ကောင်းဇော်

စားဝတ်နေရေးကို ဖူလုံစေတဲ့ စီးပွားရေးတွေက လူးရုံလှိမ့်ရုံဖြစ်နေတယ်။ စီးပွားရေးက မပြေလည်ကြတော့ လူမှုရေးတွေလည်း ပြုံးပြနှုတ်ဆက်ရုံ။
ကိုဗစ် ၁၉ ကူးစက်ရောဂါကို ကမ္ဘာ့ကပ်ရောဂါ အဖြစ်သတ်မှတ်ထားပေမယ့် အခုအခါ ထိန်းချုပ်လာနိုင်ပါပြီလိုလည်း ဆိုကြပါတယ်။ ဒါပေမဲ့ ကိုဗစ်ပဉ္စမလှိုင်းလာနေပြီဆိုတဲ့အသံကိုလည်း မီဒီယာတွေမှာ ကြားနေရပါပြီ။ဖြစ်လာခဲ့ရင် ဒေသအလိုက် ကူးစက်ပြန့်နှံ့တဲ့ အနေထားအဖြစ် ရှိနေပါတယ်။ မြန်မာရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံမှာ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ကိုဗစ် ၁၉ နဲ့ ပတ်သက်ပြီး သတိထားနေရဦးမှာဖြစ်ပါတယ်။
ကိုဗစ်တတိယလှိုင်းမှာ ဆိုင်ကယ်ဝပ်ရှော့တစ်ခုက မိတ်ဆွေတစ်ဦးနဲ့ စကားလက်ဆုံဖြစ်တော့ အခုက အလုပ်တွေက ပါးတယ်။ ကိုဗစ်ကြောင့် ကျောင်းတွေပိတ်ထားရတော့ ကျောင်းသားတွေရဲ့ဝယ်လိုအားကို အဓိကထားနေရတော့ အလုပ်သိပ်မဖြစ်ဘူး။ ဈေးတွေ၊စားသောက်ဆိုင်တွေ ခဏခဏပိတ်ထားရတော့ လူတွေက အပြင်သိပ်မထွက်ကြဘူး။ ဓါတ်ဆီဈေးက တက်လာတော့ အတတ်နိုင်ဆုံးအပြင်မထွက်ကြဘူး။ အပြင်မထွက်ကြတော့ ဆိုင်ကယ်တွေက သိပ်မပျက်တော့ဘူး။ တစ်ခုနဲ့တစ်ခုလုပ်ငန်းတွေကဆက်စပ်နေတော့ စီးပွားရေးက အသက်ရှုသာရုံပါလို့ ဆိုင်ကယ်လာပြင်မယ့်သူကို လမ်းမဆီမျှော်ရင်း ဆိုရှာတယ်။
နှစ်တွေ ပြောင်းလာပေမယ့် အကြောင်းအရာတွေက ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးထပ်ပိလာတော့ မပြေလည်တဲ့စီးပွားရေးက လှုပ်ရုံပဲ လှုပ်လာနိုင်သေးတယ်။
ပြည်တွင်းမှာ ကိုဗစ်ကူးစက်မှု ပဉ္စမလှိုင်း စတင်ဖြစ်ပွားနိုင်ပြီး လာမယ့်အချိန်အနည်းငယ်အတွင်း ကူးစက်မှုလည်းအမြင့်ဆုံး ဖြစ်လာမယ်လို့ ကျန်းမာရေးပညာရှင်တွေက ခန့်မှန်းထားပါတယ်လို့ မီဒီယာတစ်ခုက စက်တင်ဘာလကထဲက ရေးသားသတိပေးထားပါတယ်။
ပြည်တွင်းမှာ အလုပ်အကိုင်းတွေ ရှားပါးလာနေတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေဆီ တရားဝင်နည်းလမ်း၊ တရားမဝင်နည်းလမ်းတွေ မျိုးစုံနဲ့ အလုပ်သွားလုပ်ကိုင်ကြသူတွေ ပိုများလာနေပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုတွေနဲ့ ဆက်ဖြစ်လာတဲ့ မတည်ငြိမ်တာတွေကြောင့် မြန်မာနိုင်ငံအတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရပြီး စစ်ဘေးဒုက္ခသည်အဖြစ် ရွှေ့ပြောင်းနေထိုင်မှု၊ ပြည်ပနိုင်ငံတွေကို ထွက်ခွာမှုအနေနဲ့ပါ မြင့်တက်နေတယ်လို့ IOM ရဲ့ ဒီဇင်ဘာလ ၂၈ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားတယ်။
