေး ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ်မှာကောဘယ်လိုမြင်ပါသလဲ?
ဖြေ ။ ၂၀၀၈ ခြေ/ဥ ကတော့သိတဲ့အတိုင်းဘဲလေ၊ဒီမိုကရေစီကိုလမ်းခင်းပေးတယ်လို့ရေးဆွဲခဲ့တဲ့သူတွေကတော့ဆိုပါတယ်၊ဥပဒေပြဌာန်းရခြင်းမှာ ရည်ရွယ်ချက်ဆိုတာရှိပါတယ်။ရည်ရွယ်ချက်ကမမှန်ရင် လုပ်ဆောင်ချက်မမှန်ပါဘူး။ဒီမိုကရေစီကိုတကယ်ရည်ရွယ်တာလား၊မရည်ရွယ်ဘူးလားဆိုတာ အာဏာရှင်ဆိုတဲ့ အခါးကို ဒီမိုကရေစီဆိုတဲ့သကြားနှင့်ဖုန်းထားရင် ဝါးကြည့်တော့သိပါတယ်။အခုလည်း ဝါးကြည့်နေတာပါ။ဆက်ပြီးတော့လည်းဝါးနေရဆဲပါ။

မေး ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၅)နှစ်တာသက်တမ်းတာဝန်ယူထမ်းဆောင်ခဲ့တယ်သိရတယ်။အဲ့တော့လွှတ်တော်မှာပြည်သူတွေကို ၂၀၁၅ ရွေးကောက်ပွဲတွင်ပေးခဲ့တဲ့ကတိကဝတ်တွေကို တာဝန်ကျေခဲ့ပါသလား?လွှတ်တော်မှာကော(၅)နှစ်တာကာလ မေးခွန်းဘယ်နှစ်ခုများ မေးခဲ့ပါသလဲ?
ဖြေ ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနှင့်မိမိမြို့၊မိမိမဲဆန္ဒနယ်ကိုကိုယ်စားပြုရတာပါ၊၂၀၁၅ရွေးကောက်ပွဲမှာ ပြည်သူလူထုကို ဂတိတွေ မပေးနိုင်တာတွေမပေးခဲ့ပါဘူး။ပေးနိုင်တာကာတော့ပေးခဲ့တယ်၊မြို့နယ်အတွင်းလမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊လျှပ်စစ်မီးရရှိရေးပါဘဲ၊ပညာရေးနှင့်ပတ်သက်ရင် ကျောင်းအဆောက်အဦတွေကောင်းမွန်ရေးပါ၊ဒီဂတိတွေကိုအတတ်နိုင်ဆုံး ဖြည့်စွမ်းပေးခဲ့ပါတယ်၊မြို့တွင်းလမ်း၊စည်ပင်လမ်း၊မြို့ချင်းဆက် B O Tလမ်း၊ပဆငလမ်းတွေချဲ့တာ၊ညီညာအောင်လုပ်တာတွေကတော့ မဲဆန္ဒရှင်တွေအသိပါဘဲ၊အထူးသဖြင့်မြို့တွင်းစည်ပင်ကခင်းတဲ့ကွန်ကရစ်လမ်းတွေဖြစ်ပါတယ်၊မြို့တွင်းကအဓိကကျတဲ့လမ်းတိုင်းနီးပါးကွန်ကရစ်ခင်းပြီးခဲ့ပါပြီ၊နောက်ထပ်ခင်းစရာတွေကတော့ကျန်ပါသေးတယ်၊လျှပ်စစ်မီးလည်း NEPနှင့်ရမည့်မီးတွေလည်းယခုနိုဝင်ဘာလကုန်အတွင်းမှာလင်းဘို့ကြိုးစားနေပါတယ်၊တိုင်းဒေသကြီးကစီစဉ်ပေးတဲ့လျှပ်စစ်မီးကတော့ ရွာပေါင်း(၂၀)နီးပါးလင်းသွားခဲ့ပါပြီ၊ဝန်ထမ်းအိမ်ရာတွေအနေနဲ့လည်း ပြည်သူ့ကျန်းမာရေးဌာနအတွက်၊ကုသရေးဦးစီးဌာနအတွက်(၄)ထပ်(၆)ခန်းတွဲတွေ (၂)လုံး၊စုပေါင်းအိမ်ရာ(၈)ခန်းတွဲ(၆)ထပ်၊မူကြိုကျောင်း(၂)ထပ်၊ဒါတွေဟာလက်တွေ့မျက်တွေပါဘဲ။မေးခွန်းပေါင်း(၅၀)ကျော်မေးခဲ့တယ်၊လွှတ်တော်မှတ်တမ်းမှာကျန်ရစ်ခဲ့ပါတယ်။

