Home စိုက်ပျိုးရေး အပူထဲမှာ ပြေးလွှားနေကြရရဲ့အခါ

အပူထဲမှာ ပြေးလွှားနေကြရရဲ့အခါ

အပူထဲမှာ ပြေးလွှားနေကြရရဲ့အခါ

ကောင်းဇာ်

ဒေသသည် ရာသီဥတု ပြင်းထန်လွန်းသည်။ အချို့သော ဘာသာတရားတို့အတွက် အကျင့်သီလပြုရန် ပင်ခက်ခဲစေသည်။
ကျနော်ကမီးအပူနဲ့ အလုပ် လုပ်ရတော့ ဥပုသ်စောင့်ဖို့ မလွယ်ဘူး။ အိမ်က သားသမီးတွေ ဥပုသ်ပြုနိုင်ဖို့အတွက်ပဲ ကူနိုင်တယ်။ ဆိုင်က စားပွဲထိုးးလေးတွေလည်း တချိန်လုံး ပြေးလွှားနေရတော့ သူတို့လည်း မလွယ်ဘူး ဟု  လက်ဘက်ရည်ဆိုင်တခုမှ အစ္စလာမ်ဘာသာဝင် အကြော်ဆရာတဦး ပြောသည်။
သဘာဝပတ်ဝန်းကျင်  ဖောက်ပြန်မှုအဆက်မှ ရာသီဥတုကိုဆိုးရွားစေသလို လူတို့၏ သီလကျင့်လုပ်မှုကိုလည်း လာ၍ ထိလေသည်။  သစ်ပင်တို့ ကင်းမဲ့သည့်အခါ သစ်တပင်ရိပ်အောက်၊ ဝါးတမြုံအောက်၌ တရားကျင့်ကြံရန် မလွယ်တော့ချေ။ ဓမ္မကို လူရုပ်ရှုပ် ဖုန်ထူထူ နေပူပူ၌ ကျင့်နိုင်ရန် အားထုတ်နေကြရပြီ။ ‘တရား’ကိုယ်၌သည်လည်း နေအပူဒါဏ်ထဲတွင် အာခေါင်ခြောက် ရေငတ်သည်ကို ခံနိုင်ရန် အားထုတ်နေရသည်။ လူတို့ကဲ့သို တရားဓမ္မလည်း ကိုယ်ပိုင်အပူနှင့် ဖြစ်နေ၏။
ခရစ်ယာန်ဘာသာဝင်တဦးက ကိုဗစ်ကာလကစပြီး တနင်္ဂနွေနေ့တွေမှာ အွန်လိုင်းကပဲ ဘုရားရှိခိုးတာလုပ်တယ်။ ကြာပြီ။ အခုတော့ တခါတလေလောက်ပဲ ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းတာလုပ်တယ်။ ‌အခုက လူနည်းတော့ အလှူငွေရတာလည်းနည်းတယ်။ သင်းအုပ်ဆရာကို လစာလိုက လစဉ်တသိန်းခွဲလောက်ပဲလှူနိုင်တယ်။ သင်းထောက် လေးယောက်ကို တယောက်တသိန်း လစဉ်ထောက်ပံ့တယ်။ အရင်က ရထားတဲ့ အလှူငွေစုထားတဲ့အထဲကပေါ့ဟု ပြောပြသည်။
တသိန်း၊ တသိန်းခွဲဆိုသည့်အလှူငွေဖြင့် သာသနာဝန်ထမ်းနေရသည်မှာ လွယ်ကြမည်မဟုတ်။
တ‌နင်္ဂနွေဝတ်ပြုခြင်းကို အစက သင်းအုပ်ဆရာတော်၏ လူမှုကွန်ယက်စာမျက်နှာက Live လွှင့် ဟောပြောသည်။ နောင်အခါ  အသင်းတော်၏ လူမှုကွန်ယက်စာမျက်နှာမှ လွှင့်သည်။ တရားဒေသနာကို ဆိုရှယ်မီဒီယာမှ တဆင့် နာယူရန်မှာ နှစ်ဦးနှစ်ဘက်အဖို့ အခက်အခဲများစွာရှိသည်။
