“မတ်ပဲဈေးကွက်အခြေအနေ သုံးသပ်ချက်”


ရွှေမန်း

ဇူလိုင်လအစပိုင်းတွင် အတက်ကြမ်းခဲ့သော မတ်ပဲဈေးနှုန်းသည် ပထမသီတင်းပတ်ကုန်တွင် ပြန်လည်ကျဆင်းလာခဲ့ပြီး အဝယ်သာရှိ၍ အရောင်းမရှိသည့်အခြေအနေအထိဖြစ်ခဲ့သည်။ တစ်တင်းလျှင်ကျပ် ၆၀,၀၀၀ နီးပါးအထိဖြစ်လာခဲ့ပြီးနောက် တစ်ပတ်အတွင်း ကျပ် ၅၀,၀၀၀ ခန့်အထိပြန်လည်ကျဆင်းသွားကြောင်းတွေ့ရသည်။

လွန်ခဲ့သော သီတင်းပတ်အတွင်းဖြစ်ပေါ်ခဲ့သော ဧရာဝတီတိုင်းဒေသကြီး၏ မတ်ပဲဈေးနှုန်းများမှာ ဇူလိုင်လ (၁၅) ရက်နေ့တွင် တစ်တင်းလျှင်ကျပ် ၅၀,၀၀၀၊ (၁၆) ရက်နေ့တွင် ကျပ် ၅၁,၇၀၀၊ (၁၇) ရက်နေ့တွင်ကျပ် ၅၁,၇၀၀၊ (၁၈) ရက်နေ့တွင်ကျပ် ၅၁,၇၀၀၊ (၁၉) ရက်နေ့တွင် ကျပ် ၅၃,၅၀၀၊ (၂၀) ရက်နေ့တွင် ကျပ် ၅၄,၃၀၀၊ (၂၁) ရက်နေ့တွင်ကျပ် ၅၃,၆၀၀ – ၅၃,၀၀၀ အသီးသီးဖြစ်ပါသည်။

မတ်ပဲတစ်တင်းလျှင်ကျပ် ၅၀,၀၀၀ – ၅၁,၇၀၀ ဖြစ်နေသည့်အချိန်၊ ဇူလိူင်လ (၁၈) ရက်နေ့တွင် အိန္ဒိယအစိုးရက မြန်မာနိုင်ငံနှင့် MoU ချုပ်ဆိုထားသည့်အတိုင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ နှစ်စဥ်မတ်ပဲတန်ချိန် ၂သိန်းခွဲနှင့် ပဲစဥ်းငုံတန်ချိန် ၁ သိန်းကိုဝယ်ယူတင်သွင်းမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်လိုက်သဖြင့် (၁၉) ရက်နေ့တွင် မတ်ပဲဈေးအနည်းငယ်ပြန်တက်လာသည်။ သို့သော် နောက်ပိုင်းရက်များတွင် ယခင်ကျဆင်းနေမြဲအတိုင်း ဈေးပြန်ကျလာကြောင်းတွေ့ရသည်။ လက်ရှိ အခြေအနေအရ အဝယ်ရှိသော်လည်း အရောင်းမရှိသည့် အခြေအနေမျိုးဖြစ်သည်။ မတ်ပဲလက်ကျန် လည်း နည်းပါးလာနေပြီး မတ်ပဲလက်ဝယ်ရှိသူများကလည်း ဈေးကောင်းရရန်စောင့်ဆိုင်းနေသည့် သဘောဖြစ်သည်။

ခန့်မှန်းချက်များအရ ၂၀၂၂ခုနှစ် ဩဂုတ်လမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံမှ မတ်ပဲ တန်ချိန် ၂သိန်းနှင့် ၂ သိန်းခွဲကြားတင်ပို့ရန်ရှိနေသည်။ အိမ်နီးချင်းနိုင်ငံ၏ပဲလိုအပ်ချက်နှင့် ဝယ်လိုအား အရ မြန်မာမတ်ပဲကိုဆက်လက်ဝယ်ယူနေမည်ဖြစ်သော်လည်းမြန်မာနိုင်ငံတွင်လက်ရှိကြုံတွေ့နေရသော ငွေကြေးလဲလှယ်မှုကန့်သတ်ချက်များအရ Export/Import ကိစ္စရပ်များတွင် အခက်အခဲများရှိနေသည်။

Export earning ကို မြန်မာကျပ်ငွေ ၁,၈၅၀ နှုန်းဖြင့် သတ်မှတ်လဲလှယ်ရန်၊ ပြည်ပတင်ပို့မည့် ကုန်ပစ္စည်းအတွက် ငွေပေးချေမှုကိုအရင်ဆောင်ရွက်ရန် ၊ ကန့်သတ်ချက်များထုတ်ပြန်လာရာ မူဝါဒအသစ်တစ်ခုချမှတ်ပြီးနောက် ၎င်းမူဝါဒအရ လုပ်ဆောင်ရသည့် လုပ်ငန်းအဆင့်များတွင် အချိန်ပေး၍စောင့်ကြည့် ဆောင်ရွက်ရခြင်းကြောင့် လည်းကောင်း၊ သတ်မှတ်ဒေါ်လာဈေးနှုန်းနှင့် ပြင်ပပေါက်ဈေးကွာခြားချက်ကြောင့် လည်းကောင်း ပို့ကုန်သမားများသည် ပြည်ပတင်ပို့ရောင်းချမည့် ထုတ်ကုန်ပစ္စည်းများကို ထိန်းသိမ်းဝယ်ယူနေရသည့် အခြေအနေဖြစ်သည်။
ပဲကုန်သည်များဘက် မှ ဈေးထိန်း၍ဝယ်နေသကဲ့သို့ မတ်ပဲလက်ဝယ်ရှိသူများကလည်း ဈေးကောင်း ရရှိချိန်ကိုစောင့်ဆိုင်းရောင်းချလိုသဖြင့် အရောင်းအဝယ်ကျဆင်းလျှက်ရှိသည်။

အိမ်နီးချင်းနိုင်ငံ၏ ပဲလိုအပ်ချက်နှင့် မူဝါဒများအရ မြန်မာမတ်ပဲလက်ကျန်ရှိသ၍တင်ပို့ရောင်းချရမည်ဖြစ်သည်။ သို့သော် အိမ်နီးချင်းနိုင်ငံ၏ ပြည်တွင်းဈေးကွက်ရှိပဲဈေးနှုန်းမှာ များစွာကျဆင်းခြင်းမရှိသော်လည်း မြန်မာမတ်ပဲ အပါအဝင်ပဲစျေးကွက်မှာ ပြည်တွင်းဈေးနှုန်းသည် အစိုးရ၏ငွေကြေးမူဝါဒများ၊ ငွေလဲလှယ်နှုန်းများ၊ Export/Import မူဝါဒများ အပေါ်များစွာမူတည်နေမည်ဖြစ်ပြီး ဈေးအတက်အကျခန့်မှန်းရန်မလွယ်ကူကြောင်းတွေ့ရပါသည်။

Leave a Reply

Your email address will not be published.