ကောင်းဇော်
ပတ်ဝန်းကျင်မှာ လှုပ်ရှားရုန်းကန်နေကြတဲ့ လူတွေကို မြင်ရတာ မသက်သာဘူး။ တခါတခါ သူတို့တွေ သွားလာနေကြရင်း ခဏရပ်ပြီး ပါးစပ်နဲ့ မောကြီးပန်းကြီး ရှုနေကြတာ မြင်ရတယ်။ အသက်ရှင်ဖို့ နှာခေါင်းနဲ့ ရှူရတာ ကြပ်တည်းလာတော့ ပါးစပ်အကူယူပြီးပါ အသက်ရှူနေကြတယ်။ ပါးစပ်က ရှူတော့ ဘိုက်ပါပြည့်သလားဆိုတော့ ဘိုက်ပူနံကားကို ပိုဖောင်းလာရုံပါပဲတဲ့။
ရှုရတဲ့လေက တနေ့တခြားဈေးကြီးလာလည်း အသက်ရှင်ရုံအတွက်ဖြစ်ပါစေ အားတင်းရှုနေကြတယ်။
ပိတ်လှောင်နေတဲ့အခန်းတွေ ထဲမှာ နေကြရတယ်။ ညစ်ပတ်ပေရေနေတဲ့အိမ်ငယ်တွေ၊ တဲအိုတွေထဲမှာ မလှုပ်ရှားသာ နေရတယ်ဆိုပေမယ့် ကျန်းမာရေးဆိုးဝါးပျံ့နှံ့စေလောက်တဲ့ အကျယ်အဝန်းတော့ ဖြစ်နေတယ်။
မွန်းကြပ်နေတော့ အသက်ရှုတာကို နည်းနည်းပဲ ရှုသွင်း ရှုထုတ်လုပ်နိုင်ကြတယ်ဆိုပေမယ့် ထုတ်လိုက်တဲ့လေထဲက ကိုယ့်ရဲ့ပိုးမွှားတွေက အဝေးထိ ရောက်သွားတယ်။
သူများထုတ်လိုက်တဲ့ ပိုမွှားတွေကို နည်းနည်းပဲ ရှုရှိက်မိတယ်ဆိုလည်း ယိုယွင်းနေတဲ့ခန္ဓာကိုယ် ပိုမကျန်းမာစေဖို့က အမြဲ လုံလောက်တဲ့ ပမာနတစ်ခု အမြဲဖြစ်စေတယ်။
ကိုဗစ်လှိုင်းတွေထဲက ရုန်းကန်ပြီး ပြန်ကျန်းမာလာတဲ့ အမျိုးသမီးတစ်ဦးက “သူများတွေ ဖျားတဲ့အသံကြားရင်ကို ကြောက်ဒူးတွေတုန်လာတယ်။ ကိုယ် ဖျားမှာ ကြောက်လို့” ဆိုပြီး ပြောပါတယ်။
ပြန်လည်ကျန်းမာလာဖို့ လုပ်ခဲ့တာကို အခုလို ပြောပါတယ်။
“ဆေးကတော့ ဂွေးတောက်ရွက် ကြက်ဟင်းခါးရွက် တွေ ရေနွေးပွက်ပွက်ဆူမှာ ရှူ။ ရှူလည်း အသက်ရှူလို့မဝ။ အသက်မျှင်မျှင်ပဲရှူလာနိုင်တယ်။ ပရုပ်ဆီစား လိမ်းရှူ တကိုယ်လုံးလိမ်း အဲ့လိုနဲ့ တဖြေးဖြေးအသက်ရှူလို့ရလာတာ။
နလန်ထတော့ အရမ်းစားချင်သိပ်ရှိလေေခုပြီး တခုစား။ ရှိတဲ့ပိုက်ဆပ်ကတော့ အကုန်ပြုတ်တာပဲ။ ပိုက်ဆံ မရှိရင် သေနိုင်တယ်။ အင်္ဂလိပ်ဆေးနဲ့တော့ မကုဖြစ်ဘူး။ ဆေးရုံဆေးခန်းလည်း မတက်နိုင်ဘူး။ အောက်ဆီဂျင်ဘူးတော့ သားသမီးတွေက စုံစမ်းထားပေးတယ်။