ယခင်ကိုဗစ်ကာလနှင့် သူ့အလွန်က ပွဲတော်စားမည့်နေ့မတိုင်ခင် နေ့များဆိုလျင် ကြိုတင်၍ စီစဉ်ရသည်။ ပွဲတော်နေ့တွင်သုံးမည့် အသွေးတော်၊ အသားတော်ကိုယ်စားပြု စပျစ်ရည်နှင့်ပေါင်မုန့်ကို လူငယ်များက ကြိုတင်စီမံကာ အိမ်အရောက်ကို ကျန်းမာရေးအစီအမံအပြည့်ပြုလျက် ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။ ယခုမူ ပွဲတော်နေ့တွင် အသင်းတော်၌ ဝတ်ပြုနိုင်ရန် အားထုတ်သည်ဟု သိရသည်။ နွေရာသီဘာသာရေးသင်တန်းများမူ ကျင်းပနိုင်ချေ နည်းသည်ဟု ဆိုသည်။ ဘာသာတိုင်းလိုလိုအတွက်ဖြစ်မည်။
ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးပွဲတော်တခုကို ယခင်က ဒေသတွင်းက အိုအေစစ်သဖွယ်ဟု တင်စားခဲ့ကြသည်။ ယခုမူ အိုသလိုလို အေသလိုလို စစ်သလိုလိုနှင့် သိပ်မအေးမြနိုင် ဖြစ်ရသည်။
ယခင်က ပွဲတော်ကာလနေ သံဃာများကို အာရု
ဏ်ဆွမ်းလောင်းလှူကြခြင်းမှာ ကြည်နူးဖွယ်ဖြစ်သည်။ ကြေးအမျိုးမျိုး၏ ကောလဟာလကလည်း အမှန်လိုလို၊ သတင်းလိုလိုနှင့် ကုသိုလ်ကို အညစ်အကြေးက အကုသိုလ်အတင်း ဖြစ်ခဲ့သည်။
ယခုကာလမူ ပွဲတော်လာတို့မှာ ယခင်ကထက် နည်းသည်ဟု  တနေ့က ၎င်းးသို့ ပိတ်ရက်နေ့ သွားခဲ့သည့် ကိုယ်ပိုင်ကားရှိသည့် သတင်းသမားတဦးက ပြောသည်။ လာတဲ့လူတွေတော့ ရှိပါတယ်။ အရင်နှစ်တွေကလောက်တော့ မစည်ဘူးပေါ့။ တဝက်လောက်ပဲ ရှိမယ်ဟု ဘုရားဖူးအတွေ့အကြုံကို ပြောပြသည်။ နီးစပ်သည့် မီဒီယာတခုတွင်မူ ဖေဖော်ဝါရီလ (၂၅)ရက်က ဖော်ပြထားသည်မှာ ပုံမှန်ရက်တွေမှာ တနေ့ လူတထောင်ကျော်လောက် လာသူရှိသည်။ ရုံးပိတ်ရက်များတွင် လေးထောင်ဝန်းကျင် လာရောက်ကြသည်ဟု ဖော်ပြထားသည်။ တည်းခိုဆောင်အခန်းပေါင်း ၆၀၀ လောက်နဲ့ ဈေးဆိုင်ခန်းပေါင်း ၄၀၀ ကျော်ကိုလည်း စီစဉ်ဆောင်ရွက်ပေးထားပါတယ်ဟု ဂေါပကအဖွဲ့ဝင်တဦး၏ ပြောစကားကိုပါ  အကိုးပြုထားသည်။ ယခုမူ ၎င်းဖော်ပြချက်ထက် လာသူပိုများနိုင်သည်။
လူတို့၏ စားဝတ်နေရေးအပူသည်လည်း ဘာသာတရားတို့ကို သွားကာ သက်ရောက်သည်။ ဝမ်း၌ မဝသည့်အခါ၊ စားဝတ်နေရေးအပူထဲ ပိုပြေးလွှားရုန်းကန်ရသည်။ ဘာသာတရားဘက် လှည့်နိုင်ရန် ပြေးလွှားနေသည့် ဘဝအချိန်ထဲမှ ဖဲ့ယူရန်မှာ မလွယ်။ ခက်ကြ၏။
