ရှစ်ဆယ့်ရှစ်အိမ်မက်ဆိုးက လှန့်နိုးနေသည်

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကို အခြားအခြားသောကိစ္စရပ်များတွင်မဝေဖန်လိုသော်လည်းရှေ့ရေးကို ကြိုတင်မှန်းဆနိုင်ငံရေးလမ်း အခင်းအကျင်းတွင်မချီးကျူးပဲမနေနိုင် ၊ အံ့သြဘွယ်ချီးကျူးထိုက်သူဖြစ်သည်။နေပြည်တော်ကြီးဆောက်တော့တတိုင်းပြည်လုံး မသိလိုက်။ ရုံးတွေပြောင်းဟေ့ဆိုမှ နေပြည်တော်ကြီးထီးထီးပေါ်လာသည်။ (ရန်ကုန်မှာ ကျန်နေခဲ့တဲ့ အဆောက်အဦးတွေတော့ နင့်ထိုက်နဲ. နင့်ကံ)
ဒီလောက်နဲ့ချီးကျူးဖို့ မလိုသေး ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုစိတ်ကြိုက်ဆယ်စုနှစ်တစ်ခု ကျော်ကျော် ရေးဆွဲသည်။ လက်လွှတ်လိုက်တော့ သူ့အတွက်ကျည်ကွယ်မျက်ကွယ်နောက်ကြောင်းပြန် အရေးယူခြင်း မပြုရ။ အန္တရာယ်ကင်းပရိတ်ရွတ်ထားပြီးသားသူလုပ်ခဲ့သမျှ ပစ်မျိုးမှဲ့မထင်၊မြူမှုံကင်း၍ လမင်းသာ ပြီးတော့နောက်လျှောက်ရမည့်လမ်းဖြောင့်ဖြူးဖို့ ၂၀၁၀ မှာ ရွေးကောက်ပွဲကျင်းပပေးမည်တဲ့။
ကြံ့ခိုင်ရေးအသင်းကြီးသည်နိုင်ငံတော်ပိုင် ၊ တပ်မတော်အခြေပြုလူမှုရေးအသင်းကြီးမှ ချက်ချင်းကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဖြစ်သွားသည်။ တမဟုတ်ချင်း ဥုံဖွ ဟဲ့ ဆိုအင်အားကြီးမား ခိုင်မာသော တပ်မတော်နောက်ခံပြု နိုင်ငံရေးအသင်းကြီးဖြစ်ခဲ့သည်။အစိုးရကျောထောက်နောက်ခံပြုတပ်မတော်နောက်ခံပြုအသင်းကြီးသည် အရှင်မွေးပြီးနေ့ချင်းကြီးထွားဖွံ့ဖြိုးခဲ့သည်။
ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ မဲရွေးချယ်သောနေ့၊ မဲရေတွက်စဉ်ရှုံးနိမ့်နေသော်လည်း ဥုံဖွ ၊လာပြန်ပြီ ဒီဥုံဖွ ကြိုတင်မဲများရာက်စေ၊ ပြိုင်ဘက်ပါတီတိုင်းကိုအပြတ်အသတ်နိုင်စေ၊ ဒီနည်းနဲ့စည်တီးပြီး ပြည်ကြီးဝင် လွှတ်တော်ထဲရောက်အစိုးရဖွဲ့ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရွေးကောက်ပွဲအနိုင်ရပါတီ အစိုးရဖြစ်စေသတည်း။ပြည်သူတစ်ရပ်လုံးကကော သိကြရဲ့လား။ သိတာမှ သိပ်သိ အားကြီးသိ ၊ သိသိသိသိ နဲ့တောင်မြည်နေသေးတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်း မှ ဦးနေ၀င်း အစိုးရ ၊ ဗိုလ်ချုပ်ကြီး သိန်းစိန် မှဦးသိန်းစိန် သမ္မတသစ်အစိုးရ သိပါသော်လည်း၊ မချိပြုံးလေးပြုံးလို့ ၀မ်းသာကြသည်။ဒီမိုကရေစီရလို့လား ဒါလည်း လွဲသည်။ ဒီမိုကရေစီရလို့ မဟုတ်၊ စစ်အာဏာရှင်အစိုးရလက်ထက်ကထက်နည်းနည်း အသက်ရှုချောင်ကြ ချည်ရဲ့ဆိုပြီး ၀မ်းသာခြင်းဖြစ်သည်။
ဒီမိုကရေစီတောင်းနေပြီ၊ ဒီမိုကရေစီ မရသေးဘဲ ဘာဖြစ်လို့ ၀မ်းသာနေကြသလဲ၊လက်ခံနေကြသလဲ။လက်မခံလို့ကော ရမတဲ့လား။ ဦးသိန်းစိန် အစိုးရက ကတ္ထီပါဖိနပ်တစ်ဖက်စီးထားပြီးကျန်တစ်ဖက်ကစစ်ဖိနပ် ချွတ်ဆဲ၊ ဦးထုပ်ချွတ်ပြီး ခေါင်းပေါင်းသာစွပ်ရသေးတယ်၊ဘောင်းဘီချွတ်လို့တောင်ရှည်ပုဆိုးစွပ်ဆဲ။
 ဒီတော့ကြောက်ဆဲကြောက်လျက်၊ကြောက်လျင်သာနေပါတယ်မောင်ရယ်။ကြောက်လို့ မဆုံး၊ကြောက်လို့ မဆုံး ဒီအချိန် ၂၀၁၀ရွးကောက်ပွဲနိုင် ကိုယ်စားလှယ်များက၂၀၁၁ မှ အစိုးရဖွဲ့ လွှတ်တော်ခေါ် ၂၅% က တပ်မတော်သား ကိုယ်စားလှယ်တဲ့။ ကျန် ၇၅ %မှာလည်း ယူနီဖောင်းချွတ် အရပ်သားကိုယ်စားလှယ်က ၈၀% ကျန်တာလေးနဲ့တော့ လွှတ်တော်ထဲမှာရီတာပေါ့။ ရီတာပေါ့နှင့်အင်အားကြီးအစိုးရတစ်ရပ်ဖြစ်ခဲ့သည်။ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများ၊ကန့်လန့်ကာနောက်ကွယ်သို့ ၀င်သွားကြသည်။ အဘတို့တစ်စု ကြံ့ခိုင်ရေးပါတီထိန်းသိမ်းဖို့ပါတီ မှာ ကျန်ခဲ့သည်။
အတိတ်သမိုင်းကို အသာလှန်ကြည့်တော့ ဗိုလ်ချုပ်နေ၀င်းကိုမြင်သည်။လုံးတူဒေါက်တူအားလုံး လှဲလိုက်သည်။ လူကြားထဲထိုင်ရင်တောင် သူ့ထိုင်ခုံက ထည်းထည်းကြီး၊မြင်သာအောင်မြင့်နေသည်။ ပါးနပ်သည်။သွေးခွဲအုပ်ချုပ်ပုံကကောက်ကျစ်သည်။ခေါင်းဆောင်အရင်လှဲပြီးဖြစ်နေသည်။ အင်အားကြီးမား အရည်အချင်းပြည့်ဝသင့်သော တပ်မတော်ကြီးကိုသူတသြဇာဖြစ်အောင်လုပ်ပစ်သည်။ အာဏာသိမ်းပြီး ယူနီဖောင်းနဲ့ ၁၂နှစ်၊ခေါင်းပေါင်းနှင့် တိုက်ပုံဝတ် ၁၄နှစ်၊ပေါင်း ၂၆နှစ် တိုင်းပြည်ဖွက်သထက်ညစ်သည်။ စီးပွားရေးနားမလည်၊ ပညာရေး အားမပေး၊ ငါမှငါသာယှဉ်လာရင် ဗိုလ်မထား၊ အားလုံးဆွဲလှဲသည်။ အရပ်သားမယုံရောဂါရှိသည်။ သူ့ကျွမ်းကျင်မှုပြပါဆို တချိန်ကချမ်းသာကြွယ်ဝနေသောနိုင်ငံကိုကမ္ဘာ့အဆင်းရဲဆုံးစာရင်း ၀င်နိုင်ငံဖြစ်အောင် အော်တိုရီမုနဲ့ ပြည်သူကို ဖိနှိပ်ရင်းဆင်းရဲဒုက္ခပင်လယ်ဝေအောင်ဖန်တီးနိုင်သည်။
သူ၏ ထူးကဲသော အုပ်ချုပ်မှုအောက်တွင် မခံရပ်နိုင်သောပြည်သူအပေါင်းရှစ်ဆယ့်ရှစ်အရေးတော်ပုံ လှိုင်းတွင်မြုပ်ချီပေါ်ချီသေကြကျေကြ။ ဘ၀တွေ ပျက်ကုန်ကြသည်။သမ္မတ(၃)ဆက် ဟောတစ်ယောက် ၊ဟောတစ်ယောက် ပြုတ်ကျကုန်သည်။သူမနိုင်တော့သောအခါ သူ့ကိုမော်မကြည့်ရဲခဲ့သော ဗိုလ်ချုပ်စောမောင်၊ ဗိုလ်ချုပ်သန်းရွှေနှင့်အထက်အောက်ပြေးလွှားကစားနိုင်သည်။ ဗိုလ်ခင်ညွှန့်တို့က လက်ကုတ်အာဏာလွှဲပေးလိုက်သည်။ပြည်သူကိုကြေညာတော့ တပ်မတော်က အာဏာသိမ်းပြန်သတဲ့။၁၉၆၂ ခုနှစ် စစ်ဖိနပ်အောက်ရောက်သလို၊ ဒုတိယအကြိမ် စစ်ဖိနပ်အောက်ရောက်ရပြန်သည်။
၂၂ နှစ်ကြာကာလ အုပ်ချုပ်ပြီးသောအခါ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံမှသည်မြေပေါ်မြေအောက်၊ တွင်းထွက်၊ရေထွက်၊တောင်ကုတ်၊တောထွက်ပစ္စည်းတွေကုန်သွားသည်။ပြည်သူတွေခဗျာ ဆန့်ငင် ဆန့်ငင် အသက်ငင်နေရာမှ ဦးသိန်းစိန် သမ္မတဖြစ်လိုတော့မျှော်လင့်ချက်အကြီးကြီးထားကြည့်။ ဦးသိန်းစိန်က စမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကိုကြားဖြတ်ရွေးကောက်ပွဲ ၀င်ခွင့်ပြုပေးလိုက်သည်။မြွေဆရာ မြွေကိုက်ခံရသည်။ဒေါ်အောင်ဆန်းစုကြည် ပါတီ NLD က အပြတ်နိုင်လိုက်သည်။ မတည်ငြိမ်မှုများ စလာသည်။ရခိုင်အရေးအခင်း၊ ကချင်အရေးအခင်း၊ မိတ္ထီလာအရေးအခင်း၊ လက်ပံတောင်းတောင်အရေးများ၊တစ်ခုမပြီးခင်တစ်ခု၊ ဇာတ်ဆရာ အလိုကျ ငိုခဲ့ကြရသည်။နောက်ကွယ်မှာတော့ လူတစ်စုရှိနေသည်ကိုခန့်မှန်းသည်။ အစိုးရကတော့ မသိသလို သိသလို နေသည်။ ဒါ နိုင်ငံရေး ဆိုတာကိုး။
