ရွှေမန်း

ယခုနှစ်ပဲသစ်ရာသီမှာ အသစ်ဝင်ပဲများဈေးကွက်အတွင်း အဝင် ရှိသလောက် အမြင့်ဈေးဖြင့် အဝယ်ကောင်းနေကြောင်း ပဲနှမ်းကုန်သည် များထံက သိရသည်။

ဇန်နဝါရီလကုန်ပိုင်းရက်များတွင်း အသစ်ဝင်ပဲများ ဈေးကွက် အတွင်း အဝင်ရှိသလောက် အဝယ်ကောင်းနေသလို တောင်သူများအနေ ဖြင့်လည်း ဈေးကောင်းစောင့်ရောင်းချသည့် အခြေအနေမရှိဘဲ စိုက်ခင်း ထဲမှ ထွက်ထွက်ချင်း ဈေးကွက်သို့တင်ပို့ရောင်းချနေရာ ပဲသစ်လှောင် လက်များနှင့် ပို့ကုန်သမားများ ဝယ်လိုအားကောင်းနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ မန္တလေးပဲ၊နှမ်းဈေးကွက်တွင် ဈေးကွက်တစ်ခုလုံးအဝယ် ကောင်းနေကြောင်း အသစ်ဝင်ပဲများ ဖြစ်သော်လည်း လက်ရှိနိုင်ငံခြား ငွေပေါက်ဈေး အတက်ပို၍မျှော်မှန်းပြီး ပို့ကုန်ပဲများ ဈေးကျဆင်းမှုမရှိဘဲ အဝယ်ကောင်းနေကြောင်း၊အလားတူ ပြည်တွင်းသုံးကုလားပဲနှင့် ပဲမာလိုင်း၊ နှမ်း၊မြေပဲဆန်များလည်း တရုတ်ပို့ကုန်လိုင်းဖွင့်နေတာနှင့် အတူ ဆက်လက် ဈေးကောင်းရရှိနေခြင်းဖြစ်ကြောင်း ၊ပဲသစ်ပေါ်ချိန် ရာသီချိန်မှာ ဖေဖော်ဝါရီလကုန်ထိသာ ကြာမြင့်နိုင်ကြောင်း ဦးကျော်သွင် (ရွှေစင်သိန်း)ပွဲရုံပိုင်ရှင်က ပြောသည်။

“ပဲ၊နှမ်းဈေးကွက်တစ်ခုလုံးဈေးကောင်းနေတယ်လို့ပြောရမယ့် သီးနှံဈေးအားလုံး ဈေးကျဆင်းတာ မရှိသလောက်ဖြစ်နေတယ်။ မြေထောက်ပဲတစ်အိတ် ငွေကျပ် ၂၅၀၀၀၀ ပေါက်ဈေးဖြစ်လာတယ်။ ပို့ကုန်မတ်ပဲတစ်အိတ် ငွေကျပ် ၁၆၆၀၀၀၊ ပဲစင်းငုံတစ်အိတ် ငွေကျပ် ၁၇၂၅၀၀၊ ပဲတီစိမ်းရွှေဝါအဝင် များလာသလို တစ်အိတ် ငွေကျပ် ၁၈၅၀၀၀-၁၉၀၀၀၀ ထိဈေးကောင်းရနေပါတယ်။ လက်ရှိမှာ ပဲလှောင် လက် အဝယ်တွေ အဝယ်ကောင်းလာတော့ ပို့ကုန်သမားတွေ လိုက်ပါ ဝယ်ယူ နေတာဖြစ်လို့ ပို့ကုန်ပဲအသစ်အဝင်ရှိသလောက် အဝယ်ကောင်း နေတာမျိုးပါ။ ပြည်တွင်းသုံး ကုလားပဲလည်း အသစ်ပေါ်လာလို့ဈေးကျ ဆင်းနေရာက ဈေးကျဆင်းမလိုကနေ V2အသစ်တစ်အိတ် ငွေ ကျပ် ၁၈၆၀၀၀ ထိပေါက်ဈေးရှိ လာပါတယ်။ လက်ရှိမှာက ပဲ အသစ်တွေကို ဒေါ်လာငွေဈေးအပြောင်း အလဲမရှိသော်လည်း ပဲအထွက်နည်းလို့ ဝင်သလောက်အမြန်ဝယ်နေတဲ့သဘော ဖြစ်နေပါတယ်။ တောင်သူတွေ ကလည်း ပဲအသစ်တွေကို လှောင်ချိန်မထားဘဲ ချက်ချင်းရောင်းချတာမို့ ဖေဖော်ဝါရီလကုန်လောက်ဆိုရင် ပစ္စည်းပြတ်နိုင်တဲ့ အခြေအနေ ဖြစ်နေတာလည်းပါတယ်။ တရုတ်လိုင်းကို မြေပဲလုံးဆန်ထွက်နေတော့ မြေပဲဆီဆန်ပါလိုက် ဈေးမြင့်တက်လာပါတယ်။ နှမ်းနက်တစ်အိတ် ငွေကျပ် ၃၀၀၀၀၀ ကျော်ဈေး ထိရောက်နေပါတယ်။ဇန်နဝါရီလကုန်ထိ အသစ်ဝင်ပဲများ ဈေးကောင်း နေနိုင်ပါတယ်´´ ဟု ၎င်းကပြောသည်။

မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း

ပြည်တွင်းပဲသစ်ပေါ်ချိန်ကာလ တိုတောင်းမှုရှိလာနိုင်ကြောင်း ပဲကုန်သည်များ၏သုံးသပ်ချက်နှင့်အတူ ပြည်တွင်းဒေါ်လာငွေဈေး အပြောင်း အလဲကို မျှော်လင့်ပြီး အသစ်ဝင်ပို့ကုန်ပဲများ ဈေးအမြင့် ဖြစ်လာရာ ဇန်နဝါရီ ၂၅ ရက်တွင် မတ်ပဲ သုံးတင်းဝင် တစ်အိတ် ငွေကျပ် ၁၆၇၀၀၀၊ ပဲစင်းငုံ တစ်အိတ် ငွေကျပ် ၁၇၂၅၀၀၊ ပဲတီစိမ်း ရွှေဝါတစ်အိတ် ငွေကျပ် ၁၈၅၀၀၀-၁၉၀၀၀၀၊ အညာမှာ ထိပ်စ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၅၈၀၀၀ ပေါက်ဈေးရှိသည်။ အသစ်ဝင်ပို့ကုန်ပဲများမှာ ယခင် အပတ်ထက် တစ်အိတ် ငွေကျပ် ၅၀၀၀ ခန့် ဈေးမြင့်တက်လာကြောင်း သိရသည်။

နှမ်း၊ မြေပဲ

တရုတ်နယ်စပ်ဂိတ်ဖွင့်လှစ်လိုက်သည့် နောက်ပိုင်း ကုန်စည်တင် ပို့မှု အဆင်ပြေလာတာနှင့်အတူ တရုတ်ယွမ်ငွေကောင်းနေကြောင်းလည်း နှမ်းဈေးကွက် ဆက်လက်မြင့်တက်နေရာ နှမ်းဖြူ ၄၅ ပိဿာ တစ်အိတ် လျှင် ငွေကျပ် ၂၉၅၀၀၀ ထိ ပေါက်ဈေးဖြစ်လာပြီး နှမ်းနက်စမုန်မှာ တစ်အိတ် ငွေကျပ် ၃၀၅၀၀၀ ထိ ပေါက်ဈေးရှိလာသည်။ မြေပဲအနီ လုံးဆန် တစ်ပိဿာ ငွေကျပ် ၇၀၀၀၊ ဆီ ဆန်တစ်ပိဿာ ငွေကျပ် ၆၀၀၀ ထိ ပေါက်ဈေးထိ ဆက်လက်မြင့်တက်နေသည်။

အသစ်ဝင်ပို့ကုန်ပဲများဈေးမြင့်လာတာနှင့်အတူ ပြည်တွင်းသုံး ကုလားပဲအုပ်စုနှင့် ပဲမာလိုင်းများမှာ အသစ်ဝင်ပဲများ မန္တလေးဈေးကွက် အတွင်း အဝင်ရှိသလောက် အရောင်းအဝယ်ကောင်းနေရာ ဇန်နဝါရီ ၂၅ ရက်တွင် ကုလားပဲ V2 (သစ်) တစ်အိတ်လျှင် ငွေကျပ် ၁၈၆၀၀၀၊ ပဲယဉ်းကြီး(သစ်) တစ်အိတ်လျှင် ငွေကျပ် ၁၃၅၀၀၀၊ ပဲကြီး(သစ်) တစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ ပဲထောပတ်(သစ်) တစ်အိတ်လျှင် ငွေကျပ် ၂၀၀၀၀၀၊ ပဲဇီးကွက် တစ်အိတ်လျှင် ငွေကျပ် ၁၄၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၅၁၀၀၀ ပေါက်ဈေးဖြစ်လာသည်။ လက်ရှိ ပဲနှမ်းဈေးကွက်ပေါက်ဈေးများမှာ ဇန်နဝါရီလကုန်ထိ ဆက်လက် အရောင်းအဝယ်ကောင်းနေမည်ဖြစ်ကြောင်း ပဲကုန်သည်များက သုံးသပ် ထားသည်။

Leave a Reply

Your email address will not be published.