အောက်ဆီဂျင်ဘူး အိမ်ရောက်လာရင်တော့ မြင်တာနဲ့ သေမှာပဲ။
သူရဲ့ လက်ရှိအနေအထားကို အခုလိုပြောပြပါတယ်။
“အလုပ်မရှိလို့ ဆီတိုးနေရတာ။ စားဖို့ပါ။ အိမ် ၃ယောက်ရှိရင် ၂ယောက်က အလုပ်လုပ်။ ၁ ယောက်ကထမင်းဟင်းချက်ပြီး ဆီတိုးရတာ။ဆီ၅၀သားပဲရရင် တိုး ပြန်ရောင်းမကိုက်ပါဘူး။ တပိသာရရင် အရင်းက ၄၉၀၀၊ ၅ထောင်၊ ၅၁၀၀ အမျိုးမျိုး။ ပြန်ရောင်းရင် ၈ထောင်ရတယ်။ တချို့ ဆိုင်က ၇၅၀၀ကျပ်ပဲပေးပြီး ပြန်ချိန်ဝယ်တယ်။ အလျော့က အစကတည်းက ရှိတယ်။ မြတ်မှ ၃ထောင်ကျပ်ပေါ့။
၇၅၀၀ဆိုလဲ ရောင်းခဲ့ရတာပဲ။ ကိုယ်မှ အောင်းမထားနိုင်တာ။ ဆီတိုး ပြန်ရောင်းသူ ဖမ်းမယ်လည်း ကြားတယ်။ ဖမ်းရင်တော့ အကုန်လုံးးလောက်ပါမှာပဲ။ တိုးပြီး ဘယ်ပြန်ရောင်းချင်မလဲ။ အလုပ်အကိုင်က မရှိ။ ဝင်ငွေက မရှိ။
ရောင်းတဲ့နေရာကလည်း ခွက်ထဲချန် ပြန်သယ်။ အကုန်မှောက်မချဘူး။တချို့ရောင်း ရတာမှ တပိသာ ရတာ။ အလေးမှန်အောင် ရောင်းလို့ ပြောသူမရှိပါဘူး။ ခုကကာလ
ဈေးတွေမှာ ဝယ်သူ သိပ်မရှိပါဘူး။ ဆီတိုးတဲ့သူတွေကြောင်ပဲ ဈေးမရောင်းရသလိုလို အပြောခံရတယ်။
ခုချိန်က ပဲ၊ နှမ်း သီးနှံပေါ်ချိန် တောင်သူတွေ မြို့တက် အဝယ်အချမ်းများချိန်။ ဒါပေမယ့် ခု ဈေးတွေမှာ ဝယ်သူ ပါး။သိပ်မရှိဘူး။ ဆီတိုးတဲ့ထဲ မျက်စိနာသူတွေ ရှိတာပဲ။ နာတဲ့ မျက်စိ မကြည့်ရင် မကူးဘူး ပြောတာပဲ။ တိုးတဲ့ထဲက မိတ်ဆွေတယောက် မျက်စိနာတာတွေ့တယ်။ သူ့မျက်လုံး မကြည့်ဘူး။ သူ့တော့ တခြားတစ်ယောက်မျက်စိနာတာ သွားကြည့်လို့ ကူးတယ် ပြောတာပဲ။ အဲ့ကောင်မ မတွေ့တာ တစ်ရက်လောက်၊ နောက်နေ့ကျ နာတာ မတွေ့တော့ဘူး။ဘာဆေးနဲ့ပျောက်လဲ မသိဘူး။ မြန်မာဆေး ပွဲကြည့်မီ မျက်စဉ်း ခတ်သလာ မသိဘူး”လို့ အရှည်ကြီး ညီးတွားရင်း ဇာတ်စုံခင်းရှာတယ်။
ကျန်းမာဖို့အတွက် အစာအဟာရကလည်း အထောက်အကူတစ်ရပ်ပါပဲ။ ကြိုတင်ကာကွယ်တာ၊ ရောဂါမဖြစ်အောင် မဖြစ်အောင် နေထိုင်တာအပြင် ကျန်းမာရေးနဲ့အညီ နေထိုင် စားသောက်ဖို့လိုအပ်ပေမယ့် အစစ ဈေးကြီးနေတဲ့အချိန်မှာ စားဝတ်နေရေးဒုက္ခအကြောင်း ရင်ဖွင့်သူတွေ ရှိပါတယ်။