၂၀၁၅ ရွေးကောက်ပွဲမှာ မထင်မှတ်ဘဲ NLD က အပြတ်အနိုင်ယူလိုက်သည်။ မီးသွယ်ပေးသည်မရ။စကိုင်းနက်တပ်ပေးသည်မရ။ ရွာလမ်းတွေခင်းပေးသည်မရ။ပြည်သူကပေးတာ ယူသည်။ကျွေးတာစားသည်။ မဲပေးတော့ NLD ။ NLD အစိုးရက နာတာရှည်ရောဂါဆိုးကြီးပြည်တွင်းငြိမ်းချမ်းရေးကိုခေါင်းတည်သည်။ လက်နက်ကိုင်ပြည်တွင်း စစ်ချုပ်ငြိမ်းချင်သည်။မြန်မာပြည်မြောက်ပိုင်းသေနတ်သံတွေ ဆူညံသည်။
တစ်ခေတ်က လယ်သိမ်း၊ ယာသိမ်း၊ အဓမ္မမှုများ၊ပြည်သူ့အစိုးရဒီမိုကရေစီ အစိုးရထံမှပြန်တောင်းကြ သည်။မဘသက ဖျက်သိမ်းရေးကို မလုပ်ဘဲ၊ ကရင်ပြည်နယ်တွင်အစိုးရဆန့်ကျင်လူထုအုံကြွမှုထိဟောပြော ပွဲတွေဆင်လာသည်။တောင်တွင်းကြီး၊မကွေးကားလမ်းပေါ် လူတစ်စုက မျက်နှာ၊ခေါင်းအုပ်ပြီး၊ ဘာသာရေး လှိုင်းထဖို့၊ရိုင်းပြစွာ ကြံသည်။ ကြံ့ခိုင်ရေးပါတီ ဦးဆောင်(၁၃)ပါတီက ကာလုံခေါ်ဖို့ စာတင်သည်။ကြံ့ခိုင်ရေး ဥက္ကဋ္ဌက လုံခြုံရေးအရ ဖြစ်ပေါ်နေမှုကို ပြောလာသည်။
တပြိုင်တည်း လှုပ်ရှားမှုက ရခိုင်ပြည်နယ်အရေးဖြစ်သည်။ လုံခြုံရေးဌာန(၃၀)ကိုအကြမ်းဖက်များက ၀င်စီးသည်။ လူမျိုးရေး၊ ဘာသာရေးဖြစ်အောင် ဖန်တီးလို့ ကမ္ဘာမှာ ဆူအောင်ထိကြံကြသည်။ဖြစ်လာပါပြီတဲ့ ဆင်းရဲသားတွေ ပိုဒုက္ခရောက်မည်။ ထားစရာမရှိအောင်ချမ်းသာပြီး၊ အခိုင်အခန့်လုံခြုံရေး ယူထားကြသူများကောငြိမ်းငြိမ်းချမ်းချမ်းနေနိုင်မတဲ့လား။ တပြည်လုံး ဆင်းရဲဒုက္ခဘေးရောက်ပြီး ယခင်ရှစ်ဆယ့်ရှစ်အရေးအခင်း ထက် ပိုမည့်အရေးအခင်းမျိုး ဖန်ဆင်းချင်သည်။ပြည်သူတွေ အထိတ်တလန့်ဖြစ်သည်။ အကြောက်တရားနှင့် လူဖြစ်လာရသူတွေ ခဗျာ၊ အသက်ပင်ရဲရဲ မရှုရဲအောင်ဖြစ်ရသည်။အသက်အောင့်ထားရမလား။
ထပ်မှာကြ ဦးမှာလား။နိုင်ငံနှင့်ပြည်သူကိုမီးလောင်တိုက်သွင်းကြဦးမှာလား။ပြည်သူတွေကြောက်လန့်နေကြသည်။ ရှစ်ဆယ့်ရှစ်အိမ်မက်ဆိုးထက် ပိုဆိုးမည်။ အရေးအခင်းမျိုးဖြစ်လာလေမလား။ ညတိုင်းလန့်လန့်နေပါသည်။ရှစ်ဆယ့်ရှစ် အိမ်မက်ဆိုးများ လန့်၍ လန့်၍ နေသည်ဆိုပါက …..
စာပေသစ္စာဖြင့်ဟင်္သာ (တောင်တွင်းကြီး)

Leave a Reply

Your email address will not be published.