လေထဲ မိုးထဲနှင်၊ လေသံ မိုးသံနားစွင့်

ကောင်းဇော်

သီးနှံတွေ ဖွံ့ဖြိုးဖို့၊ အောင်မြင်ဖို့ဆိုတာ မိုးရွာတာ တခုထဲနဲ့ ဆုံးဖြတ်ပြီး စိုက်ပျိုးချင်လိုမရဘူး။
မိုးကောင်းရင် သီးနှံကောင်းမယ်လို့ ပုံသေ တွေးလို့မရ။ သူ့အချိန်နဲ့ အံကိုက်ရွာတဲ့မိုးကသာ သီးနှံအထွက်ကောင်းနိုင်သည်။ အပွင့် ပျိုးစ ရွာရင် အသီးမတင်။
အစေ့အနှံတွေကောင်းသော်ငြား ရိတ်သိမ်းခါနီး ‌မိုးသည်းသည်းရွာလျင် မျှော်လင့်ချက်တွေ ရေထဲ ပါသွားနိုင်သည်။ မိုးများလွန်းတော့လည်း အပင်အနှံတွေ ခါးကျိုးပြီး အနီးကပ်မှ အစေ့အဆံတွေ ရေထဲမျော သွားမည်။
တောင်သူလယ်သမားတွေကတော့ ဘယ်လိုအခြေမှာပဲ ဖြစ်နေနေ၊ အရင်နှစ်က သီးနှံမရတာဖြစ်ခဲ့လည်း မိုးသံလေသံလေးတွေကြားရလျင် စိုက်ဖို့ပျိုးဖို့ လုပ်ကြသည်။
မိုးလေဝသအပြင် နိုင်ငံရေးရာသီဥတုလေးသာယာမှ လယ်ယာလုပ်ငန်းခွင် ဝင်ဖို့ စိတ်အေးချမ်းရသည်။
ရာသီဥတုတိုင်း သာယာကလူနဲ့ ရပ်ရွာ လည်း ငြိမ်းချမ်းသည်။ လူတို့သည် ငြိမ်းငြိမ်းချမ်းချမ်းနှင့် အေးအေးလူလူနေချင်ကြ၏။
နိုင်ငံတွင်း ငြိမ်းချမ်းဖို့နှင့်၊ ဒီမိုကရေစီဆိုသည်က ကျွဲကူးရေပါ။ ထို ဒီမိုကရေစီရဖို့ အဆင့်တဆင့်တွင် ရွေးကောက်ပွဲလိုသော်လည်း ထိုတခုထဲကတော့ အကြောင်းရင်း မဟုတ်။
ငြိမ်းချမ်းရေးတို့ တည်ငြိမ်ရေးတို့က ရောက်နေ မနေ မရှင်းပေမယ့် ကျေးရွာတွေဆီ သီးနှံရိတ်သိမ်းရတဲ့အချိန်ကတော့ ရောက်လာပါပြီ။
မကွေးနယ်ကရွာတွေဘက်တွင် တမနက်စာ လုပ်ရသည့် လုပ်အားခမှာ အလုပ်သမားတစ်ယောက် ၅ထောင်ရသည်။ တချို့ဒေသတွေမှာတော့ တမနက်လုပ်အားခ ၃ထောင်ကျော်ရ၏။
ယာပိုင်ရှင်တဦးက “ဘာကွာလဲ ဆိုတော့ ငါတို့ဆီက မနက် ၄နာရီလောက်က စလုပ်ရတယ်။ ဟိုးအရင်ကဆို မနက် ၃နာရီလောက်က စလုပ်ရတာ။ နေ့လယ်ထိကတော့ နေပူတော့ မလုပ်ဘူး”လို့ ရှင်းပြသည်။ အချို့အရပ်က မိုးလင်းမှ လုပ်ငန်းစသည်။ ပေးတာ နည်းသည်။
