ရင်ပူရဦးမယ့် နွေ

ကောင်းဇော်

တနွေပြီး တနွေ ရင်ပူရင်း၊ ရင်မောရင်း ဖြတ်သန်းနေရတယ်။ ရီမောရတဲ့နွေ ကြုံရမှာပါဆိုတဲ့ အတွေးကို နှစ်စဉ် တွေးရင်း ဆိုပါတော့။
ရီနိုင်တဲ အခါမှာလည်း မောခဲ့ရတဲ့ကာလတွေကို မေ့မရပဲ ရီမောရသူတွေဖြစ်မှာ တွေးမိတော့လည်း ခုထဲက ကြိုပြီး ရင်တွေ ပူမိတယ်။
လေပွေတွေ ဖုန်တွေကြားက တွေးရတဲ့ အနာဂါတ်က မှုန်ဝါးဝါးဖြစ်နေပေမယ့်၊ လေငြိမ်တဲ့အခါ ဖုန်တွေ အမှိုက်တွေ ဝပ်ဆင်းသွားတဲ့အခါ ကြည်လင်တဲ့ ဝန်းကျင်ကို မြင်ရမှာဆိုပေမယ့် အရိုးပြိုင်းပြိုင်းကျနေတဲ့ လောကကြီးဖြစ်နေလောက်ရဲ့လို့ တွေးပူမိတယ်။ ချစ်ခင်မြတ်နိုးသူနဲ့ ကွေကွင်းရခြင်းဒုက္ခကို ခံနေရတဲ့ ဥဩငှက်တွေရဲ့အသံတွေကိုလည်း ရင်ထဲ မချိအောင်ကြိုပြီးကြားယောင်ခံစားရတယ်။
လွမ်းရေးထက် ဝမ်းရေးခက်တဲ့။
ဝမ်းရေးထဲပါတဲ့ စိုက်ရေး၊ ပျိုးရေးကလည်း ပိုပို ခက်လာတယ်။
မကွေးတိုင်းထဲက တောင်သူလယ်သမားအများစုရဲ့ အခြေအနေကလည်း တနိုင်ငံလုံးက တောင်သူ လယ်သမားတွေရဲ့ အခြေအနေနဲ့ သိပ်မကွာပါဘူး။
မကွေးတိုင်းပွင့်ဖြူနယ်က လယ်သမားတဦးက “နေ့စားခက ကျား(ယောက်)ဆို အလုပ်သမားတယောက်ကို မနက်စာ(နေ့တဝက်)ကို ၃ထောင်ရတယ်။ တနေကုန်ဆိုရင် ၆ထောင်ပေါ့။ ဒါပေမယ့် တနေကုန် မလုပ်ရသူများပါတယ်”လို့ ပြောပါတယ်။
ပွင့်ဖြူနယ်က တနှစ် သုံးသီးစားစိုက်ပျိုးကြတယ်လို့ သိရတယ်။ ပြေလည်ကျလားဟု မေးကြည့်ရာ “အဟွာဖြစ်လို့ အဟွာမဖြစ်တော့ဘူးပေါ့”ဟု ခြောက်ကပ်ကပ်ရီရင်း ဖြေပါတယ်။
လူအများစုအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေ ရရှိနိုင်ရေး ခက်နေတယ်လို့ သိရပါတယ်။ စားနပ်ရိက္ခာဖူလုံဖို့ အဆိုးဝါးဆုံးအခက်ကြုံနေရသူက ကမ္ဘာပေါ်မှာ သန်းပေါင်း ၂၀၀ နီးပါးအထိ ရှိနေပြီး၊ ဒီအထဲ မြန်မာနိုင်ငံက ပြည်သူတွေလည်း ပါဝင်နေပါတယ်။ အစာရေစာ မဖူလုံသူတွေထဲ ကျေးလက်ဒေသက အစားအစာထုတ်လုပ်သူတွေဖြစ်တဲ့ တောင်သူလယ်သမားတွေနဲ့ မွေးမြူရေးလုပ်သားတွေ ကိုယ်တိုင်လည်း အများကြီးပါဝင်နေတယ်ပြောပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေမှာ အမျိုးသားတွေထက် အာဟာရချို့တဲ့မှု ပိုကြုံရ‌ပါတယ်။ ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ ၄၀% ဖြစ်တဲ့ လူသန်းပေါင်းထောင်ချီဟာ ကျန်းမာရေးကောင်းစေတဲ့ အာဟာရပြည့်ဝစာတွေကို လက်လှမ်းမမီကြဘူးလို့ သုတေသနတွေမှာ တွေ့ရှိထားပါတယ်လို့ ဆိုကြပါတယ်။
