သရက်သီးကုန်ကြမ်းအထွက်နည်းသဖြင့် အင်းဝသရက်ချဉ်လုပ်ငန်းများ ကုန်ချောအထွက်လျှော့နည်းနိုင်

ရွှေမန်း



တံတားဦးမြို့ အင်းဝစျေးချိုရပ်တွင် သရက်သီးကြမ်းပေါ်ချိန်၌ ရာသီလုပ်ငန်းဖြစ်သော သရက်ချဉ်ဖတ်လုပ်ငန်း လုပ်ကိုင်ကြရာ ယခုနှစ်သရက်သီးရာသီတွင် သရက်သီးကုန်ကြမ်း အထွက်နည်းသဖြင့် သရက်ချဉ်ကုန်ချောထုတ်လုပ်မှု လျှော့နည်းမည်ဖြစ်ကြောင်းသိရသည်။

နှစ်စဉ် သရက်ကြမ်းသီး(ခေါ်)အချဉ်သီးများပေါ်ချိန်မှစတင်၍ အင်းဝ စျေးချိုရပ်တွင် သရက်ချဉ်ထုတ်လုပ် ရောင်းချသည့်လုပ်ငန်းရှင်များမှ သရက်ချဉ်ဖတ်သိပ်လုပ်ငန်းများ လုပ်ကိုင်ရာ သရက်သီးကုန်ကြမ်း မရတော့သည့်အချိန်ရောက်မှသာ လုပ်ငန်းများ ရပ်ဆိုင်းကြသည်။

အဆိုပါလုပ်ငန်းများသို့ သရက်သီးဓားပေါက်ခုတ်လုပ်ကိုင်သူများမှ သရက်ချဉ်ဖတ်ရရှိရန် လက်ခစား ဝင်ရောက်လုပ်ကိုင်ကြရာ သရက်သီးလှိုင်လှိုင်ရရှိချိန်တွင် ဓားပေါက်ခုတ်လုပ်ကိုင်သူ ၁၀၀၀ ဝန်းကျင် လုပ်ငန်းဝင်ရောက်လုပ်ကိုင်နေကြောင်း အင်းဝစျေးချိုရပ်ရှိ သရက်ချဉ်လုပ်ငန်းတွင် လက်ခစားလုပ်ကိုင်နေသူ တစ်ဦးကပြောသည်။
“နေ့စဉ်မနက် ၇နာရီလောက် အလုပ်စဝင်တယ်။ နေ့ခင်းပိုင်း ထမင်းစားနားတယ်။ အလုပ်သိမ်းတာက ညနေ ၄နာရီခွဲလောက်မှာပါ။ တစ်ချို့လည်း ၅နာရီကျော်အထိ လုပ်တာရှိတယ်။ လုပ်ငန်းကျွမ်းကျင်သူက တစ်နေ့ သရက်သီးအလုံး ၁၀၀ ပါတဲ့တောင်း ၁၂တောင်းက ၁၅တောင်းအထိပြီးတယ်။ လက်နှေးသူက ၈တောင်းက ၁၀တောင်းပဲပြီးတယ်။ ဒီနှစ် သရက်သီးအဝင်နည်းလို့ တချို့ရက်တွေမှာ တစ်နေကုန် အလုပ်မဆင်းနိုင်တော့ဘူး။ နေ့ တစ်ဝက်နဲ့ အလုပ်နားရတဲ့ရက်တွေရှိတယ်” ဟု ၄င်းကပြောသည်။
သရက်ချဉ်လုပ်ငန်းရာသီချိန်တွင် ကုန်သည်များက ရင်းနှီးမြှုတ်နှံနိုင်မှုအပေါ်မူတည်၍ သရက်ချဉ်ဖတ်လုပ်ငန်း လုပ်ကိုင်ကြရာ ယခုမှစ်သရက်သီးကြမ်းစတင်ပေါ်ချိန်တွင် လေပြင်းတိုက်ခံရသဖြင့် သရက်သီးများ ပျက်စီးခြင်း၊ သရက်သီးအထွက်နည်းခြင်းတို့ကြောင့် တံတားဦးနယ်တွင် သရက်ကြမ်းသီးအထွက်လျှော့နည်းသွားသည်။

“သရက်ချဥ္လုပ်ငန်းက တန်ခူးလထဲမှာ စတာပါ။ ဒီနှစ်သရက်သီးထွက် အတော်နည်းသွားတယ်။ သရက်သီးစျေးကွက်မကောင်းတော့ သရက်တောင်သူတွေ ဝါယမစိုက်မှုနည်းသွားတယ်။ ဒါကြောင့် သရက်သီး အထွက်ကျသွားတာဖြစ်ပါတယ်။ အခုဆိုရင် ကုန်ကြမ်းအဝင်နည်းနေပါပြီ။ ခါတိုင်းနှစ်တွေလို အလုပ်သမားအများကြီး မသုံးနိုင်ပါဘူး။ နေ့တဝက်လုပ်ရတဲ့ရက်တွေ တစ်ရက်ခြားလုပ်ရတာတွေအထိ ရှိလာတယ်။ ဒီနှစ်သရက်ချဉ်အထွက်နည်းပါမယ်။ ခါတိုင်းနှစ်တွေလို ဝါဆိုလအထိ လုပ်နိုင်တော့မယ် မထင်ပါဘူး” ဟု အင်းဝ စျေးချိုရပ် ကုက္ကိုရိပ်သရက်ချဉ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယခုအခါ တံတားဦး အင်းဝစျေးချိုရပ်ရှိ သရက်ချဉ်ဖတ်သိပ်လုပ်ငန်းများအနေဖြင့် ကျောက်ဆည်၊ စစ်ကိုင်းနှင့် မကွေးဒေသများမှ သရက်ကြမ်းသီး(ခေါ်)မျိုးညံ့သရက်အချဉ်သီးများကို ဝယ်ယူလုပ်ကိုင်နေကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published.