ရာမဒန်ကာလ ကျန်းမာရေးလမ်းညွှန်

ကျနော့် ဆေးခန်းရဲ့ မိတ်ဆွေ တချို့ဟာ ရာမဒန်ကာလမှာ ဥပုသ် ဝင်နေကြတယ်လို့ သိရပါတယ်။ ဥပုသ် ကာလမှာ မနက် နေထွက်ကနေ ညနေ နေဝင်ချိန် အတွင်း အစား အသောက်တွေ ရှောင်ကြဥ်ရတယ်လို့လည်း သိရပါတယ်။

ဒီတော့ ကျနော့် ဆေးခန်းက အစ္စလာမ် ဘာသာဝင် မိတ်ဆွေတွေ အဖို့ ဥပုသ်လည်း မြဲအောင်၊ ကျန်းမာရေးလည်း မထိခိုက်ရအောင် စားသောက်နေထိုင်နည်း အကြံပြုချက် တချို့ကို လေ့လာဖတ်ရှုပြီး မျှဝေလိုက်ရကြောင်းပါ။

ခန္ဓာကိုယ်နဲ့ အာဟာရဓါတ်

စားသင့်၊ ရှောင်သင့်တာတွေ မပြောခင် ခန္ဓာကိုယ်မှာ အာဟာရဓါတ်တွေ စုပ်ယူ၊ အလုပ် လုပ်ပုံကို အကျဥ်း ပြောရရင်- နောက်ဆုံး စားလိုက်တဲ့ အစား အသောက်ပေါ် မူတည်ပြီး ခန္ဓာကိုယ်က အာဟာရဓါတ်တွေကို စုပ်ယူနိုင်ချိန်ဟာ (၈) နာရီ ကြာပါတယ်။

အကယ်လို့ စုပ်ယူစရာ အာဟာရဓါတ်တွေ ကုန်တဲ့အခါ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဂလူးကို့စ် အချိုဓါတ်အတွက် ကြွက်သားနဲ့ အသည်းမှာ သိမ်းဆည်းထားတဲ့ ဂလူးကို့စ်တွေကို ယူသုံးပါတယ်။ ဒါ့အပြင် အစာငတ်ခံချိန် ရသတ္တပတ်နဲ့ လချီ ကြာတဲ့အခါ အသည်းနဲ့ ကြွက်သားမှာ သိမ်းဆည်းထားတဲ့ ဂလူးကို့စ်တွေ ကုန်ခမ်း သွားရင် ခန္ဓာကိုယ်မှာ သိမ်းဆည်းထားတဲ့ အဆီဓါတ်တွေကို ထပ်မံ ဖြိုခွဲခြင်းအားဖြင့် ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ စွမ်းအင်ကို ထုတ်ယူနိုင်ပါတယ်။

ဒီအခြေအနေထိ ရောက်သွားရင်တော့ ကျန်းမာရေးနဲ့ မညီညွှတ်ဖူးလို့ ဆိုရပေမယ့် ရာမဒန် ဥပုသ်လည်း မြဲအောင်၊ ကျန်းမာရေးလည်း မထိခိုက်အောင် စားသောက်နည်းတွေ ရှိပါတယ်။ နေဝင်ပြီးချိန်နဲ့ နေမထွက်ခင် မနက်စော စာတွေကို သေချာ ဂရုစိုက် စားပေးရင် ကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး။

ဘာစားမလဲ၊ ဘာရှောင်မလဲ

အစာ ချေဖျက်တာကို နှေးစေတဲ့ အစားအစာတွေကို စားသုံးပေးရင် ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အာဟာရကို (၈) နာရီကြာထိ ထောက်ပံ့ပေးထားနိုင်ပါတယ်။

အစာချေဖျက်တာ နှေးတဲ့ အစားအသောက်တွေကတော့ အမျှင်ဓါတ် ပါတဲ့ အစားအစာတွေပါ။ ဟင်းရွက်၊ ပဲစေ့ပဲစံနဲ့ ဆန်လုံးညိုလို အစားအစာတွေပါ။ ဒါပေသိ အစာအုပ်စု သုံးစုလုံး မျှတအောင် စားပေးဖို့လည်း လိုအပ်ပါတယ်။ အဆီများတဲ့ ဆီကြော်မုန့်လို အစာတွေကိုလည်း ရှောင်ဖို့ လိုပါတယ်။