လျှပ်စစ်မီးကလည်း မိမိတို့အတွက်ထမင်းချက်ရန်ပင် တွက်ချက်ချိန်ဆနေရသည့်အခါ ဆွမ်းခံကိုယ်တော်တို့ကို ဆွမ်းထမင်းတဂေါ်လောင်းရန်ပင် မနိုင်နိုင်ဖြစ်‌နေသည်။ မနက်ခင်း မီးမလာသည့်အခါ ကိုယ်တော်တို့ကို ကန်တော့ဆွမ်းသာ လောင်းကြရသည်။ မနက်ခင်း မီးမလာသည့် ရက်များတွင် ဆွမ်းမလောင်းကြသူ၊ ကန်တော့ဆွမ်းလောင်းကြသူ များသည့်အတွက် မီးမလာတဲ့ မနက် ဆွမ်းခံမထွက်ဟု နေရန်ကလည်း ခက်သည်။ သံဃာတို့ကို ကန်တော့ဆွမ်းလောင်းခြင်းကနေလည်း ဒကာ၊ ဒကာမတို့ကို ကုသိုလ်ရစေနိုင်သည်ဟူသော အာရုံဖြင့် ဆွမ်းခံကို မျက်နှာပူပူ၊ နေပူပူဖြင့် ထွက်ရသည်ဟု သံဃာတပါးက မိန့်၏။
ရပ်ရေးရွာရေး ကုသိုလ်ရေးလုပ်သူ မိတ်ဆွေတဦးက အရင်ကတော့ တို့ရပ်ကွက်က တပတ်တရက်၊ နှစ်ရက် အာရုံဆွမ်းလောင်းလှူတာကို ယူတယ်။ ကိုဗစ်တွေ ဖြစ်တော့ အလှူခံထွက်ဖို့က မလွယ်ဘူး။ အိမ်ပေါက်စေ့ လိုက်အလှူခံဖို့က ကျန်းမာရေးအရ မသင့်ဘူး။ သံဃာတွေလည်း ကြွဖို့ မသင့်တော့ ကျောင်းတွေပဲ တိုက်ရိုက်လှူတာ၊ ချက်တာ ဖြစ်လာတယ်။
အဲ့ဒိကနေ စ, ပျက်သလို ဖြစ်သွားတာ။  ကိုဗစ်တွေ နောက်ပိုင်း ဟိုဘက်ရပ်ကွက်က အာရုံဆွမ်းအလှူ သူတို့လောင်းမယ်လုပ်တော့ ပေးလိုက်တယ်။  သူတို့က ပိုဆင်းရဲ ပေမယ့် ပို အလှူရတယ်။ မရှိလို့ မလှု၊ မလှူလို့ မရှိ ဖြစ်မှာ စိုးသလား။ ဘာလားတော့ ငါလည်း မသိဘူးလေဟု ဆိုသည်။
ခုလို နွေကတော့ ကျောင်းရှိ သံဃာစာရင်း အလှုပ်ရှိနေမှာပဲ။ နွေဆိုတော့ ကိုရင်ကအစ အဝတ်များတယ်။ ဝါဆိုသံဃာစာရင်းကတော့ ဝါဆိုခါနီးမှ ဌာနဆိုင်ရာမှာ သိရမယ်ဟု သူက ဆက်ပြောပြသည်။
လူတို့၏ ဒါနအား၊ ကုသိုလ်အားများအပေါ်အခြေခံ၍ သာသနာအသီးသီးသည်လည်း ဖွံ့ဖြိုးရ၏။ အားနည်းသည့်အခါ သာသနာတို့၏ ဝန်ကိုထမ်းသူအရေအတွက် နည်းကြသည်။
နွေကာလတွင် သာသနာ့ဝန်ထမ်းသူတို့သည်  မှိုပွင့်လေးများပမာ များစွာ ထွက်ကြသည်။ မှိုတို့မည်သည် အဟာရဖြစ်နိုင်သလို၊ နှုတ်ကိုလည်း ချိုမြိန်စေနိုင်သည်။ အခြားရှိသည်က မှိုအချို့သည် အဆိပ်အတောက်လည်း ဖြစ်စေနိုင်သည်ကို သတိရှိနေရမည်ဟူသော အဆုံးအမတို့ကလည်း ရှိနေသည်။
သာသနာကား ဖွံဖြိုးလျက် ရှိ၊ မရှိကို မြင်ရ မသိသာ၊ သာသနာကားများ ဖွံ့ဖြိုးလျက်ရှိသည်ကိုကား သိသာစွာ မြင်နေရလျက် ရှိသည်။
အပူကာလ၏ အပူထဲ၌ ဓမ္မအစစ်မူကို ကျင့်မှ၊ ရှာမှ ကိုယ်ကိုယ်တိုင်နှင့် ကိုယ့်ပတ်ဝန်းကျင်ကို အေးချမ်းမှု သက်ရောက်သည်။ လူတကာပူနေချိန်ထဲ တကိုယ်ရည် အေးမှုရှာခြင်းသည် ငြိမ်းခြင်းမမည်။ တံလျပ်သည် သွေးဆောင်တတ်သည်။

Leave a Reply

Your email address will not be published.