အပစ်ရပ်အဖွဲ့များနှင့် ပဋိပက္ခ ဆက်လက်မဖြစ်ပွားစေရန် ယခု ၂၁ ပင်လုံမှ သဘောတူညီချက် ရယူနိုင်ခဲ့

မြင့်ဇော်ဦး (သြဂုတ် ၂၁)

တစ်နိုင်ငံလုံးအပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ရှိနေသော အားနည်းချက်အချို့ကြောင့် လက်မှတ်ရေးထိုးပြီးသော ဒေသတချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေသည့် အတွက် ပဋိပက္ခများ ထပ်မံ မဖြစ်ပွားစေရန် လက်ရှိ ကျင်းပနေသည့် ၂၁ ပင်လုံ ညီလာခံမှ သဘောတူညီချက်များ ရယူနိုင်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

NCA ကိုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ  (EAOs)  က ရေးဆွဲခဲ့ပြီး  NCA လက်မှတ်ထိုးပြီးနောက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်များ ရှိပြီး အဆိုပါ တိုက်ပွဲများကြောင့်  နိုင်ငံရေးဆွေးနွေးမှုများကို ထိခိုက်မှု ရှိနေသည်ဟုလည်း ဦးဇော်ဌေးက ပြောသည်။ သို့ဖြစ်၍ တိုက်ပွဲများ ဘာကြောင့် ဖြစ်ပွားသည်ကို အဖြေရှာ ပြီးနောက် ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့သည်ဟု ၄◌င်းက ဆိုသည်။

 “NCA မှာ အားနည်ချက်တွေ ရှိကောင်းရှိမယ် ရှိနေတဲ့ အားနည်းချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကို မဖြစ်ပွားအောင် ဖြေရှင်းဖို့ သဘောတူညီချက်တွေ ယူလိုက်တယ် အဲ့ဒါက သွားနေတဲ့ process တွေအပေါ်မှာ ပိုခိုင်အောင် လုပ်တဲ့သဘော ဒီအပိုင်းမှာ ရလဒ်ကောင်းရလိုက်တယ်”လို့ ဦးဇော်ဌေးက ပြောသည်။

ဩဂုတ် ၁၉ ရက်မှ ၂၁ ရက် အထိ နေပြည်တော်တွင် ကျင်းပခဲ့သော စတုတ္ထ အကြိမ် ပင်လုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)မှ အပိုင်း(၁)တွင် တစ်နိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေး အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက် (၁၅)ချက်၊ အပိုင်း(၂)တွင် ၂၀၂၀အလွန် အဆင့်လိုက် လုပ်ငန်းစဥ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား-၁)၊ အပိုင်း(၃)တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်အား အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူ သဘောတူညီချက် (၅)ချက်တို့ကို သြဂုတ်လ(၂၁)ရက်တွင် ကျင်းပခဲ့သည့် ၂၁ရာစုပင်လုံညီလာခံနောက်ဆုံးနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

လက်ရှိ အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုးခဲ့သည့် အစိတ်အပိုင်း(၃)ကို ၂၀၂၀အလွန် တက်လာမည့် အစိုးရသစ်လက်ထက်တွင်လည်း ယခုအဆင့်ကဲ့သို့ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

“နောင် ဘယ်အစိုးရတက်တက် ရွေးကောက်ပွဲရလဒ် ဘယ်လောက်ပဲဖြစ်ဖြစ် ဘယ်အစိုးရတက်တက် ဒီပုံစံအတိုင်းသွားမယ် ဆိုပြီး ကျနော်တို့က လုပ်လိုက်တာ ဖြစ်တယ်။ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ဖက်ဒရယ်တည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အကုန်လုံးနဲ့ အကျုံးဝင်တယ် ၂၀၂၀အလွန် အဆင့် ဒါက ကြီးမားတဲ့အောင်မြင်မှုကြီးဖြစ်တယ်။”လို့ သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

