ယနေ့ မေလ ၁၈ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်း သရက်ခရိုင် ကံမမြို့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မီးလောင်မှုစတင်ဖြစ်ပွားသည့် အိမ်ရှင်ဦးအောင်မိုးလွင်ကို မြို့နယ်မီးသတ်ဦးစီးဌာနက တရားလိုပြုလုပ်ကာ ကံမမြို့မရဲစခန်းမှာ ( ပ)၇၃/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်ထားကြောင်း သိရပါတယ်။
ဖြစ်စဥ်မှာ ယနေ့ နံနက် ၁၀နာရီ၃၀မိနစ်ခန့်က ကံမမြို့ အမှတ်(၃)ရပ်ကွက် ဥယျာဉ်တန်းလမ်းနေ ဦးအောင်မိုးလွင် စတိုးဆိုင်က မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး နေအိမ်၆လုံးလောင်ကျွမ်းခဲ့ပြီး၊ လူ၊ တရိစ္ဆာန် ထိခိုက်မှုမရှိဘူးလို့ သိရပြီး၊ လူဦး ရေ(၁၈)ဦး အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားရာနေရာကို သရက်ခရိုင် မီးသတ်စခန်းက မီးသတ်ယာဉ်(၂)စီး၊ ကံမမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၄)စီး၊ရေနံ့သာနယ်မြေမီးသတ်စခန်း၊ကြို့ပင်နယ်မြေမီးသတ်စခန်း၊ သရက်မီးသတ်စခန်း၊ မင်းတုန်းနယ်မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ရေယာဉ် (၁)စီး၊ ပြည်မြို့မှ အရံမီးသတ်တပ်ဖွဲ့ နှင့် ပရဟိတအဖွဲ့တိို့ လာရောက်ငြိမ်းသတ်ခဲ့ကြပြီး နေ့လည် ၁၂နာရီခန့်မှာ မီးငြိမ်းသတ်နိင်ခဲ့ကြောင်း ကံမမြို့နယ် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်
သတင်းဓါတ်ပုံ ဦးဇော်ဝင်း(ကံမ)
Leave a Reply