မြန်မာ့ရွှေဈေး ကျပ်သိန်း ၂၀အောက် ပြန်ကျဆင်းခဲ့

ရွှေမန်း



မြန်မာ့ရွှေဈေးသည် မေ ၃ရက် နံနက်ပိုင်းက ကျပ်သိန်း ၂၀အောက်ကို ပြန်လည်ကျဆင်းခဲ့ကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

” ဧပြီလက ရွှေတစ်ကျပ်သားကို ကျပ် ၂၁သိန်းနီးပါးထိ အမြင့်ဆုံး ဈေးဖြစ်ခဲ့တယ်၊ ဒီနေ့ မေ ၃ရက်မှာတော့ တစ်ကျပ်သား ကျပ်သိန်း ၂၀အောက် ပြန်ကျဆင်းသွားတယ် ” ဟု မန္တလေးမြို့ရှိ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မြန်မာ့ရွှေဈေးကွက်တွင် ဧပြီ ၂၁ ရက်က အခေါက်ရွှေ တကျပ်သားကို ကျပ် ၂၀၈၆၀၀၀ ထိမြင့်တက်ခဲ့ပြီး အမြင့်ဆုံး ဈေးဖြစ်ခဲ့သည်။

မေ ၃ရက်၌ မြန်မာ့ရွှေဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၉၉၃၅၀၀ ကျပ်ဖြစ်ပြီး မေ ၂ရက်က ဈေးဖြင့် နှိုင်းယှဉ်လျှင် ကျပ် သုံးသောင်းကျော် ဈေးကျခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းရွှေဈေးသည် ၂၀၂၁ခုနှစ် နှစ်ကုန်ပိုင်းက ၁၇သိန်းခွဲဝန်းကျင်ထိ ဈေးနှုန်းကျဆင်းခဲ့သော်လည်း ၂၀၂၂ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ ပြန်လည်မြင့်တက်လာခဲ့ရာ မတ်လ ဒုတိယအပတ်တွင် အကယ်ဒမီ မီးလင်းရွှေအပိတ်ဈေးမှာ ကျပ်သိန်း ၂၁ နီးပါးထိ ဈေးမြင့်တက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း နှင့် မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများသည် ရွှေဈေးနှုန်းတည်ငြိမ်းစေရေးအတွက် ဧပြီ ၂၃ရက်က နေပြည်တော်တွင် ကျင်းပခဲ့သော ရွှေဈေးနှုန်းတည်ငြိမ်စေရေး အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.