၂၀၂၀အလွန် အစိုးရသစ်လက်ထက်၌ “ပြည်နယ် အခြေခံဥပဒေ”ဆိုသည့် စကားလုံးအသုံးအနှုန်းအစား “ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ” ဆိုသည့် စကားရပ် အတည်ပြုရေး၊ မပြုရေးကို ဆက်လက်ဆွေးနွေးရမည်ဖြစ်ပြီး ပြေလည်ပါက ပြီးပြည့်စုံသည့် ပြည်ထောင်စုကြီး ဖြစ်လာမည်ဟု ၄င်းက ဆက်လက် ပြောဆိုခဲ့သည်။

“EAO အဖွဲ့တော်တော်များများကတော့ ပြည်နယ် ဖွဲ့စည်းပုံဆိုတာမျိုးကို ရချင်ကြတယ် ကျမကိုယ်တိုင်ကလည်း ရချင်တယ်။ နိုင်ငံတော်မှာကျလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေလို့ ဖြစ်နေပါတယ် EAOအဖွဲ့တွေကတော့ “ဖွဲ့စည်းပုံ”ရအောင်လို့ ဆိုတဲ့ စကားလုံးကိုရအောင်လို့ ကျမတို့ ကြိုးပမ်းခဲ့တယ် ဒါပေမဲ့ မရခဲ့ဘူး။ မရခဲ့ဘူးဆိုတော့ ဆက်ဆွေးနွေးသွားရဖို့ ဖြစ်သွားတယ်” လို့ EAOs အဖွဲ့ဝင်၊ (ALP) ရခိုင်ပြည်လွတ်မြောက်ရေးပါတီ  ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် စောမြရာဇာလင်း ကပြောသည်။

စောမြရာဇာလင်း- EAOs အဖွဲ့ဝင်၊ဒုတိယခေါင်းဆောင်၊(ALP) ရခိုင်ပြည်လွတ်မြောက်ရေးပါတီ  ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့

တိုင်းရင်းသားများအတွက် “ပြည်နယ် အခြေခံဥပဒေ”တွင် “ဖွဲ့စည်းပုံ” ပါဝင်ရေးကို ယခုအစိုးရမှ ၂၀၂၀အလွန် အစိုးရသစ် ပြောင်းလဲသွားသည့်တိုင် ဆက်လက်ဆွေးနွေးမည်ကြောင်း နိုင်ငံရေးပါတီ အစုအဖွဲ့များထဲမှ ကိုယ်စားလှယ် တာလှဖေက ဆိုသည်။

“၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ အစိုးရ ပြောင်းလဲချင် ပြောင်းလဲသွားလိမ့်မယ်။ ဘယ်မင်းလောင်းပဲ တက်တက် ဒီ Peace Process ကတော့ carry (ဆက်လက်) လုပ်သွားမယ်။ ဒီအတိုင်းပဲ ဆက်လက်အကောင်အထည် ဖော်သွားမယ်ဆိုတဲ့ ကတိကဝတ်ရှိတယ်။ ငြိမ်းချမ်းရေးဖြစ်စဥ် ကြီးက အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးချင် နှောင့်နှေးနေလိမ့်မယ်၊ ဒါပေမဲ့ ရပ်ဆိုင်းမသွားဘူး တရွေ့ရွေ့လှုပ်ရှားသက်ဝင်နေပါတယ်” လို့ နိုင်ငံရေးပါတီများ အစုအဖွဲ့ ကိုယ်စားလှယ် တာလှဖေက UPDJC အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို အစိုးရအစုအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ တပ်မတော် အစုအဖွဲ့၊ EAOs အစုအဖွဲ့၊ နိုင်ငံရေးပါတီအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် အသိသက်သေများက လက်မှတ်ရေးထိုးခဲ့ကြသည်။

ရေဒီယို အသံဖိုင်ကိုလည်း နားဆင်နိုင်ပါသည်။

# Magway news Radio

#မကွေးဂျာနယ်

Leave a Reply

Your email address will not be published.