မိသားစုအတွက် ကိုယ်တိုင် ချက်ပြုတ်တဲ့ အဘိုးအရွယ်တစ်ဦးက ၄၊ ၅ဦးရှိတဲ့ မိသားစုတစ်စု ဆန်၊ ဆီ၊ စား အတွက်မပါ တစ်နေ့ တစ်နေ့အတွက် ကုန်ကျစိတ်က ၅ထောင်၊ ခြောက်ထောင်အနည်းဆုံးရှိတယ်လို့ ပြောပါတယ်။ တခါတခါ တစ်သောင်းထိ ဈေးဘိုးကုန်ကျ စရိတ်ရှိတယ်လို့ ပြောပါတယ်။ သူအပြောအရ အမဲသား၊ ဝက်သား ဈေးက အစိတ်သားကို ၃၅၀၀ကျပ် သတ်မှတ်ဈေးရှိတယ်။ စီပီကြက်သားက အရိုးအသားဈေး ၂၅၀၀ရှိပြီး အရိုးလွတ်က ၄ထောင်ခန့်အထိရှိတယ်။ ငါးက ငါးကြီးသား ခုတ်သားက အစိတ်သား ၃၅၀၀ရှိတယ်လို့ သိရပါတယ်။
ကိုယ်တိုင် ဈေးဝယ် ချက်ပြုတ်တဲ့ အခြား အိမ်ထောင်ရှင်ထီး တစ်ဦးကလည်း တစ်နေ့ ဟင်းဘိုး ၅ထောင်၊ ၆ထောင် အနည်းဆုံးလို့ ပြောပါတယ်။
“ကြက်ဥတစ်လုံးတောင် ၂၇၀၊ ၂၈၀။ ကျောင်းသားတွေ ရှိတော့ ကလေးတွေကျောင်းတက်ရတဲ့နေတွေ ဖွယ်ဖွယ်ရာရာ ထမင်းဘူးထဲပါအောင် အသားဟင်းထဲ့ရတယ်။ ပိတ်ရက်တော့ ပဲဟင်းတို့၊ အသီးအရွက်တို့ စားပေါ့” လို့ ပြောပါတယ်။ လူ၄ယောက် အသားအစိတ်သား ည၊မနက် စားဖိုဆို အတုံးသေးသေးလေးတွေပဲရမယ်။ ဟင်းချွေစားရမယ်။ အစားညီတဲ့ ငါးကြီးခုတ်သား ၅ထောင်ဘိုးဆို တစ်ရက်ခွဲတော့ စားလို့ရနိုင်တယ်။ ဒါတောင် သမီးတစ်ယောက်က သတ်သတ်လွတ် “လို့ ရှင်းပြတယ်။
မိသားစုအတွက် ထမင်းဟင်းချက်ပြုတ်ရင်းနိုင်တဲ့ ဘက်က ထမ်းရှာတဲ့ အထက်က အဘိုးအိုကတော့ “မြက်မြက်လေးလည်းစားချင်။ ဘုံးဘောလအောလည်း စားချင်ရင်တော့ မကိုက်ဘူး။ တို့ကာပင့်ကာ စားကြရတယ်”လို့ ပြောပြပါတယ်။
စားဝတ်နေရေးသာ ဈေးကြီးလာတာမဟုတ်။ ကျန်းမာရေးစရိတ်ကလည်း ဈေးကြီးနေပါတယ်။ လူလတ်တန်းစားရပ်ကွက်မှာ နေတဲ့ အမျိုးသမီးတစ်ဦးက “ယောက်ျား နေမကောင်းလို့ ရပ်ကွက်ထဲက ဆေးခန်းသွားပြတယ်။ ၆ထောင်လောက် ကုန်တယ်။ ဆေးတစ်လုံးထိုးပေးတယ်။ စားဆေး ၃ရက်စာ ပါတယ်”လို့ ရှင်းပြတယ်။