“နှမ်းကိုတော့ အပုံနဲ့ လုပ်အားခ ရှင်းပေးတတ်ကြတယ်။ အရှည် ၂၄ပေ၊ အမြင့် ၃ပေ အပုံကို နှုတ်ပြီး၊ စည်းပြီ၊ ထောင်ပြီး သုံးသောင်းသုံးထောင်ကျပ် လုပ်အားခရတယ်။ တစ်ပုံကို ၄ယောက် တစ်ပုံ အများအားဖြင့် လုပ်ကြတယ်။ နေ့တွက် တစ်သောင်းဝန်းကျင်ရကြတယ်”ဟု ၎င်းယာပိုင်ရှင်ဆိုသည်။
မြေပဲကိုကျတော့ ယာတလယ် (တစ်ဧကခွဲ)ကို နှုတ်ခ ခုနှစ်သောင်း၊ ရှစ်သောင်း လုပ်အားခ ရှင်းပေးကြသည်။ ပဲသား အထူအပါးနဲ့ အောက်တော (ပဲပင်ဘေးမှ မြက်တော) ရှိမရှိ၊ များမများပေါ် မူတည်ပြီး လုပ်အားခ ဈေးအနည်းငယ်ကွာသွားခြင်းဟု ပြောသည်။
အလုပ်သမား ရှားသည်ဟု ‌သိရသည့်အပေါ်
အခြားတောင်သူတဦးက “အလုပ်သမားက ဒို့ ရွာမှာ ရှားတယ်။ မိန်းကလေးတွေကလဲ ဂျပန်၊ တောင်ကိုရီးယာ သွားအလုပ်လုပ်ကြတယ်။ ယောက်ကျားလေးတွေက ထိုင်း၊ ကိုရီးယားသွားကြတယ်။ ရေနံချောင်းဘက်က ထိုင်း၊ တရုတ်များတယ်” လို့ ဆိုသည်။
ထို့ကြောင့် ဒေသတွင်း အလုပ်သမား ရှား၍ အလုပ်လှိုင်ပါက တောင်းတဲ့ဈေးပေးရပြီး၊ တဒေသနဲ့ တဒေသ၊ တရွာနဲ့ တရွာ သီးနှံပေါ်ချိန်တိုက်နေပါက အလုပ်သမား အခက်အခဲရှိကြသည်။ မိုးဦးကျ မိုးရွာချိန် တူနေပါက စိုက်ချိန် တူကြသည်။ သီးနှံပေါ်ချိန်၊ နှုတ်သိမ်းချိန် တူတတ်သည်။
ပဲ၊ နှမ်း စိုက်ချိန်တူသော်လည်း ရာသီဥတုမကောင်း၊ မိုးမရွာသည့်အတွက် ရေနံချောင်းအရှေ့ဘက်ရွာများတွင် ပဲခင်း အပျက်များသည်။
“ပဲခင်းတွေက မီးတောင်ရှို့ ရနေပြီ”ဟု မကွေးဘက် နှမ်းနှုတ်လာလုပ်ရသည့် ရေနံချောင်းမှ ယာသမားက သူ့ပဲခင်း ခြောက်နေသည့် အခြေအနေကို ပြောပြသည်။
မကွေးနယ်မှ တောင်သူကြီးက “အရင်းက ၃ဧကကွက်ကို ၁၈သိန်းလောက်ကျတယ်။ ပြန်ရတာ ၇၆သိန်းလောက်ရတယ်”ဟု ဆိုသည်။
ဆက်ပြီး “ဒီနှစ်မှ ရတာဟ။ ခါတိုင်း ရှုံးတဲ့နှစ်တွေက ကွေးနေတာပဲ”ဟု ပြောပြသည် ။
