မြေပဲဆီသန့် တစ်ပိဿာ ငွေကျပ် ၅၀၀ ဝန်းကျင် ဈေးမြင့်လာ

ရွှေမန်း

ပြည်တွင်းစားသုံးသူဈေးကွက် တွင် မြေပဲဈေးတက်လာသည့် အတွက် ဧပြီ ၁ ရက်မှစ၍ မြေပဲ ဆီသန့် တစ်ပိဿာ ငွေကျပ် ၅၀၀ ဝန်းကျင် ဈေးမြင့်တက်လာခဲ့ ကြောင်း မန္တလေးမြို့ဆီစက် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စားသုံးသူဈေးကွက်တွင် မြေပဲဆီကို စားအုန်းဆီရောနှော ရောင်းချသူအချို့ရှိပြီး ဈေးတန်းမှာ လည်း ဆီသန့်ထက် ဈေးနှုန်း လျှော့ချရောင်းသူများလည်းရှိသည် ဟုဆိုသည်။

“မနေ့ကမှ တစ်ပိဿာ ငွေကျပ် ၅၀၀ ဈေးတက်ရောင်း တာပါ။ ကုန်ကြမ်းဖြစ်တဲ့ မြေပဲ ဈေးတက်လာတယ်။ သူကလည်း ပြီးခဲ့တဲ့ တစ်ပတ်လောက်ကထက် တစ်ပိဿာ ငွေကျပ် ၄၀၀ လောက် ဈေးမြင့်လာတယ်။ ဆီကြိတ်ရာမှာ နထစသမအ မြေပဲကို ကြိတ်တဲ့သူ ရှိသလို တခြားမြေပဲကို ကြိတ်တာ လည်းရှိတယ်´´ဟု ၎င်းက ပြောသည်။

ဈေးကွက်တွင် မြေပဲဆီသန့် မှာ အရည်အသွေးအလိုက် ဈေးနှုန်း တူညီမှုမရှိဘဲ တစ်ပိသာ ငွေကျပ် ၁၃၅၀၀-၁၅၀၀၀ ဝန်းကျင်အထိ ရောင်းချမှုများရှိသည်။ နှမ်းဆီမှာ အသုံးနည်းကာ စားအုန်းဆီနှင့် အခြားစားဆီများကို အသုံးများ ကြောင်း၊ပြည်ပမှ တင်သွင်းသည့် စားအုံးဆီမှာ ပေါက်ဈေး တစ် ပိဿာ ငွေကျပ် ၆၅၀၀ – ၇၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

“ဆီဈေးက အကျဘက်မရှိ နိုင်ဘဲ လက်ရှိဈေးတန်းမှာ ငြိမ်ချင် ငြိမ်နေမယ်။ ဒါမှမဟုတ် တရုတ် ဝယ်လိုအားပေါ်မှာ ကြည့်ပြီး ဈေးတက်ချင် တက်နိုင်ပါတယ်။များသောအားဖြင့် ဆီစက်က စားသုံးသူအတွက် ဈေးကို ထိန်း ပြီး ရောင်းကြပါတယ်´´ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြေပဲဆန်ဈေးတက်ရခြင်း မှာ တရုတ်ဝယ်လိုအားပေါ်မူတည် ၍ ဈေးနှုန်းအတက်အကျရှိပြီး မြေပဲ အနီလုံးဆန်ဈေးမှာ တစ်ပိဿာ ငွေကျပ် ၆၀၀၀ ဝန်းကျင်မှ ပြီးခဲ့ သည့် ရက်သတ္တတစ်ပတ်တွင် ငွေကျပ် ၆၄၀၀ သို့ ရောက်ရှိလာ ကာ တစ်ပိဿာအပေါ် ငွေကျပ် ၄၀၀ ဝန်းကျင် ဈေးမြင့်လာခဲ့ ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.