ရူပီး/ကျပ် တိုက်ရိုက်ပေးချေမှု ဖေဖော်ဝါရီလ စတင်မည်

ရွှေမန်း

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုမှာ Special Rupee Vostro Account (SRVA) ကို အသုံးပြုပြီး ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို လာမည့် ဖေဖော်ဝါရီလမှာ စတင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က ​ပြောသည်။

“ SRVA ကို အသုံးပြုပြီး ငွေပေးချေမှုလုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက် (Guide Line) ကို သက်ဆိုင်ရာဌာနတွေရဲ့ သဘောထားမှတ်ချက်တွေ တောင်းခံပြီး ထုတ်ပြန်ပြီးဖြစ်လို့ ရူပီး/ကျပ် တိုက်ရိုက်ပေးချေမှု စတင်နိုင်တော့မှာပါ´´ ဟု ၄င်းကပြောသည်။

ရူပီး/ကျပ် ပေးချေမှုအတွက် မြန်မာဘက်က UAB ဘဏ်နဲ့ CB ဘဏ်၊ အိန္ဒိယဘက်က ပန်ဂျပ်အမျိုးသားဘဏ်တို့ကို ဆောင်ရွက်ခွင့်ရသည့်ဘဏ် (Designated Bank) အဖြစ် ရွေးချယ်ထားသည်။

အိန္ဒိယနိုင်ငံကနေ အဓိကတင်သွင်းနေသည့် ဆေးဝါးနဲ့ ကုန်စည်များအတွက် ပေးချေရသော အမေရိကန်ဒေါ်လာ လိုအပ်ချက်ကို လျော့နည်းသွားမည် ဟု ဗဟိုဘဏ်ဥက္ကဋ္ဌက ​ဆိုသည်။

မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၊ အိန္ဒိယကုန်သည်များအသင်းတို့နဲ့ ပူးပေါင်းပြီး ရှင်းလင်းပွဲတွေ ဆက်လက်ဆောင်ရွက်သွားရန်လည်းရှိကြောင်းသိရသည်။

ထိုအပြင် ကုန်သွယ်မှုအတွက် ငွေပေးချေမှု ပိုမိုလွယ်ကူစေခြင်း၊ ကုန်သည်စီးဆင်းမှု ပိုမိုအားကောင်းလာပြီး ထင်သာမြင်သာ ရှိလာစေခြင်း၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာစေခြင်း စသည့် အကျိုးကျေးဇူးတွေ ရရှိစေမည် ဖြစ်သည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေး တမူးကုန်သွယ်ရေးစခန်းကနေ အပြန်အလှန်ဆောင်ရွက်နေပြီး ၂၀၂၃ ဧပြီလ ၁ ရက်မှ ၂၀၂၄ ဇန်နဝါရီလ ၁၉ ရက်အထိ ဒေါ်လာ ၁.၈၈၉ သန်း ပမာဏရှိသည့် ပို့ကုန်၊ ဒေါ်လာ ၀.၈၂၆ သန်း ပမာဏရှိ ကုန်ပစ္စည်း တင်သွင်းထားသည်။

လက်ရှိမှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမှာ ကျပ်/ယွမ်၊ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမှာ ကျပ်/ဘတ် တိုက်ရိုက်ပေးချေပြီး နှစ်နိုင်ငံကုန်သွယ်မှုတွေ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published.