ဆေးရုံကြီးတစ်ရုံတွင်တင်ကာ ဖခင်ကို ကုသနေရတဲ့ အမျိုးငယ်တစ်ဦးက “မိတ်ဆွေရဲ့ ကားက အရေးပေါ်ဌာနထိ ပို့ပေးတယ်။ သေသေချာချာ မသိတော့ မိတ်ဆွေကားကို ပြန်လွှတ်လိုက်မိတယ်။ အရေးပေါ်က ကုသဆောင်ပို့ဖို့မှာ ခက်နေရော။ ဆေးရု့လူနာလာပို့တဲ့ ကားတစ်စီးတွေလို့ အကူညီတောင်တော့ လိုက်ပို့တယ်။ ကားခဖြစ်ဖြစ် ယူပါဆိုတာ မယူဘူး။ ဒုက္ခရောက်သူအချင်းချင်းကူတာပါဆိုကာ စေတနာအပြည့်နဲ့ကူတယ်။ အနားက လူနာသယ်ပေးတဲ့ လူ ၄ယောက်ကတော့ တယောက် ၄ထောင် တောင်းတယ်”လို့ ပြောပြတယ်။
အပေါ်ရောက်ရော ဆေးဝယ်ဆိုတော့ အောက်ဆင်းဝယ် ခြောက်သောင်းရှစ်ထောင်ကုန်တယ်။ သွေးစစ်တာ လေးသောင်းနှစ်ထောင်ကုန်တယ်။ ဦးခေါင်းကို ဓါတ်မှန်ဆိုလား ရိုက်ရိုက်ဆိုတော့ ရိုက်တာ ငါးသောင်းငါးထောင်ကုန်တယ်။
အောက်ဆီဂျင်က တခြားက ယူရတယ်ဆိုတော့ တစ်အိုး တစ်သောင်းပေးရတယ်။ အောက်ဆီဂျင်အိုးကူငှားပေးတဲ့ မိတ်ဆွေလည်း ရှိတယ်။ အောက်ဆီဂျင်အိုးကို မှတ်ပုံတင်ပြ၊ လိပ်စာပြောပြီးယူသွားလို့ ပရဟိတအသင်းက ပြောတယ်။ ပရဟိတအသင်းက ဆေးရုံထိ ကားနဲ့ အောက်ဆီဂျင်အိုး သယ်ပေးတဲ့ မိတ်ဆွေလည်းရှိတယ်။ ဆေးရုံအောက်ထပ်က အပေါ်ထိ ထမ်းတင်ဖို့က မလွယ်တော့ သယ်ခက ခုနှစ်ထောင့်ငါးရာတဲ့။ ဆေးရုံထဲကရတဲ့ တသောင်းနှုန်ဆိုတာပဲ ပေးလိုက်ရတယ်။ အာထရာဆောင်းနဲ့ ဓာတ်မှန်က တစ်ထောင်စီပဲ ဆေးရုံကို ပေးရတယ်။ သွေးစစ်တာလည်း တစ်ထောင်ပဲလို့ သိရတယ်။
“ဆေးရုံ မဆင်းမခြင်း၊ ပြန်မကောင်းမခြင်းက ဆက်ကုန်နေဦးမှာပဲ”ဟု ရှင်းပြတယ်။
ကျန်းမာရေးစရိတ်ကြီးမြင့်လာတဲ့ဒါဏ်ကို လူတွေသာ ခံရတာမဟုတ်၊ တိရိစ္ဆာန်လေးတွေနဲ့ တိ – ချစ်သူများလည်း ခံရတယ်။
မြို့ကြီးတမြို့မှာနေထိုင်တဲ့ တိရိစ္ဆာန်လေးတွေကိုအရမ်း ချစ်တဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက
“ဘယ်လို ဖြေရှင်းသလဲဆို၊ သူတို့နေမကောင်းတဲ့ အခြေအနေအရပဲ။ ကက(အမည်လွှဲ)နဲ့ ပပ(အမည်လွှဲ) ကြောင်တုပ်ကွေးဖြစ်တော့ Google ထဲမှာ ရှာပြီး amoxicillin ၂ ပတ် တိုက်လိုက်တယ်။ ကြောင်တုပ်ကွေးက သူတို့ကိုယ်ခံအားနဲ့လည်း ပြန်ကောင်းနိုင်ခြေရှိတယ် ဆိုတော့လေ။
