သရက်တောင်သူများ အသီးအရည်အသွေးအလိုက် နစ်နာမှုမရှိသည့်ခြံဖြတ်ဈေးဖြင့်ဝယ်ယူကာ မူဆယ်ပွဲရုံများ တရုတ်နိုင်ငံသို့ သရက်သီးစတင်တင်ပို့

ရွှေမန်း

သရက်တောင်သူများ အသီးအရည်အသွေးအလိုက် နစ်နာမှုမရှိသည့်ခြံဖြတ်ဈေးဖြင့်ဝယ်ယူကာ မူဆယ်ပွဲရုံများ တရုတ်နိုင်ငံသို့ သရက်သီးစတင်တင်ပို့ ခဲ့ကြောင်းသိရသည်။
ယခုနှစ်သရက်သီးရာသီအစစိန်တလုံးသရက်သီးတင်ပို့ချိန်တွင် တရုတ်နိုင်ငံသို့ မူဆယ်ပွဲရုံများက စတင် တင်ပို့ခဲ့ရာ အသီးတင်ပို့မှုဆိုင်ရာ အခက်အခဲအချို့ပြေလျော့အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း နှင့် ယခုနှစ် တွင်တောင်သူများ အသီးတင်ပို့ရာတွင် မူဆယ်ထိ လမ်းကြောင်းတစ်လျှောက် ကြန့်ကြာခြင်း၊ တစ်ဖက် နိုင်ငံသို့တင်ပို့ရာတွင် ပို့ကုန်ဆိုင်ရာအခွန်များ ကားခများ ပွဲခများကို ထည့်တွက်တင်ပို့ရန် မလိုတော့ဘဲ ပွဲရုံများက တောင်သူများခြံမှာ အရည်အသွေးအရွယ်အစားအလိုက် ဈေးကောင်းပေးဝယ်ယူ တင်ပို့သွား မည်ဖြစ်ကြောင်း မူဆယ်ခွာညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင် ကပြောသည်။
“အကောင်းဆုံးအနေစီစဉ်ထားတာကတော့ အရင်နှစ်တွေက တောင်သူတွေက ပွဲရုံတွေကို အလုပ်အကြွေးပြုရတယ်ပြောကြသလို ဒီနှစ်တော့ ပွဲရုံတွေက တောင်သူတွေကို အလုပ်ကျွေးပြုမယ့်နှစ်လို့ ပြောပါရစေ။ ဆိုလိုတာက ပွဲရုံတွေက တောင်သူတွေ တင်ပို့တွေနဲ့ မနှစ်နာရအောင် သရက်ခြံထဲမှာပဲ ဈေးဖြတ်ဝယ်ပေးသွားပါမယ်။မူဆယ်ကို ရောက်လာတဲ့အချိန် ပွဲရုံတွေက ချိန်ဆပြီး တင်ပို့မယ်။ရှုံးတာမြတ်တာ ကိုယ်ဖာသာခံပြီး တရုတ်တင်ပို့မှုလုပ်ပေးမယ်။ ပွဲရုံတွေကတော့ အရင်အသီးတင်ပို့နေကြကိုယ့် တောင်သူတွေကို ခြံထဲမှာတင်ပေါက်ဈေးဖြတ်ဝယ်ပြီးတင်ပို့သွားမှာပါ။ အသီးတင်ပို့မှုမှာ ကြန့်ကြာတာတွေ ကုန်ကျစရိတ်တွေ အလေအလွင့်တွေ ပွဲခတွေကို ပွဲရုံတွေကခံပြီး တောင်သူကို အရည်အသွေးအလိုက် တောင်သူတွေ မနစ်နာမယ့်ဈေးကို ပေးဝယ်သွားမှာပါ။ စိန်တလုံးရာသီအပြီး ဟင်္သာ၊ရင်ကွဲ သရက်သီးတွေကိုလည်း ဝယ်ပေးသွားမှာပါ ” ဟု ၎င်းကပြောသည်။
စိန်တလုံးဈေးကွက်ကို ပထမဆုံးတင်ပို့အနေဖြင့် ဧပြီ ၃၀ရက်နေ့က တရုတ်နိုင်ငံဝမ်တိန်သို့ ကျင်စန်းကျော့ နယ်စပ်ပေါက်မှ တရုတ်ကားရှန်တိန်ဖြင့် စတင်ပို့ခဲ့ကြောင်း ပထမဆုံးတင်ပို့သည့် သရက်သီးခြင်းတွေကို ကိုဗစ်ဆေးဖျန်းတာ များသွားပြီး အသီးအရည်အသွေးကျဆင်းသွားကြောင်းသိရသည်။ ယင်းဖြစ်စဉ်ကို တရုတ်နိုင်ငံတာဝန်ရှိသူများကပြန်လည်သုံးသပ် တရုတ်ဖက်နှင့် ညှိနှိုင်းအဆင်ပြေခဲ့သည်။ လက်ရှိအသီး တင်ပို့ရာတွင်ရောဂါပိုးစစ်ဆေးမှုများနှင့် အကောက်အခွန်ဆိုင်ရှင်းလင်းမမှုများ၊ တရုတ်ကားချိန်းပြောင်း ခြင်းများ အပါအဝင် ကုန်ကျစရိတ်များအပြင် ၃ ရက်ခန့်ကြာမြင့်ကြောင်းသိရသည်။
ယခုနှစ်အသီးပေါက်ဈေးမှာ အရည်အသွေးအလိုက် ၁၆ကီလိုတစ်ခြင်းလျှင် ယွမ် ၈၀-၁၀၀-၁၁၀ ခန့်ပေါက်ဈေးရရှိပြီးယွမ်ငွေအပြင်ပေါက်ဈေးမှာ တစ်ယွမ်လျှင် ၃၁၅ကျပ်ပေါက်ဈေးရှိကြောင်းသိရသည်။ လက်ရှိ တရုတ်နိုင်ငံသို့ တင်ပို့ပြီး ၁၆ကီလို စိန်တလုံးသရက်သီးတစ်ခြင်းလျှင် တရုတ်ယွမ်ငွေ ပေါက်ဈေးအရ မြန်မာကျပ်ငွေ ၃၀၀၀၀ ကျော် ပျှမ်းမျှရောင်းချရကြောင်းသိရသည်။

Leave a Reply

Your email address will not be published.