မြန်မာ့ စိန်တလုံး သရက်သီး တရုတ်နိုင်ငံသို့ တင်ပို့မှု ဆိုင်ရာ အခက်အခဲများ ကြောင့် ပြည်တွင်းဈေးကွက်ကို သာ အားထားရောင်းချရမည်

ရွှေနွယ်ကြိုး

မြန်မာ့စိန်တလုံး သရက်သီး တရုတ်နိုင်ငံနိုင်ငံသို့တင်ပို့မှုဆိုင်ရာ အခက်အခဲများကြောင့် ပြည်တွင်းဈေးကွက် ကိုသာ အားထားရောင်းချရမည်ဖြစ်ကြောင်း ပို့ကုန်သမားများနှင့် သရက်ခြံပိုင်ရှင်များထံမှ သိရသည်။

တရုတ်ဈေးကွက်သို့ တင်ပို့ရာတွင် ယခင်က လက်ဆက်သီးနှံများ တင်ပို့မှုဆိုင်ရာ မူဝါဒအရ သရက်သီးကို ဦးစားပေး စနစ်ဖြင့် တရုတ်နယ်စပ်ဂိတ်များမှ ဝင်ရောက်ခွင့် ရရှိခဲ့သော်လည်း ယခုအခါ တရုတ်နိုင်ငံ၏ ကိုဗစ် ၁၉ ရောဂါဆိုင်ရာ တင်းကြပ်သည့် ရောဂါစစ်ဆေးမှုများနှင့် ကားရှန်တိန်ချိန်ပြောင်းတင်ပို့နေရသည့် အပြင် ဆေးဖြန်း ကာ ၄၈ နာရီ နှစ်ဖက် စစ်ဆေးမှုများကြောင့် သရက်သီး၏ စင်တင်ကာလ ကုန်ဆုံးနိုင်သဖြင့် လက်ရှိ စစ်ဆေးမှု အခြေအနေများနှင့် ကုန်ကျစရိတ်များ ကြောင့် တင်ပို့နိုင်ခြင်း မရှိသေးကြောင်း ခွာညိုပွဲရုံမှ ဦးစိုင်းခင်မောင်က ပြောသည် ။

“ တရုတ်ဖက်က အကောက်အခွန်စနစ်အပြောင်းအလဲကြောင့် ပို့လို့မရသေးပါဘူး။ သူ့တို့ဖက်က သွင်းကုန်ဂျူတီသက်မှတ်ပြီမှပို့လို့ရမယ်။ နောက်ပြီး ပို့ကုန် အချိန်းအပြောင်း ရောဂါစစ်ဆေးမှုတွေက ဒီအတိုင်းပုံမှန်စစ်နေမယ်ဆိုရင် သရက်သီး တင်ပို့ဖို့ခက်ခဲပါတယ်။ လက်ရှိအချိန်ထိ တော့ မူဆယ်ဈေးကွက်ကို တင်ပို့သူမရှိသေးပါဘူး။ ပြည်တွင်းသရက်ခြံရှင်တွေ အနေနဲ့ ပြည်တွင်းဈေးကွက်ကိုသာ အားပြုရောင်းချရမယ့် အခြေအနေပါ။ တရုတ်ဖက်က သရက်သီးကို ဦးစားပေး စစ်ဆေး ဝင်ရောက်ခွင့်ပေးရင်တော့ လက်ရှိ ငွေဈေးနှင့် ဈေးကောင်းရရှိနိုင်တဲ့အခြေအနေပါ” ဟု ၎င်းကပြောသည်။

သရက်သီးကိုယခင်က ၆-၁၂ဘီးကားဖြင့် လည်း တစ်ခြံချင်းတင်ပို့ကြသလို နှစ်ဦးသုံးဦး စုပေါင်းတင်ပို့ ကြခြင်းဖြစ်သည်။ လက်ရှိမှာ စက်သုံးဆီဈေးမြင့်တက်နေတာကြောင့် မူဆယ်ထိ ကားဈေးနှုန်းမှာ ကြီးမြင့်နေကြောင်း တရုတ်နိုင်ငံသို့တင်ပို့ရာတွင် လမ်းရက်ကြာမြင့်နိုင်ခြင်း တို့ကြောင့် ပြည်တွင်း ဈေးကွက် တွင် သာ တင်ပို့ရောင်းချလျှက်ရှိကြောင်း နေပြည်တော်မှ သရက်ခြံပိုင်ရှင် ဦးသိန်းစိန်က ပြောသည်။

“ အရင်နှစ်တွေကတော့ ပွဲရုံတွေကို ကားစုပေါင်းငှားစနစ်နဲ့ တင်ပို့တယ်။ အပေါ်ပေါက်ဈေးလည်း သိထားတာတော့ ချိန်ဆတင်ပို့လို့ရတယ်။ လက်ရှိမှာက ကုန်ကျစရိတ်ကလည်း မခန့်မှန်းနိုင် ရောင်းရမယ့် ဈေးက လည်းမသိတော့ မတင်ပို့ဖြစ်တော့ဘူး။ နေပြည်တော် မှာ ရောင်းတာရောင်း ရန်ကုန် ကို လည်တင်ပို့တယ်။ အသီးဈေးကတော့ အရည်အသွေးအလိုက်ပါ။ အရင် ၁၆ ကီလို ကျပ်၂၅၀၀၀ လောက်က ဒီနှစ် ကျပ် ၄၀၀၀၀ လောက်ရောင်းရပါတယ်။ထိပ်စအသီးအထွက်နည်းပါတယ်။အလတ်စအသီးများတယ် ” ဟု ၎င်းကပြောသည်။

ပြည်တွင်း စိန်တလုံးရာသီမှာ သကြီၤန်အပြီး ကာလ မှ ဇွန်လ လယ်လောက်သာ လှိုင်လှိုင်ပေါ်ပြီး ပြည်တွင်း ပြည်ပ စားသုံးသူအကြိုက်များသည့် သရက်မျိုးဖြစ်သည်။ ခြံပိုင်ရှင်များအနေဖြင့်လည်း ယခင်နှစ်ထက် လုပ်သားစရိတ် ၊အိတ်စွတ်စရိတ်များ ကြောင့် ခြံပြုစုစရိတ်ပိုမိုကုန်ကျထားကြောင်းသိရသည်။

Leave a Reply

Your email address will not be published.