ခွန်အားနည်းတဲ့ ကြောင်လေးတွေကတော့ သေတဲ့ရောဂါပဲ။
ကကတို့တော့ ပြန်ကောင်းသွားကြတယ်။
သဲသဲ(အမည်လွှဲ)ကျတော့ သူလည်း ကြောင်တုပ်ကွေးပဲ။
သူက မျက်စိအဓိကနာတာ။ သူ့ကိုတော့ မျက်လုံးကွယ်သွားမှာ စိုးလို့ ဆေးခန်းသွားတယ်။ သောက်ဆေး ထည့်ဆေး မျိုးစုံလုပ်တယ်။ ဒါပေမယ့် တဖက် ကွယ်သွားတယ်။
တဖက်ကတော့ ပြန်ကောင်းသွားတယ်။ ၄သောင်းကျော် ကုန်တယ်။
ခွေးလေး ၂ကောင် ဖြစ်တဲ့ နိုနိုနဲ့ မိုမိုကိုတော့ မကယ်နိုင်လိုက်ဘူး။ နှစ်ယောလုံး ဆုံးသွားတယ်။ သူတို့က နှလုံးသန် ဖြစ်တာ။အဲ့ဒါက ခြင်ကိုက်ရင် ဖြစ်တာပဲ။ ကာကွယ်ဆေး လတိုင်း တိုက်တယ်။
၁လုံးကို ၂၅၀၀ နဲ့။ ကာကွယ်ဆေးလည်း မကာကွယ်နိုင်ပါဘူး။ နှလုံးသံရှိသွားရင် ကုရမှာ အရှည်ကြီး
သူ့ အဆင့်နဲ့ သူပဲ။ သွေးအကြိမ်ကြိမ်ဖောက်စစ်ရမယ်
ဆေးရုံတင်သင့် တင်ရမယ်။ ခွဲစိတ်ပြီး ထုတ်သင့်ရင် ထုတ်ရမယ်။
အဲ့လောက်ထိ မလုပ်နိုင်ဘူး။
သိန်း ကို ၁၀ ဂဏန်း ဘယ်လောက် ကုန်မလဲ မသိဘူး။
ကိုက်ကောင်ကတော့ ကင်ဆာဆိုတော့ ကင်ဆာဆေးသွင်း ဓါတ်ကင် ဒီမှာ လုပ်လို့တောင် ရမယ် မထင်ပါဘူး
ခက်ခဲပါတယ်။
အကောင်ရေများရင် တကောင်တမျိုးနဲ့ တော်တော် ဒုက္ခရောက်တယ်။
အဲ့ဒီရက်ပိုင်းက သူတို့တွေ တပြိုင်ထဲလို ဆက်တိုက်ဖြစ်ကြတာ။တော်တော် စိတ်ဆင်းရဲရပါတယ်” ဟု ရင်ကွဲမတတ် ခံစားရင်း ပြောပြရှာတယ်။
နှလုံးသန်အကြောင်းကို သူက ခြင်ကိုက်ရင် ဖြစ်တဲ့ သန်ကောင်တွေက တခြားသန်ကောင်တွေလို မဟုတ်ဘူး။သွေးကြောထဲကို ရောက်သွားပြီး နှလုံးထဲကို ဝင်ပြီး ပိတ်တာဖြစ်ပြီး ပျော်ရွှင် ပြေးလွှားနေတဲ့ ခွေးတကောင်ဟာ ချက်ချင်း ဗိုင်းကနဲ လဲကျပြီး သေသွားနိုင်တယ်။ နှလုံးသန်ဟာ ခွေးတွေအတွက် ကျိန်စာ လိုပါပဲဟု ရှင်းပြတယ်။
ဈေးကြီးတဲ့လေတွေထဲမှာအသက်ရှင်ဖို့က ခက်ခဲတယ်။
ကြုံနေရတဲ့ ဆင်းရဲဒုက္ခ ကျိန်စာက လူရော တိရိစ္ဆာန်လေးတွေရော ရဲ့နေခြင်း၊ သေခြင်းတွေမှာ တိမ်အမဲတွေလို ကျယ်ပြန့်လာနေတယ်။
Leave a Reply