သူက ဆက်ပြီး”ဈေးတွေက အကုန်တက်တော့ အဆင်မပြေကြပါဘူး။ လယ်ပိုင်ရှင်တွေကတော့ မဆိုးပါဘူး။ စပါးဈေးလဲ ကောင်း၊ ပဲဈေးလဲ ကောင်းတော့ မဆိုးဘူးပေါ့။ စပါးတတင်းကို အခုက သောင်း ရှစ်ထောင်၊ သောင်း ကိုးထောင် ရတယ်။ ဧရာပဒေသာပေါ့။ တွက်ပြရရင်။ စပါးစိုက် လယ်တဧက ကို တနှစ် အထွက်နှုန်း တင်း (၈၀)နှုန်းထားရင်။ ပေါ်ပေါ်ခြင်းက တတင်း တသောင်းသုံးထောင်ကျပ် ရတယ်။ ကုန်ကျစရိတ်နဲ့ ပြန်ရငွေ တွက်ရင် အခု သောင်းရှစ်ထောင်၊ ကိုးထောင် ဈေးနဲ့ တွက်လို့မရဘူး။ ခုချိန်က သူဌေးလယ်သမားတွေ လက်ထဲပဲ စပါးရှိတော့တာ။ လယ်သမားအများစုက သောင်းသုံးထောင် ဈေးနဲ့ကတဲက ရောင်းရတာ။ ဧရာပဒေသာကို တဧက တင်း(၈၀)ထား တွက်ရင် သောင်းသုံးထောင်နဲ့ဆို ဆယ်သိန်းခွဲလောက်ရတယ်။
ကုန်ကျစရိတ်က စပါးမျိုးကနေ ရိတ်သိမ်းအထိ။ မျိုးစပါး၊ အလုပ်သမားခ၊ ဓါတ်မြေဩဇာ၊ မျိုးနှုတ် ထွန်ရိတ်၊ ခြွေလှေ့ပါ ပါရင် စပါးဖြစ်၊ အိမ်အရောက်ထိ ၅သိန်း ကုန်ကျစရိတ် ရှိမယ်။ ထက်ဝက်လောက် မြတ်တယ် ထင်ရပေမယ့် ဝါဆို မျိုးထောင်၊ နတ်တော် ရိတ် ၆လလောက် ကြာတယ်။ တလ တသိန်း မရဘူး”
လို့ပြောပါတယ်။
များသောအားဖြင့် လယ်သမားတွေက မိသားစုရဲ့ လုပ်အားခကို ကုန်ကျ စရိတ်ထဲ ထဲ့မပေါင်းတတ်ကျဘူးလို့လည်း သိရပါတယ်။
လူအများစုအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေ ရရှိနိုင်ရေး ခက်နေတယ်လို့ သိရပါတယ်။ စားနပ်ရိက္ခာဖူလုံဖို့ အဆိုးဝါးဆုံးအခက်ကြုံနေရသူက ကမ္ဘာပေါ်မှာ သန်းပေါင်း ၂၀၀ နီးပါးအထိ ရှိနေပြီး၊ ဒီအထဲ မြန်မာနိုင်ငံက ပြည်သူတွေလည်း ပါဝင်နေပါတယ်။ အစာရေစာ မဖူလုံသူတွေထဲ ကျေးလက်ဒေသက အစားအစာထုတ်လုပ်သူတွေဖြစ်တဲ့ တောင်သူလယ်သမားတွေနဲ့ မွေးမြူရေးလုပ်သားတွေ ကိုယ်တိုင်လည်း အများကြီးပါဝင်နေတယ်ပြောပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေမှာ အမျိုးသားတွေထက် အာဟာရချို့တဲ့မှု ပိုကြုံရ‌ပါတယ်။ ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ ၄၀% ဖြစ်တဲ့ လူသန်းပေါင်းထောင်ချီဟာ ဒီကျန်းမာရေးကောင်းစေတဲ့ အာဟာရပြည့်ဝစာတွေကို လက်လှမ်းမမီနိုင်တာ သုတေသနတွေမှာ တွေ့ရှိထားပါတယ်လို့ ဆိုကြပါတယ်။