မေး ။ လွှတ်တော်သက်တမ်း(၅)နှစ်မှာ ဘယ်နှစ်ကြိမ်ခေါ်ဆိုခဲ့ပြီး ပြည်သူတွေအတွက် အဓိကမေးခွန်းပေါင်း ကြယ်ပွင့်ပြ/ကြယ်ပွင့်မပြ ဘယ်လောက်မေးခဲ့လဲသိပါရစေ ?
ဖြေ ။ ကြယ်ပွင့်ပြမေးခွန်း အခု(၂၀)ကျော်၊ကြယ်ပွင့်မပြမေးခွန်း အခု(၃၀)နီးပါးမေးခဲ့ပ်ါတယ်။
မေး ။လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အောင်မြင်မှုဘယ်အတိုင်းအတာထိရှိနိုင်မလဲလို့ မျှော်လင့်ထားပါသလဲ?
ဖြေ ။ လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကျွန်တော်တို့NLD ပါတီကဘဲ အမတ်နေရာအများစုနိုင်မယ်လို့မျှော်လင့်ထားပါတယ်။ပြည်သူတွေကို ကြောက်အောင်ခြောက်တာမျိုးလည်းမလုပ်ဘူး။မလိမ့်တစ်ပတ်လည်းမလုပ်ဘူး၊ရိုးသားစွာနှင့်ယှဉ်ပြိုင်ပါမယ်၊ပြည်သူလူထုရဲ့နိုင်ငံရေးရေချိန်ကမြင့်တက်နေပါပြီ၊ပြည်သူသာအဓိကပါ၊အခုNo Voat ဆိုတာမျိုးလှုပ်ရှားလာတာကြားရတယ်၊ဒီလုပ်ရပ်ဟာ နိုင်ငံရေးကို မစားရတဲ့အမဲသဲနှင့်ပက်ဆိုတာမျိုးပါ။

မေး ။ အကျဉ်းထောင်အတွင်းက နိုင်ငံရေးနဲ့ပတ်သက်တဲ့အကျဉ်းသားကိစ္စ ဘာပြောချင်ပါသလဲ?
ဖြေ ။ နိုင်ငံရေး အကျဉ်းသားဆိုတာ ပါတီစုံဒီမိုကရေစီစနစ်မှာမရှိသင့်ပါဘူး။ဒါပေမဲ့သူတို့ ကျူးလွန်ခဲ့တဲ့ပြစ်မှုဟာ နိုင်ငံရေး စံနှင့်တိုင်းတာရင် နိုင်ငံရေး မဆန်ဘဲနှင့်ရာဇဝတ်ပြစ်မှုမျိုးဆန်နေရင်တော့ နိုင်ငံရေး အကျဉ်းသားဆိုတဲ့အမည် မသတ်မှတ်နိုင်ပါဘူး။ကျွန်တော်တို့ NLDပါတီအတိုက်ခံဘဝမှာတုန်းက ပုဒ်မအမျိုးမျိုးအတပ်ခံရတာနှင့်နှိုင်းယှဉ်ကြည့်ပါ။ကျွန်တော်တို့ဒီလိုခံခဲ့ရတာပါ။နိုင်ငံရေး စနစ် အဲ့ဒီနိုင်ငံရေးစနစ်ပဲ့ကိုင်ရှင်ဟာ လွှတ်တော်နှင့်အစိုးရပါ၊ဘယ်သူကိုမှနိုင်ငံရေးယုံကြည်ချက်ကြောင့်အပြစ်မပေးချင်ပါဘူး၊
သို့သော်တရားစွဲပုဂ္ဂိုလ်၊တရားစွဲအဖွဲ့စည်းကိုတော့ သတိပြုစေချင်ပါတယ်။လုပ်နေရတာ၁၀၀%လုပ်ပိုင်ခွင့်က၇၅%ဘဲရှိတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားကို သတိပြုစေချင်ပါတယ်။

မေး ။ မီဒီယာအချို့က ဘက်လိုက်မှုတွေရှိနေတယ်လို့အသံတွေထွက်ပေါ်နေတယ် အဲဒီအပေါ်မှာကော မီဒီယာတွေအနေနဲ့ ဘက်လိုက်မှုနည်းသွားအောင် ဘယ်လိုမျိုးအကြံပြုချင်ပါသလဲ?
ဖြေ ။ ပါတီစုံဒီမိုကရေစီခေတ်မှာ ပါတီရဲ့ ဘက်ကိုလိုက်တဲ့ သတင်းမီဒီယာ ဆိုတာရှိနေမှာပါ၊သမိုင်းကြောင်းကိုပြန်ကြည့်ပါ၊ဘက်မလိုက်ဘဲ ကြားနေတဲ့သတင်းမီဒီယာဆိုတာလက်ချိုးရေတွက်ကြည့်ပါ။အလွန်နည်းပါတယ်။အမေစုပြောသလိုပါဘဲ တစ်ချိန်တုန်းက ကျွန်မတို့ကိုထောက်ခံခဲ့သူတွေဟာ ကျွန်မတို့ကိုပြန်ပြီးဝေဖန်ကြမယ်တိုက်ခိုက်ကြမယ်ဆိုတာ မျှော်လင့်ပြီးသားပါလို့ဆိုပါတယ်။သတင်းမီဒီယာတို့ရဲ့ ကျင့်ဝတ်နှင့်သာတိုင်ပါတယ်။အမှောင်လောကကြီးထဲမှာ တသက်လုံးနေရတာကနေဆတ်ကနဲလင်းလာတော့ မှောင်လွန်းတဲ့နေရာကလာခဲ့သူတွေ အလင်းရဲ့ဒဏ်ကိုမခံနိုင်သလိုပါဘဲ၊အားလုံးဝေဝါးသွားကြတယ်၊တဖြေးဖြေးအမြင်ကြည်လာအောင်ကျင့်ယူရဦးမှာပါ။ဝါရင့်သတင်းစာဆရာကြီးတစ်ဦးပြောဘူးပါတယ်၊မိမိရဲ့အထင်ကိုမရေးနှင့်အတွေ့ကိုရေး၊အဖြစ်အပျက်ကိုရေးလို့ဆိုပါတယ်၊ဒါမှသတင်းပါ။အထင်တွေရေးလို့ကတော့ ငါစွဲတွေပါနေမှာပါ။

