ရွှေမန်း

လာမည့်ကြံရာသီအသစ်တွင် ပြည်တွင်းမှ ထုတ်လုပ်သော သကြားတန်ချိန် ငါးသောင်းကို ဗီယက်နမ်နိုင်ငံသို့ ကြိုရောင်းစနစ်ဖြင့် တင်ပို့ရန် သဘောတူညီမှုရရှိထားကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း၊ဒုဥက္ကဌ ဦးဝင်းဌေးကပြောသည်။

ဗီယက်နမ်သို့ တင်ပို့ရန် FOB ဈေးနုန်းမှာ သကြားတစ်တန်လျင် အမေရိကန်ဒေါ်လာ ၆၀၀ ၀န်းကျင်ဖြစ်နိုင်ပြီး ၂၀၂၁ ခုနှစ်က မြန်မာသကြားနှင့် သကြားထုတ်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၆ သန်းကျော်ရရှိခဲ့သည်ဟု ဆိုသည်။

“ကြံကြိတ်ဝါးတဲ့ ရာသီရောက်ပြီဆိုတော့ ပြည်တွင်းသကြားစက်အချို့ လည်ပတ်နေပြီ။တချို့လည်း လည်ပတ်ဖို့ စတ်နေပြီဆိုတော့ သကြားက ဈေးကွက်ထဲ ရောက်လာတော့မယ်။ဗီယက်နမ်ကို တင်ပို့ဖို့ကတော့ လာမယ့် ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီလောက်မှာဖြစ်မယ်”ဟု ၎င်းကပြောသည်။

ပြည်တွင်းသကြားဈေးမှာ တစ်ပိဿာ ၂၅၀၀ ၀န်းကျင်ထိ အမြင့်ဆုံးရောက်ရှိခဲ့ပြီး သကြားစက်ရုံသစ်များလည်း ပေါ်ပေါက်လာပြီဖြစ်၍ သကြားထုတ်လုပ်မှုမှာယခင်နှစ်များထက် ပိုမိုလာမည်ဖြစ်ကြောင်း၊ပြည်တွင်းစားသုံးမှုနှင့် လုံလောက်မှုရှိနေပြီး ဗီယက်နမ်သို့ အဓိကတင်ပို့လျက်ရှိကြောင်းသိရသည်။

“တရုတ်နယ်စပ်နဲ့ နီးတဲ့ ဒေသတွေမှာ ကြံကို တရုတ်က သူတို့စက်ရုံရဲ့ လိုအပ်ချက်ကြီးမားလို့ ထွက်သလောက် ၀ယ်တယ်။တရုတ်သကြားစက်တွေက မြန်မာကြံကို ဈေးကောင်းပေးဝယ်ကြသလို ငွေလဲနှုန်းကောင်းတော့အဲဒီ ဘက်က ကြံစိုက်သူတွေ အဆင်ပြေကြတယ်”ဟု သကြားတင်ပို့သူတစ်ဦးကပြောသည်။

ပြည်တွင်း၌ သကြားစက်ပေါင်း ၃၀ခန့်ရှိ၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် သကြားစက်အသစ်၂ ခုနှင့် စစ်ကိုင်း တိုင်းဒေသကြီးတွင်၂ ခု၊ စုစုပေါင်း ၄ စက်အသစ်တိုးလာမည်ဖြစ်ရာ ကြိတ်ဝါးကြံလိုအပ်ချက်များလာမည်ဖြစ်ပြီး သကြားထုတ်လုပ်မှုပိုမိုလာမည်ဖြစ်ကြောင်းသိရသည်။

သကြားစက်ရုံများတိုးလာပြီး ဈေးကောင်းရလာသည့်အတွက်သကြားစက်များမှ ကြံတစ်တန်ဝယ်ဈေးကို စက်ရုံ အရောက် အမြင့်ဆုံးငွေကျပ် ၉၀၀၀၀ ၀န်းကျင်ရှိပြီး ယခင်၂၀၂၀ ၀န်းကျင်က ဈေကြံတစ်တန်လျင်အမြင့်ဆုံး ၆၀၀၀၀ ၀န်းကျင်ရှိ၍ထိုအချိန်တွင်သကြားတစ်ပိဿာငွေကျပ် ၁၅၀၀ ၀န်းကျင်သာ ပေါက်ဈေးရှိခဲ့သည်ဟုဆို သည်။

Leave a Reply

Your email address will not be published.