ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ရဲ့ လက္ခဏာများ ဆိုတဲ့ ပညာပေး စာတွေမှာ မျက်သားနီပုံတွေ ထည့်ပြီး တင်လာတာ ခပ်စိပ်စိပ် တွေ့ရလို့ ဒီစာကို ရေးပါတယ်။ မျက်သား နီတိုင်း၊ အိုမီခရွန်ကိုဗစ် မဟုတ်ပါ။ဒါဆို၊ မျက်သားနီစေတဲ့ အကြောင်းအရင်းတွေက ဘာလဲ❓(၁) ကိုဗစ်အပြင် အအေးမိ၊ တုပ်ကွေး၊ အဆုတ်ယောင်လို ရောဂါမျိုးတွေကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရတဲ့ အခါမှာလည်း မျက်သားနီတတ်ပါတယ်။ ကိုဗစ်တမျိုးထဲမှာ ကွက်နီတာ မဟုတ်ပါ။(၂) ဘတ်တီးရီးယားပိုး (အများသောအားဖြင့် Staphylococcus Aureaus ပိုး) ဝင်ရင်လည်း မျက်သားနီတတ်ပါတယ်။(၃) ဓါတ်မတည့်စေတဲ့ ဖုန်မှုန့်၊ သဲမှုန့်လို တခုခုနဲ့ မျက်လုံး ထိတွေ့မိတဲ့ အခါမှာလည်း မျက်သားနီတတ်ပါတယ်။(၄) မျက်လုံးအိမ်ကို အပျော့စား ထိခိုက်ဒဏ်ရာ ရတဲ့အခါမှာလည်း မျက်သားနီတတ်ပါတယ်။ယုတ်စွအဆုံး ကုန်ကုန် ပြောရရင်၊ ဝမ်းချုပ်လို့ အီးညှစ်တဲ့အခါမျိုးနဲ့ ချောင်းတအား ဆိုးတဲ့အခါတွေမှာလည်း မျက်လုံးတွင်း ဖိအား မြင့်တက်ပြီး ဆံချည်မျှင်လောက် သွေးကြောသေးလေးတွေ ပေါက်ထွက်လို့ မျက်သား နီတတ်ပါတယ်။ ဒါကြောင့်၊ မျက်သားနီတိုင်း အိုမီခရွန်တခုတည်းကြောင့်လို့ တပ်အပ် ပြောမရပါ။ တော်ကြာ၊ ကြက်ဥတွေ စျေးတက်တဲ့ ခေတ်ပြီးလို့ နေကာ မျက်မှန်တွေနဲ့ လမ်းသလားရတဲ့ ခေတ်ကို ရောက်နေဦးရော့မယ် ဒေါက်တာဥာဏ်မိသားစု ဆေးခန်း၊ကြာအင်းဆိပ်ကြီးမြို့။

Leave a Reply

Your email address will not be published.