အစာချေဖျက်တာကို မြန်စေတဲ့ အစားအသောက်တွေကတော့ စပျစ်သီး၊ လိမ္မော်သီးလို အသီးအနှံ၊ အချိုရည်၊ ဖျော်ရည်နဲ့ ကော်ဖီ လက်ဖက်ရည်လို အစားအသောက်တွေပါ။ ဒီအစားအစာတွေက ထွက်တဲ့ ဂလူးကို့စ် ဓါတ်ကို ခန္ဓာကိုယ်က စုပ်ယူတာ မြန်သလို သုံးစွဲတာလည်း မြန်ပါတယ်။ နာရီပိုင်း အတွင်းမှာ ဗိုက် ပြန်ဆာလာစေပါတယ်။

ဗိုက်အောင့် ဗိုက်နာ

ပုံမှန်အားဖြင့် အစားအသောက် တခုခုကို စားသောက်လိုက်တဲ့ အခါမှသာ အစာအိမ်ကနေ အစာချေ အက်ဆစ်တွေ ထွက်အောင် ခန္ဓာကိုယ်ကို လှုံ့ဆော် ပေးပါတယ်။ အစာ ရှောင်တာကတော့ အစာချေ အက်ဆစ် ထွက်တာကို လျော့နည်းစေပါတယ်။

ဒါပေသိ အထက်က ပြောခဲ့သလိုပဲ၊ အစာ ချေဖျက်တာ မြန်တဲ့ အစားအသောက်တွေကို စားသောက်မိတဲ့အခါ အဆာ မြန်စေပါတယ်။ ဒီလို ဗိုက်ဆာလာလို့ အစားအသောက်တွေကို စားသောက်ချင်စိတ်နဲ့ တွေးမိတာ၊ အစား အသောက်နံ့ ရတာနဲ့တင် အစာအိမ်ကနေ အစာချေ အက်ဆစ်တွေ ထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။

အစာချေ အက်ဆစ်ကြောင့် အစာအိမ် အမြှေးပါးတွေ ထိခိုက်ပြီး ဗိုက်အောင့်တာ ဖြစ်တတ်ပါတယ်။ အကယ်လို့ လေတက်တဲ့အခါမျိုးမှာလည်း အစာချေ အက်ဆစ်တွေက အစာအိမ်ကနေ အစာရေမျို တလျှောက် ဆန်တက်တဲ့အခါ ရင်ခေါင်းတလျှောက် ပူနေတာမျိုးလည်း ခံစားရတတ်ပါတယ်။

ကုသနည်း- အစာအိမ်နာ အတွက် ဆရာဝန် ညွှန်းထားတဲ့ ဆေးတွေကို အစာ ပြန်စားခွင့်ရတဲ့ အချိန်မှာ မှန်မှန်ကန်ကန် သောက်ပေးဖို့ လိုပါတယ်။

ခေါင်းမူးတယ်၊ လူနုံးတယ်၊ ကြွက်တက်တယ်

ခန္ဓာကိုယ်က အရည်ဓါတ်တွေ ဆုံးရှုံးမှု ရှိတဲ့အခါ အထက်က လက္ခဏာတွေကို ခံစားရတတ်ပါတယ်။ ကျင်ကြီး/ငယ် စွန့်တာ၊ ချွေးထွက်တာနဲ့ အသက်ရှုတာတွေက တဆင့် ရေဓါတ် ဆုံးရှုံးမှုတွေ ရှိပါတယ်။