အတည်ပြုနိုင်ဖို့ အချက်အလက်တွေ ထပ်လိုပေမဲ့
တချို့‌ဖော်ပြချက်တွေအရ လုံခြုံမှုစိုးရိမ်ချက်တွေရယ်၊ စီးပွားရေးကျဆင်းနေတာရယ်၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေ ပျောက်ဆုံးသွားတာရယ် စတဲ့ အမျိုးမျိုးအကြောင်းပြချက်တွေစုပြီး ပြီးခဲ့တဲ့ အောက်တိုဘာလောက်ကစပြီး လစဉ် မြန်မာနိုင်ငံသားလေးသောင်းလောက် ပြည်ပကို ထွက်ခွာနေကြတာမှာ၊ အများစုက ထိုင်းနိုင်ငံကို သွားကြတာဖြစ်တယ်လို့ အဲ့ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံကို အလုပ်အကိုင် ရှာဖွေဖို့ မြန်မာတွေသွားလေ့ရှိကြပြီး နိုင်ငံသား ၂ သန်းခွဲကနေ ၃ သန်းလောက်အထိ ရှိနိုင်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေက ခန့်မှန်းတယ်လို့လဲ ဆိုပါတယ်။ အခုအခါမှာတော့ မြန်မာနိုင်ငံကနေ ငွေကြေးတတ်နိုင်သူတွေပါ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းနေထိုင်မှု များလာနေတယ်လို့ သိရတယ်။ အခြားနိုင်ငံတွေဆီ သွားရောက်လုပ်ကိုင်သူတွေလည်း မနည်းပါဘူး။ နိုင်ငံကနေ ကာယအားတွေ၊ ဉာဏအားတွေ၊ ဓနတွေ ယိုစီးဆုံးရှုံးနေတာပါ။
နည်းလမ်းအမျိုးမျိုးနဲ့ ထွက်ခွာနေကြသူတွေ ရှိတာမှာ
၂၀၂၂ခုနှစ်အတွင်း ဇန်နဝါရီလကနေ ဒီဇင်ဘာလထိ တနှစ်အတွင်းမှာ ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံထဲကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူ မြန်မာနိုင်ငံသား ၄သောင်းကျော်နဲ့ လူမှောင်ခို /လူပွဲစား၁၀၀ကျော် ဖမ်းမိတယ်လို့ ပြောတာတွေရှိပါတယ်။ တခြားနိုင်ငံတွေကို အလုပ်အကိုင်အတွက် သွားပြီးလုပ်ကိုင်တဲ့အခါ မသမာမှုတွေ၊ လိမ်လည်ခံနေရတဲ့အကြောင်းတွေလည်း မကြာခဏသတင်းတွေ တက်နေတာ တွေ့ရနိုင်ပါတယ်။
ပြည်တွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် စီးပွားရေးတွေဖင့်နှေးနေတဲ့ကြားက မှန်ကန်တဲ့နည်းလမ်းတွေနဲ့ လုပ်ငန်းလည်ပတ်အောင်ကြိုးစားကြတာမှာ အသက်ရှူသာရုံ ဖြစ်လာနေကြတယ်လို့ ဆိုလာပါတယ်။
စီးပွားရေးလုပ်ငန်းတွေဖွံ့ဖြိုးလာဖို့ ကာလတခုလိုနေတာမှာ ကိုဗစ်လှိုင်းတစ်ခုသာ ထပ်လာရင်တော့ ရေကနှာခေါင်းထိရောက်နေတာမှာ လှိုင်းလုံးတွေထပ်လာတာကြုံရသလို ခံစားသွားရမှာပါ။

Leave a Reply

Your email address will not be published.