မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ COVID-19 Economic Relife Plan အရ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည် ဖော်ဆောင်ရန် ပညာပေး သင်တန်းဖွင့်လှစ်

မကွေး သြဂုတ် ၇

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အနေဖြင့် (CERP)- COVID-19 Economic Relife Plan အရ သင်တန်း(၆)မျိုးကို တစ်နိုင်ငံလုံးတွင် မြို့နယ်(၁၁၈)မြို့နယ်၌ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်ရန် ဝက်မွေးမြူရေး ပညာပေးသင်တန်းကို သြဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။သင်တန်းသို့ မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးမွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ကြီး ဦးဝင်းမော်ဌေး၊တောင်တွင်းကြီးမြို့နယ်၊တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော် ကိုယ်စားလှယ် ဦးဇော် မင်းထွန်း၊ မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဒေသ ကြီးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်စိုးဦးနှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ပုဂ္ဂိုလ်များ၊ တောင်တွင်း ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင်နှင့် တောင်တွင်းကြီးမြို့နယ်ရှိ ကျေးရွာများမှ မွေးမြူရေး စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။သင်တန်းဖွင့် အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးဝင်းမော်ဌေးက သင်တန်းတက်ရောက်လာသူများအား အားပေးစကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမောင်မောင်စိုးဦးက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား အကျယ်တဝင့်ရှင်းလင်း ပြောကြားကာ ဝက်မွေးမြူရေး ပညာပေး သင်တန်းကို စတင်ပို့ချခဲ့သည်။အဆိုပါသင်တန်းသို့ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးရွာအုပ်စု(၇၂)အုပ်စုမှ သင်တန်းသား (၁၀၀)ဦး တက်ရောက်မည်ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ အဖွဲ့(၃)ဖွဲ့ခွဲ၍ သင်တန်းနည်းပြ(၈)ဦးမှ သြဂုတ်လ ၇ ရက်နေ့မှ ၉ ရက်နေ့ အထိ (၃)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် မကွေးတိုင်းဒေသကြီးတွင် (CERP)အစီအစဉ် အရ ခရိုင်(၅)ခရိုင်မှ မြို့နယ်(၁၃)မြို့နယ်တွင် သင်တန်းပို့ချမည်ဖြစ်ပြီး သင်တန်းသား စုစုပေါင်း (၇၈၀၀)ဦးအား လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရသည်။သန်းနိုင်ဦး(ငဖဲ)

Leave a Reply

Your email address will not be published.