မိုးနှင့်လေပြင်းတိုက်ခိုက်မှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၂၇၇ သိန်းကျော် ပျက်စီးဆုံးရှုံး

မေလ ၆ ရက်နေ့ နေ့လည်ပိုင်း ၃ နာရီဝန်းကျင်ခန့်က မိုးနှင့်အတူလေပြင်းများတိုက်ခိုက်ခဲ့ခြင်းကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တွင် အိမ် ၂၅ လုံး ပြိုကျပျက်စီးပြီး အိမ်အမိုးများလန်ခြင်းနဲ့ တစိတ်တပိုင်းပျက်စီးခြင်း ၃၁၄ လုံး၊ဘာသာရေးအဆောက်အဦး ၁၃ခုပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၂၇၇ သိန်းကျော် ရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရပါတယ်။
မိုးရွာသွန်းပြီး မိုးနဲ့အတူလေပြင်းပါ တိုက်ခတ်ခဲ့ရာ မကွေးမြို့နယ်တွင် လူနေအိမ် ခုနှစ်လုံး ပြိုကျပြီး တစိတ်တပိုင်းပျက်စီးမှု အိမ် ၁၁၇ လုံးနဲ့ လူတစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ ဆင်ပေါင်ဝဲမြို့နယ်တွင် လူနေအိမ် ၁၈ လုံးပြိုကျပြီး တစိတ်တပိုင်းပျက်စီးမှု အိမ် ၁၃၉ လုံးရှိခဲ့ကာ ဘာသာရေးကျောင်း ၁၁ ကျောင်းနှင့် စေတီးမျာလည်း ပြိုကျပျက်စီးခဲ့ကြောင်း သိရပါတယ်။
သရက်မြို့နယ်တွင် အိမ် လေးလုံးနှင့် မင်းလှ မြို့နယ် နှစ်လုံးတစိတ်တပိုင်းပျက်စီးခဲ့ကြောင်း၊ ထို့အပြင် ထီးလင်းမြို့နယ်တွင် အိမ် ၂၂ လုံး၊ ဂန့်ဂေါမြို့နယ် အိမ် ၁၉ လုံးနှင့် ဘာသာရေးကျောင်း နှစ်ကျောင်း၊ မြိုင်မြို့နယ်တွင် ၁၀ လုံးနှင့် မင်းဘူးမြို့နယ်တွင် တစ်လုံး တစိတ်တပိုင်း ပျက်စီးခဲ့သဖြင့် ဘေးသင့် အိမ်ထောင်စုပေါင်း ၃၃၉ စု၊ လူဦးရေ ၁၄၀၀ ကျော်ရှိကြောင်း သိရပါတယ်။
ကျွန်တော်တို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေနဲ့ ဆန်ရိက္ခာဖိုးထောက်ပံ့ပေးခဲ့ပါတယ်၊ ပြိုကျတဲ့ အိမ်တွေကိုတစ်အိမ်ကို ကျပ်တစ်သိန်းနှုန်းနဲ့ ထောက်ပံ့ပေးပါတယ်၊ အမိုးလန်တဲ့ အိမ်တွေကိုတော့ ပျက်ဆီးမှုရဲ့တန်ဖိုးအပေါ်မူတည်ပြီးတော့ တစ်သောင်းကနေ ရှစ်သာင်း၊ ကိုးသောင်းအထိထောက်ပံ့ပေးခဲ့တာရှိတယ်၊ ထောက်ပံ့ငွေကျပ် ၆၇ သိန်းကျော်ထောက်ပံ့ခဲ့ပြီးဖြစ်ပါတယ်၊၊ ကျန်တဲ့မြို့နယ် တွေကိုတော့ ခရိုင်အလိုက် မြို့နယ်တွေကနေ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်ဟု မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးမြင့်စိုးက ပြောပါတယ်။
မကွေးတိုင်းအတွင်း ဧပြီလမှ မေလ ၆ ရက်အထိတွင် လေပြင်းတိုက်ခတ်မှုပေါင်း ၄၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ပြိုကျပျက်စီးသည့်အိမ် ၄၇ လုံး ၊ တစိတ်တပိုင်း ပျက်စီးသည့်အိမ်ပေါင်း ၁၀၅၀ လုံး ပျက်ဆီးမှုရှိခဲ့ကြောင်း လူဦးရေစုစုပေါက်း ၄၆၆၅ ဦး ဘေးသင့်ခဲ့ရပြီး ယခုအချိန်သည် လေပြင်းတိုက်ခတ်သည့် အချိန်ဖြစ်၍ ပြည်သူများ ပူးပေါင်းပါဝင်စေလိုကြောင်း သဘာဝဘေးအန္တရာယ် ဖြစ်လာပါက မကွေးတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေး၊ကယ်ဆယ်ရေးနှင့်နေရာပြန်လည်ချထားပေးရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသို့ ဖုန်းဖြင့်ဆက်သွယ် အကူအညီတောင်းနိုင်ကြောင်း ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်
သတင်းဓါတ်ပုံ ကျော်ထွေး(ဆင်ပေါင်ဝဲ)

Leave a Reply

Your email address will not be published.