မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၂၀ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ

ရွှေမန်း

မြန်မာ့နှစ်သစ်အခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာသောအားဖြင့် လည်းကောင်း အကျဉ်းထောင်/ အချုပ်ထောင် /စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၄၈၉၃ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ရာ မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်း သား၊ အကျဉ်းသူ ၄၂၀ ဦး လွတ်ငြိမ်းခွင့် ရရှိခဲ့သည်။

အဆိုပါ မန္တလေးဗဟိုအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သည့် အကျဉ်းသား ၃၄၁ ဦး၊ အကျဉ်းသူ ၇၉ ဦး စုစုပေါင်း ၄၂၀ ဦးတို့အား မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းဗိုလ်တို့က ဧပြီ ၁၇ ရက် နံနက်ပိုင်းတွင် မန္တလေးဗဟိုအကျဉ်းထောင်၌ တွေ့ဆုံ၍ ဆုံးမဩဝါဒစကားများ ပြောကြားခဲ့ကြသည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ အကျဉ်းသား၊ အကျဉ်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ နေ့တွက်စရိတ်နှင့် ခရီးစရိတ်များ တစ်ဦးချင်းစီပေးအပ်ခဲ့သည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သူ တစ်ဦးက “အခုလိုလွတ်မြောက်လာတဲ့ အတွက် ဝမ်းသာမိပါတယ်။ ကျန်ရှိတဲ့သူတွေလည်းအမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းပေးပါတယ်။ အကျဉ်းထောင်တာဝန်ရှိသူတွေကလည်း တကယ့်ကို မိဘသဖွယ်စောင့်ရှောက်ပါတယ်။ အနာဂတ်မှာ နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာကနေ အကျိုးရှိစွာ နေထိုင်ဆောင်ရွက်သွားပါမယ်” ဟုပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင် (၅)ခုမှ အကျဉ်းသား ၅၁၇ ဦး၊ အကျဉ်းသူ ၁၃၄ ဦး စုစုပေါင်း ၆၅၁ ဦး၊ ကုန်ထုတ်စခန်းများမှအကျဉ်းသား ၁၆၈ ဦး၊ အကျဉ်းသူ ၃၄ ဦး စုစုပေါင်း ၂၀၂ ဦး၊ စုစုပေါင်း ၈၅၃ ဦးတို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့‌ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.