မကွေးနယ်တဝိုက်မှာ တောင်သူလယ်သမားအများစုက ယာမြေမှာပဲ၊ နှမ်း အဓိကစိုက်ပြီး၊ လယ်မြေတွင် စပါးကို အားပြု စိုက်ကျပါတယ်။ ဧရာဝတီ မြစ်နားနဲ့ မြစ်ထဲက ကွန်းတွေပေါ် စိုက်တာကိုတော့ ကိုင်းစိုက်တယ်လို့ ပြောကြပါတယ်
မကွေးအရှေ့ဘက်က ကျေးရွာသားတဦးက
“အလုပ်သမားခက တနေ့ကို ၅ထောင်၊ ၆ထောင် လောက်ပါပဲ။ ခုချိန်က နွေထရေး(နွေထယ်ရေး)ချိန် ဖြစ်တယ်။ နွေထယ်ရေးချိန်ဆိုတာ မိုးကျတာနဲ့ တန်းစိုက်လို့ ရအောင် ပြင်နေတာ။ တပို့တွဲ၊ တပေါင်းကစ ထယ်ရေးပြင်နေတာ။ နောက်ချေးချ(ယာထဲ နွားချေးချ)၊ နွားချေးကျုံး၊ ထယ်ရေးပေါ် ထပ်ချ။ တချို့က ထယ်ရေးပေါ် နွားချေး ထပ်အုပ် ထပ်ထိုး။ အလုပ်က သိပ်မရှိသေးဘူးဟု ပြောပါတယ်။
နှမ်းအထွက်က ပုံမှန် မိုးကောင်းရင် တဧက ၁၅၊ ၂၀လောက်ရတယ်။ မိုးမကောင်းရင် ၅တောင်း(တင်း)၊ ၆တောင်းပဲရတယ်။ ရှုံးပါတယ် ဆိုမှကွာ။ ယာမလုပ်ချင်တော့ဘူး။ ဒါကြောင့် မြို့နားနီး ယာတွေကို ဝိုင်းတွေ စိတ် ရောင်းကြတာလို့ ပြောပါတယ်။
နှမ်းတတင်းကို ၃သောင်းကနေ ၆သောင်း၊ ၇သောင်းထိရှိတယ်။ ဈေးအတက်အကျ လိုက်လို့ပေါ့။ တနှစ်က ၉သောင်းကျော်ထိ ရှိလိုက်တာ်။ ဒါပေမယ့် ခဏလေးပါ”လို့ ဆိုပါတယ်။
နွေသီးနှံမရှိဘူး။ မိုးရယ်၊ ဆောင်းရယ်ပဲ။ မိုးမှာ ပဲ၊ နှမ်း စိုက်တယ်။ ဆောင်းကျ ပဲတီစိမ်း၊ ပဲမျိုးစုံ စိုက်တယ်။ ဆောင်းပဲလေးလောက်၊ နှမ်းလေးလောက် စိုက်ကြတယ်။
မိုးရာသီ ပဲ၊ နှမ်းစိုက် ကာလ ၃လရှိပြီး ဆောင်း သီးနှံက သီတင်းကျွတ်၊ တန်ဆောင်းမုန်း စ, စိုက်ကာ ၃လ စိုက်ပျိုးချိန်ကြာတယ်လို့ သိရပါတယ်။
မကွေးမြောက်ဘက်နယ်က ကိုယ်တိုင်လဲ ယာလုပ်၊ တဘက်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်နေတဲ့ ယာသမားတဦးက “ကျား,က နေ့စားခ ၈ထောင်၊ မ,က ၆ထောင်၊ ၇ထောင် ရတယ်။ အခုက လုပ်ငန်းက သိပ်မရှိဘူး။ ပဲရိုးစဉ်း၊ နွားစာစဉ်း၊ နွားစာတိုက်ပဲ ရှိတယ်။ နွားစာတိုက်၊ စက်ပေါ်တင် လုပ်တာက တနေကုန် လုပ်ရတယ်။နွေနှမ်း နည်းနည်းစိုက်။ ပဲလွန်းတို့ ပဲနောက် တို့။အခုက နောက်ချေးစုနေ။ ယာပြင်နေချိန်လို့ ပြောပါတယ်” သူက ဆက်ပြီး
