မျိုးမြေပဲဆန်နှင့်ဆီစက်သမားတွေ ရောင်းကောာင်းနေတာကြောင့် မြေပဲဆန်တစ်ခုသာ အရောင်းအဝယ်သွက်နေ

ရွှေမန်း

မျိုးမြေပဲဆန်နှင့်ဆီစက်သမားတွေ ရောင်းကောာင်းနေတာကြောင့် မြေပဲဆန်တစ်ခုသာ အရောင်းအဝယ်သွက် နေ အခြားပဲ၊နှမ်းဈေးကွက်တစ်ခုလုံး ဈေးအေးနေကြောင်း ပဲ၊နှမ်းကုန်သည်များထံက သိရသည်။

မန္တလေးကုန်စည်ဒိုင်တွင် နှစ်စဉ် ကထိန်ရာသီရောက်တိုင်း အလှူအတန်းများနှင့်ခရီးသွားချိန် အရောင်းအဝယ် နားချိန်ဖြစ်တာကြောင့် အရောင်းအဝယ်မှာ ခပ်အေးအေးသာရှိကြောင်း ၊ပို့ကုန်ပဲများ နိုင်ငံခြားတင်ပို့ချိန် မဟုတ်တာကြောင့်လည်း ဈေးကွက်အတက်အကျ မရှိခြင်းဖြစ်ကြောင်း ဧရာဝတီၤမြစ်ရိုဒတစ်လျှောက် မြေနုကျွန်းများ မြေပဲစိုက်ပျိုးချိန်ဖြစ်တာကြောင့် မျိုးမြေပဲနှင့် ပြည်တွင်းဆီစက်သမားများ ဝယ်ယူနေတာကြောင့် မြေပဲဆန်တစ်မျိုးသာ အရောင်းအဝယ်သွက်နေကြောင်း ၊ပဲ၊နှမ်းဈေးကွက်တစ်ခုလုံးအခြေဖြင့် နိုဝင်ဘာလကုန်ပိုင်းကနေ ဒီဇင်ဘာလကုန် အရောင်းအဝယ်ထူးထူးခြားပြောင်းလဲစရာမရှိကြောင်း မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဒုတိယ ဥက္ကဌ ဦးကျော်သွင်(ရွှေစင်သိန်း)ပွဲရုံကပြောသည်။

“ ပြည်တွင်းပဲဈေးကွက်မှာ ထူးခြားမရှိအရောင်းအဝယ်ခပ်အေးအေးသာရှိနေပါတယ်။နိုင်ငံခြားတင်ပို့မှု မရှိသေး တော့ ပို့ကုန်ပဲတွေရော ပြည်တွင်းသုံးပဲတွေ ခပ်အေးအေးနဲ့ ဈေးတက်ခြင်းမရှိပါဘူး။ မြေပဲဆန်တစ်ခုပဲ ဆီစက်သမားတွေ ဆီရောင်းကောင်းနေလို့ ဈေးမတက်ဘဲခပ်သွက်သွက် အရောင်းအဝယ်ဖြစ်နေပါတယ်။ အညာဧရာဝတီမြစ်ရိုးတစ်လျှောက်က မျိုးမြေပဲဆန်တွေဝယ်နေရပြီ ဆီစက်သမားကလည်း ဆီကြိတ်ဖို့ ဝယ်တော့ မြေပဲဆန်ကလွဲရင်ကျန်တဲ့ပဲတွေ ခပ်အေးအေးရှိနေပါတယ်။ မျိုးမြေပဲဆန်ဈေးကတစ်ပိဿာကျပ် ၆၀၀၀ ဈေးရှိပါတယ်။ နှမ်းမျိုးစုံဈေးကတော့ သုံးတင်းဝင်တစ်အိတ်ကျပ် ၃သိန်းအောက်မှာသာ အရောင်းအဝယ်ရှိနေပါတယ်။ ပဲမာလိုင်းတွေကတော့ ဈေးအေးနေသော်လည်း ကျွန်းစာတော်ပဲကတော့ မြန်မာပြည်ရဲ့မနက်စာ ဖြစ်နေတော့ ဈေးကောင်းနေဆဲပါ။ နိုဝင်ဘာ လကုန်ကနေ ဒီဇင်ဘာထိတော့ ဈေးကွက်က ထူးထူးခြားခြားပြောင်းလဲစရာမရှိပါဘူး ” ဟု ၎င်းကပြောသည်။

မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ

ပို့ကုန်ပဲများနိုင်ငံခြားသင်္ဘောတင်ပို့မှု မရှိသေးချိန်နှင့် ပြည်တွင်းဒေါ်လာဈေးတည်ငြိမ်နေတာကြောင့်
ပို့ကုန်မတ်ပဲ၊ ပဲစင်းငုံပေါက် ဈေးမှာ အပြောင်းအလဲမရှိ တည်ငြိမ်နေရာ အောက်တိုဘာ ၂၇ ရက်တွင် မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၁၈၅၀၀၀၊ ပဲစင်းငုံ တစ်အိတ်လျှင် ငွေကျပ် ၁၈၅၀၀၀ သာအဝယ်ရှိပြီး အရောင်းသမားက ၁၉၀၀၀၀ဈေးဖွင့်ထားသည်။ ပဲတီစိမ်း အညာမှာ ထိပ်စ သုံးတင်းဝင်တစ်အိတ် ငွေ ကျပ် ၁၄၅၀၀၀ ပေါက်ဈေးရှိသော်လည်းဝယ်လက်ကောင်းကောင်းမရှိသေးကြောင်းသိရသည်။

မြေပဲ

ဧရာဝတီမြစ်ရိုးတစ်လျှောက် မြေနုကျွန်းများအပါအဝင် ဆောင်းမြေပဲစိုက်ခင်းများ စိုက်ပျိုးရန်ပြင်ဆင်နေကြချိန်ဖြစ်တာကြောင့် မျိုးမြေပဲတစ်ပိဿာကျပ် ၆၀၀၀ ပေါက်ဈေးရှိသော်လည်း ဆီဆန်များမှာ တစ်ပိဿာ ၅၄၀၀ ဝန်ကျင်ဖြင့် အရောင်းအဝယ်သွက်နေသည်။မြေပဲဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀၊ နှမ်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀၊ စားအုန်းဆီ တစ်ပိဿာ လျှင် ငွေကျပ် ၅၅၀၀ အထိ ကျ ဆင်းသွားကြောင်း သိရသည်။

မန္တလေးကုန်ဒိုင် ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး ထူးခြားမှုမရှိ အရောင်းအဝယ်ခပ်အေးအေးသာရှိနေရာ အောက်တိုဘာ ၂၇ ရက်တွင် ကုလားပဲ V2တစ်အိတ်လျှင် ငွေကျပ် ၁၉၂၀၀၀၊ ပဲယင်း တစ်အိတ်လျှင် ငွေကျပ် ၁၃၅၀၀၀၊ ပဲကြီး တစ်အိတ်လျှင် ငွေကျပ်သည် ၂၃၅၀၀၀၊ ပဲထော ပတ်တစ်အိတ် လျှင် ငွေကျပ် ၁၆၅၀၀၀၊ စွန်တာ ပြာ တစ်အိတ်လျှင် ငွေကျပ် ၁၅၅၀၀၀၊ မြေထောက်ပဲတစ် အိတ်လျှင် ငွေကျပ် ၂၅၅၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀ ပေါက်ဈေး ဖြစ်နေသည်။

Leave a Reply

Your email address will not be published.