မန္တလေးတိုင်းဒေသကြီးတွင် သရက်ခြံများတွင် သရက်သီးများ ခြံပြတ်ဝယ်ဈေးဖြင့် ဝယ်ယူရန် သရက်ပွဲစားများ ကွင်းဆင်းကြပြီဟုဆို

ရွှေမန်း

တရုတ်ပြည်သို့ မြန်မာ့သရက်သီးတင်ပို့ရန် နီးကပ်လာပြီဖြစ်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သရက်ခြံများ တွင် သရက်ပွဲစားများက ခြံပြတ်ဈေးဖြင့်ဝယ်ယူရန် ၎င်းတို့၏ ကိုယ်စားလှယ်များစေလွှတ်၍ ကွင်းဆင်းကြည့် ရှုနေကြပြီဖြစ်ကြောင်း မတ္တရာမြို့နယ်မှ သရက်ခြံပိုင်ရှင် ဦးသန်းလွင်ကပြောသည်။

လက်ရှိတွင် မန္တလေးတိုင်းအတွင်းမှ သရက်သီးများသည် ကြက်ဥခန့်အရွယ်များနှင့် အိတ်စွတ်ရမည့်အရွယ်သို့ ရောက်ရှိနေပြီဖြစ်၍ ခြံပြတ်ဈေးဖြင့် ဝယ်ယူမည့် သရက်ပွဲစားများအတွက် အသီးရေတွက်ချက်ခန့်မှန်းရန် သေချာသလောက်ရှိသည်ဟုဆိုသည်။

“ပြီးခဲ့တဲ့ လက မြန်မာနိုင်ငံဘက် မုန်တိုင်းဝင်ခဲ့ပေမယ့် အထက်ပိုင်းမှာ သက်ရောက်မှုနည်းတယ်။ရွာခဲ့တဲ့ မိုးကလည်း အသီးတွေအတွက် ထိခိုက်တာမရှိတော့ အထွက်နုန်းမကျနိုင်ဘူး။တရုတ်လမ်းပိုင်းက သင်္ကြန် ပြီးရင် ဖွင့်မယ်ကြားတော့ ပွဲစားတွေရဲ့ ကိုယ်စားလှယ်တွေက သရက်ခြံတွေ လိုက်ကြည့်နေကြပြီ”ဟု ၎င်းကပြောသည်။

တရုတ်နိုင်ငံသို့ မြန်မာ့သရက်သီးတင်ပို့မှုသည် ထွက်နုန်း၏ သုံးပုံနှစ်ပုံခန့်ရှိသောကြောင့် ဈေးကွက်မှာ တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ် အဓိကတည်မှီနေကြောင်း၊သရက်သီးများ နယ်စပ်လမ်း ကြောင်းမှ တင်ပို့မှုတွင် လမ်းပိုင်းကြံ့ကြာမှုမရှိမှ အပျက်အစီးနည်းပါးပြီး အရည်အသွေးကောင်း သရက်သီး များတင်ပို့ နိုင်ခြင်းဖြင့် ဈေးကောင်းရရှိမည်ဖြစ်ကြောင်းသိရသည်။

“လက်ရှိတော့ တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်က ပိတ်ထားပေမယ့် သင်္ကြန်ပြီးချိန် ဧပြီ ၂၀ ရက်လောက်မှာ ဖွင့်မယ်ကြားတယ်။မြန်မာ့သရက်သီးက နယ်စပ်လမ်းပိုင်းကနေ တရုတ်ဈေးကွက်အဓိကဖြစ်တော့ ခရီးကဝေးပြီး ကုန်သွယ်ရေးဂိတ်အခြေအနေ၊လမ်းပိုင်းအခြေအနေတွေအရ စွန့်စားပြီး သွားကြရမှာပါ”ဟု မြန်မာ့သရက်ဈေး ကွက်နှင့် နည်းပညာအဖွဲ့အတွင်းရေးမှူးဦးကျော်စိုးနိုင်ကပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း သရက်ခြံများသို့ ခြံပြတ်ဝယ်ယူရာ၌ ပွဲစားများအနေဖြင့် သရက်သီးတစ်လုံးလျင် ပျမ်းမျှ ၁၅၀ ကျပ်ဝန်းကျင်နုန်းထားဖြင့် ခြံတစ်ခြံမှ ထွက်ရှိမည့် အသီးအရေးအတွက်အပေါ် ဈေးဖြတ်ဝယ်ယူ ကြကြောင်း၊ဝယ်ယူသူများမှာလည်း လမ်းပိုးအခြေအနေ၊နယ်စပ်ဂိတ်အခြေအနေတို့ကို ခန့်မှန်းကာ အရှုံးနှင့် အမြတ်ရာနုန်းတွက်ချက်ကာ ဈေးပေးကြောင်းသိရသည်။

မြန်မာပြည်အလယ်ပိုင်းမှ သရက်ခြံအများစုတွင် သရက်သီးများမှာ အိတ်စွပ်သည့် အရွယ်သို့ ရောက်ရှိနေပြီး အိတ်စွပ်ပြီး ရက် ၃၀ နှင့် ၄၅ ရက်တွင် ခူးစွတ်၍ ဈေးကွက်တင်နိုင်တော့မည်ဖြစ်ကာ ယခုနှစ်ဈေးကွက်သည် သင်္ကြန်ပြီးကာလ ဧပြီနောက်ဆုံးပတ်တွင် တရုတ်ဈေးကွက်၏ သရက်သီးအဖွင့်ဈေးကို သိရှိရမည်ဟုဆိုသည်။

Leave a Reply

Your email address will not be published.