အရင် ၂နှစ်က အရင်းပဲ ပြန်ရပြီး အရင်းရသည်ဆိုသည်ကလည်း ကိုယ့်ငွေနဲ့ ကိုယ်လုပ်ကြသူများအတွက်သာ ဖြစ်သည်။ သူများဆီက ချေးငှားလုပ်ရသူများ ရှုံးကြသည်။။ ဒီနှစ် ဈေးမှန်ရတယ် ပြောရမည်။ ရှေးရှေးကတုန်းက နှမ်းတစ်တင်းရောင်းရင် ဆန် တစ်အိတ်ရသည်။ စစိုက်ချိန်က နှမ်းပေါ်ချိန်ကြလျင် နှမ်းတစ်တင်း တစ်သိန်းခန့်သာရမည် ခန့်မှန်းရဲသော်လည်း အစစ ဈေးတက်ချိန်နှင့်တိုက်ဆိုင်ကာ တသိန်း သုံး၊ လေးသောင်းရခြင်းဖြစ်သည်ကို နားလည်ကြသည်။ ဈေးနှုန်းကအစ တည်ငြိမ်ခြင်းကသာ ထုတ်ကုန်တင်ပို့နိုင်ဖို့၊ ဈေးကောင်းရဖို့ မျှော်လင့်နိုင်မည်ကိုလည်း တောင်သူတို့ သိကြသည်။ ဈေးကောင်းရဖို့ ဆိုသည်ကလည်း စိုက်ပျိုးနိုင်သည့်အခြေက စ,ရှိရမည် ဖြစ်သည်။ ထီပေါက်နိုင်သည့်အခွင့်မှာ ထီထိုးမှဆိုသည်။ ယခုက စိုက်ပျိုးနိုင်ဖို့ပင် ရုန်းကန်နေရသည်။
ငြိမ်းချမ်းခြင်းက ထွက်ပေါက်မဟုတ်သော်လည်း
ငြိမ်းချမ်းသည့်အချိန်တွင် အသက်မွေးဝမ်းကြောင်းအလုပ်ကို တည်ငြိမ်စွာ လုပ်ကိုင်နိုင်မည်ကိုတော့ သေချာပေါက်နားလည်ကြသည်။ ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲသည် ဆက်စပ်ချင်လည်း ဆက်စပ်နေနိုင်သည်။
ထိုင်းနိုင်ငံသို့ သွားအလုပ်ရသူများရှိခြင်းကလည်း ထိုင်းနိုင်ငံရွေးကောက်ပွဲကို မန်ယူဘောလုံးသင်း ပွဲတပွဲအတွင်း နိုင်မနိုင် စိတ်ဝင်စားကြသည့်အတိုင်း နောက်ဆုံး မိနစ်ထိ စိတ်ဝင်စားမှုမျိုး တချို့၌ ရှိသည်။
ရွေးကောက်ပွဲများတွင် မဲအများဆုံးနိုင်သူ အနိုင်ယူစနစ် (First Past The Post System- FPTP)နှင့် အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation System-PR) ကျင့်သုံးခြင်းကို နိုင်ငံခြား‌တွင် အလုပ်လုပ်နေသည့် သားသမီးတို့အလုပ်အကိုင်နှင့် ဆက်စပ်ကြည့်ခြင်းတော့ ရှိသည်။
စိုက်ပျိုးဖို့ အခက်အခဲများလာသောအခါ လယ်ယာလုပ်ငန်းနှင့် မိမိရပ်ရွာကို စွန်၍ အပြင်ထွက် အလုပ်လုပ်ကြရသည်။
တောင်သူလယ်သမားတဦးက “မိန်းကလေးတွေဆို မရှိသလောက်ပဲ”ဟု ပြောသည်။ သူတို့ရွာထဲက မိန်းကလေးတွေ အတော်များများမှာ ဂျပန်ရောက်ကုန်ပြီး၊ နောက်သွားမှာတွေလဲ အားကြီးဟု ပြော၏။ ဂျပန်စာသင်တန်းက M4 လောက် ဆိုရင်ပဲ အဆင်ပြေသည်။ ဂျပန်ဘာသာစကား ဖြေဆိုရာမှာ M5၊ M4၊ M3 ဆိုပြီး အဆင့်များ ရှိပြီး တဆင့်ပြီးတဆင့် အောင်ဖို့ဖြေကြရသည်။