မေး ။ လက်ရှိပါတီအနေနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဘာတွေဆောင်ရွက်ထားသလဲ?ပြိုင်ဘက်ပါတီတွေအပေါ်မှာကော ဘယ်လိုသဘောထားပြီး စည်းရုံးရေးဆောင်ရွက်နေပါသလဲ?
ဖြေ ။ ပါတီအောင်နိုင်ရေးထက် မဲပေးနည်းကစနေရပါတယ်၊မဲမပေးတတ်သူတွေအများကြီးရှိပါတယ်။မဲမပေးဘို့လည်းလှုပ်ဆော်နေသူတွေရှိနေပါတယ်။ဒါဟာပြည်သူကိုနိုင်ငံရေးသင်းသတ်နေတာပါ၊လုပ်ဘို့မကောင်းပါဘူး၊အောင်နိုင်ရေးကတော့ ဝိုင်းပြီးလုပ်ကြရမှာပါ၊ကျွန်တော်တို့ပါတီဟာ ငွေကြေးမတောင့်တင်းပါဘူး၊လွှတ်တော်အမတ်တွေရဲ့လစာထဲက ၂၅% သောထည့်ဝင်ကြေးနှင့်လုပ်ရတာပါ။ပြိုင်ဘက်ပါတီတွေကိုလေးစားပါတယ်။ပြိုင်ဘက်ကောင်းတွေရဲ့ ညစ်လုံးမပါသော ဘောလုံးပွဲလိုဆိုရင်တော့ လူချ မကစားသော ကစားနည်းမျိုးနဲ့ယှဉ်ပြိုင်ပေးဘို့ပြောချင်ပါတယ်။

မေး ။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဆရာတို့ပါတီအနိုင်ရရှိခဲ့ရင် သမ္မတကြီးကို ဒုတိယသက်တမ်းဆက်လက်တာဝန်ထမ်းဆောင်မယ်ဆိုရင် ဆရာအမြင်သဘောထားဘယ်လိုရှိမလဲ?
ဖြေ ။ သမ္မတကြီးကို ဒုတိယသက်တမ်းဆက်လက်တာဝန်ထမ်းဆောင်စေချင်ပါတယ်။လင်းတလောက်တော့ငှက်တိုင်းလှတယ်လို့သူပြောခဲ့တယ်။လှအောင်လည်းကပြခဲ့ပြီးပြီ၊ကနေဆဲပါ။မူယစ်ဆေးကိစ္စ၊အဂတိကိစ္စတွေဆိုရင်သိပ်ပြီအောင်မြင်လှပါတယ်။တခြားအောင်မြင်မှုတွေလည်းပြသခဲ့ပြီးပါပြီ။အခုကြည့်ပါ Covid19 ကိစ္စ ဒီအစိုးရရဲ့ နိုင်နင်းစွာထိမ်းခြုပ်မှုကြောင့်ပါ။မြန်မာပြည်ဟာCovid 19 ကိစ္စမှာ ကံကောင်းပါတယ်လို့ပြောလို့မရပါဘူး။ကံဆိုတာ အလုပ်ပါ။အလုပ်ကောင်းရင်ကံကောင်းပါတယ်။

မေး ။ ဆရာအနေနဲ့ ပြည်သူတွေကို အခိုင်မာဆုံး၊အတိကျဆုံး၊ဘာတွေဖြည့်စွက်ပြောချင်ပါသလဲ။?
ဖြေ ။ အခိုင်မာဆုံး၊အတိကျဆုံးပြောချင်တာက ပြည်သူတွေကို အထင်မသေးပါနှင့်ဘယ်ဟာက မျောက်ပွဲ၊ဘယ်ဟာက လူကိုယ်တိုင်ကတဲ့ပွဲ၊ ပွဲနှစ်ပွဲမှာ မျောက်ပွဲကိုတော့ကြည့်ချင်မှာမဟုတ်ပါဘူး။ပြည်သူသာ အဓိက ပြည်သူအရင် အတဲ့အစိုးရဘဲရမယ်။ကျွန်တော်ကတော့ ပြည်သူကိုအားထားတယ်။ပြည်သူ့မေတ္တာရှိနေသ၍နိုင်မှာပါ။
စာပေသစ္စာဖြင့်ဟင်္သာ(တောင်တွင်းကြီး)

Leave a Reply

Your email address will not be published.