ရာမဒန်ကာလမှာ ရေသောက်တာ အပြင် တံတွေးပါ မြိုချလို့ မရဘူးလို့ သိရပါတယ်။ ဒီ့အတွက် ရေဓါတ် ခမ်းခြောက်မှု မရှိအောင် သကြားနဲ့ ဆားဓါတ် ပါတဲ့ အရည်တွေကို ညပိုင်းနဲ့ မနက်စောအတွင်း များများ သောက်သုံး ပေးလို့ ရပါတယ်။ ဒါပေမယ့် ဆီးသွား များစေတဲ့ ကဖိန်းဓါတ် ပါတဲ့ ကော်ဖီ လက်ဖက်ရည်မျိုးတွေကိုတော့ ရှောင်ကြဥ်ရပါမယ်။ ဆေးလိပ် သောက်တာကလည်း ရေဓါတ် ဆုံးရှုံးမှု များစေလို့ ရှောင်ရပါမယ်။

နာတာရှည် ရင်ကြပ်အခံ ရှိတဲ့ ဥပုသ်သည်

နာတာရှည် ရင်ကြပ်သမာတွေကို ပေးတဲ့ ဂေါက်လို ရှုဆေးစက်ကို ဥပုသ် ကာလအတွင်း သုံးခွင့် ရှိ၊ မရှိ အငြင်းပွားဖွယ်ရာ ရှိနိုင်ပါတယ်။

အကယ်လို့ သုံးခွင့် မပြုဘူး ဆိုရင် ကိုယ့်ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။ ရှုဆေးဂေါက်က အမျိုးမျိုး ရှိပါတယ်။ နာရီပိုင်းလောက်ပဲ အာနိသင် ရှိတဲ့ ဂေါက်ရှိသလို၊ တကြိမ် ရှုပြီးရင် ၁၂ နာရီလောက်ထိ အာနိသင် ရှည်တဲ့ ဂေါက်တွေလည်း ရှိပါတယ်။

လိုအပ်ရင် ဆရာဝန်က ညပိုင်းနဲ့ မနက်စောပိုင်းလောက်ပဲ ရှုစရာ လိုမယ့် အာနိသင် ရှည်ကြာတဲ့ ဂေါက်မျိုးကို ပြောင်းပေးနိုင်ပါလိမ့်မယ်။

ဆီးချိုရောဂါ ရှိတဲ့ ဥပုသ်သည်

နာတာရှည် ရင်ကြပ်သမားလိုပဲ ဘာသာရေး ကျင့်ဝတ်နဲ့ အညီ ဆေးအတိုးအလျော့နဲ့ ဆေးပြောင်းလဲပေးတာမျိုး လုပ်နိုင်ဖို့ အတွက် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

အစာ မစားပဲ သောက်ဆေးကို သောက်နေရင် ဥပုသ်လည်း ထိခိုက်နိုင်သလို ဆီးချိုသမားတွေမှာ ဖြစ်တတ်တဲ့ သွေးတွင်း ဂလူးကို့စ်ဓါတ် ထိုးကျမှုကြောင့် အသက် အန္တရာယ် ထိခိုက်နိုင်ပါတယ်။ တဖက်မှာလည်း ဆရာဝန်နဲ့ မတိုင်ပင်ပဲ နေ့ခင်းပိုင်း ဆေးတွေကို ကိုယ့်သဘောနဲ့ ရပ်ထားမိတဲ့အခါ ဆီးချို မထိန်းနိုင်ပဲ အသက် အန္တရာယ် ရှိနိုင်ပြန်ပါတယ်။

နိဂုံးချုပ် ပြောလိုတာကတော့ ရာမဒန် ဥပုသ်မှာ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေနဲ့ ကိုယ့် ကျန်းမာရေးကိစ္စ စဥ်းစားရ ခက်ခဲရင် သက်ဆိုင်ရာ ဘာသာရေးဆရာနဲ့ တိုင်ပင်ပြီး ဆရာဝန်နဲ့ ညှိနှိုင်းကာ စဥ်းစားသင့်ကြောင်းပါ။

ဘာသာပေါင်းစုံ၊ ယဥ်ကျေးမှုပေါင်းစုံကို လေးစားလျှက်

ဒေါက်တာဥာဏ်
မိသားစုဆေးခန်း၊
ကြာအင်းဆိပ်ကြီးမြို့။

Leave a Reply

Your email address will not be published.