“ပွင့်ဖြူဘက်က လယ်၊ ကိုင်း လုပ်တာ။ ဒီဘက်က ကုန်းကျတယ်။ လုပ်ငန်းသဘာဝက မတူဘူး။ အလုပ်အကိုင်က ခုချိန် ရှားတယ်”လို့ ပြောပါတယ်။ သူက “ကိုင်းထဲ စိုက်တဲ့ ရေသွင်းနှမ်းလည်း စွံပုံမပေါ်ဘူး။ ရာသီဥတုက ဖောက်ပြန်တော့ အပင်တွေမကောင်းပဲ အလကားနေရင်း ဂျုံးဂျုံးကျသွားတယ်”လို့ ပြောတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလည်း လုပ်နေတဲ့
သူက တဆက်ထဲ “ကျနော့် သုံးသပ်ချကိအရတော့ လာမယ်နှစ်(၂၀၂၃ သီးနှံစိုက်ပျိုးရာသီချိန်)လည်း အဘက်ဘက်က အဆင်မပြေဖို့ များပါတယ်။ မျိုးစေ့ဈေးကြီးတယ်။ လုပ်အားခ ဈေးကြီးတယ်။ ရာသီဥတုကို မှီခိုရတော့ သီးနှံတွေ အဆင်မပြေဖို့များတယ်။ ရာသီဥတုက အယ်နီညိုနဲ့ လာနီညာ ကြား ဖြစ်နေတယ်”လို့ ပြောပါတယ်။
ကမ္ဘာ့သတင်းတွေထဲမှာတော့ အယ်လ်နီညိုကြောင့် ပစိဖိတ်သမုဒ္ဒရရဲ့ အရှေ့ပိုင်းနိုင်ငံတွေမှာ မိုးများပြီး စိုစွတ်တဲ့ အခြေအနေတွေ ပေါ်ပေါက်မယ်။ မြန်မာအပါအဝင် ပစိဖိတ်သမုဒ္ဒရာ့ အနောက်ပိုင်းနိုင်ငံတွေ ပူပြင်းခြောက်သွေ့ပြီး မိုးနည်းတာကြောင့် မြစ်ချောင်း၊ ရေကန်တွေ လျော့နည်း ခြောက်ခန်းတာကို ကြုံရမယ်။ အပြန်အလှန်အနေနဲ့ လာနီညာကြောင့် မြန်မာအပါအဝင် ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းနိုင်ငံတွေမှာ မိုးများပြီး စိုစွတ်တဲ့ အခြေအနေတွေ ပေါ်ပေါက်ပြီး၊ ပစိဖိတ်သမုဒ္ဒရာရဲ့အရှေ့ပိုင်းနိုင်ငံတွေမှာတော့ ပူပြင်းခြောက်သွေ့ပြီး မိုးနည်းမယ်လို့ ခန်မှန်းထားကြပါတယ်။
၂၀၂၃ ခုနှစ် နှောင်းပိုင်းလတွေမှာ အယ်လ်နီညိုရာသီဥတု အခြေအနေ ပေါ်ပေါက်လာရန် အခွင့်အလမ်း အတော်များလာနေတယ်။ အယ်လ်နီညိုနဲ့အတူ အပူလှိုင်းတွေရဲ့ ဒဏ်ကို ၂၀၂၄ ခုနှစ်မှာ မကြုံစဖူး ပြင်းထန်စွာ ခံစားကြရဖွယ် ရှိတယ်လို့ ရာသီဥတုသိပ္ပံပညာရှင်များက သတိပေးနေပါတယ်။
မိုးရေမိုးပေါက်တွေက တောင်သူလယ်သမားတွေရဲ့ ရင်နဲ့ ဝမ်း အေးချမ်းခြင်းကို ရစေနိုင်ပါတယ်။ တောင်သူလယ်သမားတွေရဲ မျက်ရည်ပေါက်တွေကတော့ ပြည့်ဝမ်းနဲ့ နှလုံးကို ပူမှုပေးနေမှာပါ။

Leave a Reply

Your email address will not be published.