မြန်မာ-တရုတ်ကြားRCEPသဘောတူစာချုပ်စတင်အသက်ဝင်ပြီ

ရွှေမန်း

မြန်မာနှင့် တရုတ်တို့အကြား RCEP သဘောတူစာချုပ် စတင်အသက်ဝင်ပြီဖြစ်ပြီး အကောက်ခွန်ဆိုင်ရာ ဦးစားပေး အခွင့်အရေးနှင့် အခြားခံစားခွင့်များကို စတင်ခံစားနိုင်ပြီ ဖြစ်ကြောင်းသိရသည်။

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Compre-hensive Economic Partnership-RCEP) သဘောတူစာချုပ်၏ စာချုပ်အသက်ဝင်းခြင်းအရ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ၂၀၂၂ ခုနှစ် မေလ (၁)ရက်နေ့မှ စတင်အသက်ဝင်ပြီဖြစ်ကြောင်း သိရသည်။

RCEP သဘောတူစာချုပ်ကို ပါဝင်လက်မှတ် ရေးထိုးခဲ့သည့် အာဆီယံ၏ မိတ်ဖက်နိုင်ငံများ အနက် တရုတ်နိုင်ငံက ပထမဆုံးအနေဖြင့် မြန်မာနိုင်ငံ၏ အသက်ဝင်ကြောင်း အကြောင်းကြားစာကို အသိအမှတ် ပြုခဲ့ပြီး မေလ ၁ ရက်နေ့မှ စတင်၍ RCEP သဘောတူစာချုပ်အောက်မှ တရုတ်နိုင်ငံမှ ပေးအပ်မည့် အကောက်ခွန်ဆိုင်ရာ ဦးစားပေး အခွင့်အရေးနှင့် အခြားခံစားခွင့်များကို စတင်ခံစားနိုင်ပြီ ဖြစ်သည်။

မြန်မာလုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံ နှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ယခင်က တရုတ်နိုင်ငံ မှ မြန်မာနိုင်ငံသို့ တစ်ဖက်သတ် ကင်းလွတ်သက်သာခွင့်ကိုသာပေးသည့် အစီအစဉ်နှင့် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်တို့ကိုသာ အသုံးပြုလျက်ရှိရာမှ ယခုအခါ RCEP သဘောတူ စာချုပ်အောက်မှ အခွင့်အရေးများကိုပါ ပိုမိုအသုံးပြုနိုင်မည် ဖြစ်သည်။

RCEP သဘောတူစာချုပ်တွင် အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု သဘောတူ စာချုပ်၌ မပါဝင်ခဲ့ သည့် အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်စပ်လျဉ်းသည့် တင်ပို့မည့် ကုန်ပစ္စည်း အမျိုးအစား၊ ကောက်ခံမည့် အကောက်ခွန်တန်ဖိုးနှင့် မြန်မာနိုင်ငံမှ ထွက်ရှိ/ ထုတ်လုပ်သည့် ကုန်ပစ္စည်းတို့ကို ကြိုတင်သတ်မှတ်ခြင်း၊ ကုန်ပစ္စည်း ရောက်ရှိသည့်အချိန်မှစ၍ ၄၈ နာရီအတွင်း အကောက်ခွန်ရှင်းလင်းရေးကို ပြီးစီးအောင် ဆောင်ရွက်ခြင်း စသည့် အချက်များ ထည့်သွင်းထားသဖြင့် RCEP သဘောတူ စာချုပ်အရ တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်းများကို လျင်မြန်စွာ ထုတ်ယူနိုင်သည့် အကျိုးကျေးဇူးရရှိမည် ဖြစ်သည်။

RCEP အရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းအမယ် ၅၉၆၉ မျိုးကို အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်သည့် အခွင့်အရေးရရှိမည်ဖြစ်ရာ တိရစ္ဆာန်ထွက်ကုန် ပစ္စည်း ၃၆၈ မျိုး၊ စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်း ၃၈၉ မျိုး၊ ဆီထွက် ကုန်ပစ္စည်း ၁၀ မျိုး၊ အစားအစာနှင့် စပ်လျဉ်းသည့် ကုန်ပစ္စည်း ၁၆၃ မျိုး၊ တွင်းထွက်ကုန်ပစ္စည်း ၁၈၁ မျိုး၊ ဓာတု ထွက်ကုန်နှင့် လုပ်ငန်းသုံးကုန် ပစ္စည်း ၁၁၂၇ မျိုး၊ ပလတ်စတစ်ပစ္စည်း ၁၂၅ မျိုး၊ သားရေထည်ပစ္စည်း ၆၇ မျိုး၊ သစ်တောထွက်ပစ္စည်း ၂၃၄ မျိုး၊ အထည် အလိပ်နှင့် စပ်လျဉ်းသည့် ကုန်ပစ္စည်း ၉၀၃ မျိုး၊ ဖိနပ်၊ ထီးအပါဝင်ပစ္စည်းမျိုးစုံ ၂၉ မျိုး၊ ဘိလပ်မြေ နှင့် ဘိလပ်မြေထွက်ပစ္စည်းများ၊ မှန်နှင့် မှန်ပစ္စည်း ၁၄၆ မျိုး၊ ပုလဲနှင့် အဖိုးတန် ကျောက်မျက်ပစ္စည်း ၆၂ မျိုး၊ သတ္တုနှင့် သတ္တုအခြေခံပစ္စည်း ၅၅၄ မျိုး၊ စက်နှင့် စက်ပစ္စည်း အစိတ်အပိုင်း ၁၀၅၈ မျိုး၊ မော်တော်ကား၊ လေယာဉ်၊ သင်္ဘောနှင့် သယ်ယူပို့ဆောင်ရေး အစိတ်အပိုင်းများ ၁၂၄ မျိုး၊ ဆေးပစ္စည်း၊ ရုပ်ရှင်လုပ်ငန်းသုံး ပစ္စည်းနှင့် တူရိယာ ပစ္စည်း ၂၄၀ စသည်တို့ ပါဝင်ပြီး ကျန်ကုန်စည်များကိုလည်း နှစ်အလိုက်ပေးဆောင် ရမည့် အကောက်ခွန် လျှော့ချသည့် အခွင့်အရေးများကို ပေးအပ်ထားသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အပြန်အလှန်ကုန်သွယ်မှုမှာ ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် ပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၅၄၂၀ ဒသမ ၀၅၂ နှင့် သွင်းကုန် အမေရိကန်ဒေါ်လာသန်း ၆၇၂၉ ဒသမ ၁၇၄ ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ၏ သက်ရောက်မှုများကြောင့် အမေရိကန် ဒေါ်လာသန်း ၅၁၆၀ ဒသမ ၈၂၅ နှင့် သွင်းကုန် အမေရိကန်ဒေါ်လာ သန်း ၄၆၄၇ ဒသမ ၀၉၆ ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.