ဂျပန်တွင် လုပ်အားခ မြန်မာငွေနဲ့ ကျပ်သိန်း ၄၀ခန့်ရပြီး၊ တချို့မှာ ကျပ်သိန်း၇၀ထိရကာ စရိတ်နှုတ်ပြီး ကျပ်သိန်း ဆယ်ချီပြီး အိမ်ကိုပို့နိုင်ကြသည်ဟု ဆိုသည်။ အသက် ၃၉ကျော်သူများလက်မခံပဲ။ ၅နှစ် ၂ကြိမ်နေပြီးသူများကိုလဲ လက်မခံဟုသိရသည်။
ကိုရီးယားတွင် အခြေခံလစာ ကျပ်သိန်း ၄၀ခန့်ရပြီး အချိန်ပိုပါပါက သိန်း၆၀၊ ၇၀ခန့်ရသည်ဟုဆိုသည်။ ပြည်တွင်း၌အလုပ်အကိုင်ကအစ ရှားသည့်အတွက် နိုင်ငံခြားထွက် အလုပ်လုပ်ကြသူများနေခြင်းဖြစ်သည်ဟု သိရသည်။
သို့သော် နိုင်ငံခြားတွင် အလုပ်လုပ်ခဲ့သူများမှာ ‌ပြန်ရောက်လျင် အလုပ်လုပ်ရန် စိတ်မပါကြဟုလည်းဆိုသည်။
လယ်ယာလုပ်ငန်းသည် အကြောင်းအတော်များများတိုက်ဆိုင်သည့်အခါမှ အမြတ်နှင့် ပြုံးနိုင်သည်။
သီးနှံပေါ်၍ ငွေစရွှင်လာသည့်အခါ လောင်းကစားလုပ်ငန်းများသည်လည်း ကျေးလက်၌ ခြေဆန့်လက်ဆန့်ပိုများလာသည်။ တချို့ လောင်းကစားနည်းမှာ နိုင်သူက အကုန် သိမ်းကြုံးယူသွားသည်။ အချို့ လောင်းကစားနည်းမှာ အပူးထိုး၊ အခွထိုးနည်းဖြစ်၍ အချီကြီး မပွသော်လည်း အရှုံး အမြတ်နည်းတတ်သည်။ သို့သော် ဒိုင်ခံသူထံ အကောက်အများဆုံး ရောက်သွားသည်က များ၏။
ရာသီဥတုကို ကြည့်ရသလို၊ စိုက်ပျိုးစရိတ်ကအစ အရာရာဈေးတက်နေသည့်အခါ ယခုနှစ် ဈေးကောင်းရ၊ အမြတ်ရနေသော်လည်း နောက်နှစ် စိုက်ပျိုးရေးအတွက် ယခုထဲက စိတ်ပူနေရသည်။
” ဒီနှစ်တော့ မြတ်ပါတယ်။ ဒါပေမယ့် ဒီကုန်ဈေးနှုန်းတွေ တက်နေပုံနဲ့ နောက်နှစ်အတွက် ပြန်ရင်းရမှာ မလွယ်ဘူး”ဆိုသည့် မကွေး အရှေ့နယ်က ယာသမားကြီးက ညည်းတွားရင်း ပြောသည်။

ပြည်သူတို့ ညည်းတွားနေကြရသလို အနာဂတ်ကိုယ်တိုင်လည်း ညည်းတွားနေပုံရသည်။ လေထဲ မိုးထဲဆိုလျင် အနာဂတ်က မှုန်ဝါးဝါးဖြစ်နေသည်။ အနာဂတ်ကို အားကိုးဖို့မှာ ခက်နေမှတော့ ကိုယ့်ဒုက္ခ ကိုယ်ရုန်းကြရတော့မည်။

Leave a Reply

Your email address will not be published.