မတည်ငြိမ်သည့် စက်သုံးဆီဈေး အတက်ဘက်သို့ ဦးမော့လာပြန်

ရွှေမန်း

ယခုရက်ပိုင်းမှာ လှုပ်လှုပ်ခပ်ခပ် ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေ ယနေ့ (ဇူလိုင် ၂၀) မှာတော့ အတက်ဘက်ကို ပြန်လည်ဦးမော့လာခဲ့ပြီး အောက်တိန်း ၉၂ တစ်လီတာပေါက်ဈေး ၁၈၀၀ ကျပ် ပြန်ဖြစ်လာသည်။

စက်သုံးဆီဖြန့်ဖြူးမှု ကွင်းဆက်တစ်ခုလုံးကို ဟန်ချက်ညီစွာ ထိန်းညှိနေတယ်လို့ နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင်လဆန်းပိုင်းမှာ ပြောကြားထားသော်လည်း ၁၇၀၀ ကျပ်အထိ ထိုးဆင်းခဲ့တဲ့ ဆီဈေးနှုန်းက ၄ ရက်အတွင်း ၁၈၀၀ ကျပ်ကို ပြန်လည်မြင့်တက်လာသည်။

ဒါ့ကြောင့် စက်သုံးဆီသုံးစွဲသူတွေအနေနှင့် ဧပြီလနောက်ပိုင်း အနိမ့်ဆုံးဈေးဖြစ်တဲ့ တစ်လီတာ ၁၇၀၀ ကျပ်နဲ့ ရက်အနည်းငယ်သာ ဝယ်ယူခွင့်ရရှိခဲ့ပြီး ၄ ရက်အတွင်း တစ်လီတာ ကျပ် ၁၀၀ ခန့် ရုပ်ချည်းဆိုသလို မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

စက်သုံးဆီအရောင်းဆိုင်တွေ မှီငြမ်းကာ ဈေးဖွင့်ရတဲ့ စက်သုံးဆီလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ရည်ညွှန်းဈေးလည်း တစ်လီတာ ၁၆၀၉ ကျပ်ကနေ ၁၇၁၀ ကျပ်အထိ ထိုးတက်လာခဲ့ပြီး စင်ကာပူ MOPS ဈေး ပြန်တက်လာခြင်း​ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့တဲ့လမှာ စက်သုံးဆီအမယ်မျိုးစုံ တင်ဆောင်ထားတဲ့ သင်္ဘော ၁၇ စီးခန့် ရောက်ရှိထားတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုထားပြီး နိုင်ငံတော်က အရန်စက်သုံးဆီလည်း သိုလှောင်ထားကြောင်းပြောထားသည်။

သို့ပေမယ့် နိုင်ငံခြားငွေလဲနှုန်း မတည်ငြိမ်သမျှ ကာလပတ်လုံး ပြည်ပက သွင်းရတဲ့ စက်သုံးဆီလို ကုန်ပစ္စည်းအမယ်တွေကတော့ ဈေးနှုန်း အတက်/အကျ ကြမ်းနေဦးမယ်လို့ စီးပွားရေးအကဲခတ်အချို့က ​သုံးသပ်ထားသည်။

Leave a Reply

Your email address will not be published.